U-19 ကို ဂုဏ်ပြုမယ့်ဖျော်ဖြေပွဲ သုဝဏ္ဏမိုးလုံလေလုံမှာ ကျင်းပမည်

Friday, October 31, 2014



မြန်မာ U-19 ဘောလုံးသမားများ (ဓာတ်ပုံ-သော်ဟိန်းထက်/ ဧရာဝတီ)


လာမယ့် ၂၀၁၅ U-20 ကမ္ဘာ့ဖလား ၀င်ခွင့်ရခဲ့တဲ့ မြန်မာ U-19 လက်ရွေးစင် ဘောလုံးသမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့  နိုဝင်ဘာ ၂ ရက်နေ့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ဖျော်ဖြေပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြုလုပ် ပေးမှာပါ။

“နိုင်ငံကျော် အနုပညာရှင်တွေ အားလုံးပါမယ်။ နာမည်ကြီး မင်းသား၊ မင်းသမီးတွေအားလုံးပါပြီး ပြဇာတ်တွေ လုပ်မယ်။ လူရွှင်တော်တွေလည်း ပြက်လုံးလေးတွေနဲ့ ဖျော်ဖြေမယ်။ ပြီးရင် နိုင်ငံကျော် အဆိုတော်တွေက သီချင်းဆိုမယ်။ လာတဲ့သူတွေပျော်အောင် ဂိမ်းအစီအစဉ်တွေလုပ်ပေးမယ်။” လို့ ဖျော်ဖြေပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုးမိုးက ပြောပါတယ်။

ဒီဖျော်ဖြေပွဲ လက်မှတ်တွေကို ၀င်ကြေး ၇၀၀၀ (ခုနှစ်ထောင်) ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး ကျပ် ၁၀၀၀၀(တစ်သောင်း)တန်းနဲ့ ၂၀၀၀၀(နှစ်သောင်း)တန်းတွေကိုတော့ အလှူရှင်တွေကို ပေးမယ်လို့ဆိုပါတယ်။ နောက် ကျပ် ၇ ထောင်တန်းကို ၀ယ်ကြည့်တဲ့ ပရိတ်သတ်တွေ တန်အောင်၊ပျော်ရွှင်အောင်ဆိုပြီး ကျပ် ၄ ထောင်တန် ဘောလုံးအကျီတထည်နဲ့ ကျပ် ၁၅၀၀ တန် မာဖလာ တထည်စီ လက်ဆောင်ပြန်ပေးမှာဆိုတော့ လက်မှတ်ဖိုးက ကျပ် တထောင်လောက်ပဲ ကျတော့မှာပါတဲ့။

“ဒီဖျော်ဖြေပွဲကို စကိုင်းနက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ အဲ့ဒီအချိန်မှာပဲ နိုင်ငံတကာက အလှူရှင်တွေ လှူဒါန်းနိုင်ဖို့အတွက် ဖုန်းနံပါတ်လေးလုံးပေးထားမယ်။ အဲ့ဒီဖုန်းနံပါတ်တွေဆီကို ဆက်သွယ်ပြီး လှူဒါန်း နိုင်မယ်။ အလှူရှင်တွေအမည်ကိုလည်း ချက်ချင်း ကြေငြာပေးမယ်။ ဘဏ်အကောင့် ၃ ခုဖွင့်ထားတယ်။” လို့ ဦးစိုးမိုးက ဆက်ပြောပါတယ်။

ဒီ ဖျော်ဖြေပွဲက ရလာတဲ့ ၀င်ငွေ၊ အလှူငွေ အားလုံးဟာ U-19 လက်ရွေးစင် ဘောလုံးသမားတွေအတွက် ဂုဏ်ပြုဆုချခြင်းပါတဲ့။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved