မြန်မာပြည်နဲ့ Halloween ယဉ်ကျေးမှု

Friday, October 31, 2014



ထိုင်းနိုင်ငံရဲ့ Shopping Center တခုမှ Halloween အပြင်အဆင် (ဓာတ်ပုံ-ဧရာဝတီ)


ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ညကို Halloween Night လို့ လူသိများကြပါတယ်။ ဒါဟာလည်း ကမ္ဘာ့ အနောက်နိုင်ငံတော်တော်များများမှာ လက်ခံကျင်းပနေတဲ့ ပျော်ပွဲရွှင်ပွဲ တခုဆိုရင်လည်း မမှားပါဘူး။

Halloween ကာလနီးလာပြီဆိုရင် သူနဲ့ ပတ်သက်တဲ့ အ၀တ်အစား ဖက်ရှင် ဒီဇိုင်းတွေ၊ နောက် Halloween ဆိုရင် မပါမဖြစ်တဲ့ လူမျက်နှာပုံနဲ့ ရွှေဖရုံသီးပုံတွေ စတာတွေကို အနောက်နိုင်ငံတွေရဲ့ လမ်းတွေပေါ် အိမ်တွေ ပေါ် လူသွားလူလာများတဲ့ နေရာအတော်များများမှာ တွေ့မြင်ကြရပါတယ်။

မြန်မာပြည်မှာရော Halloween ယဉ်ကျေးမှုထွန်းကားနေပြီလား။

ရန်ကုန်မြို့က Happy World ဆိုတဲ့ ကလေးကစားကွင်းတခုမှာတော့ Halloween နဲ့သက်ဆိုင်တဲ့ ဖက်ရှင်တခုခုပဲဖြစ်ဖြစ် တခြား ထူးထူးခြားခြား ၀တ်ဆင်လာမယ်ဆိုရင် အမှတ်တရ လက်ဆောင် ပစ္စည်းလေးတွေ ပေးနေပါတယ်တဲ့။

ဒါ့ထက် လူကုံထံ အသိုင်းအ၀ိုင်းတွေ ကျင်လည်ကျက်စားရာ Club တွေမှာတော့ Halloween Night အတွက် ပြင်ဆင်မှုတွေ လုပ်လေ့လုပ်ထရှိပါတယ်။  ဒီလိုညမှာ Halloween နဲ့ပတ်သက်လို့ ထူးထူးခြားခြား ပြင်ဆင်လာတဲ့သူတွေကို လက်ဆောင်ပြန်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

“ဒီနေ့ဆိုရင် GPR Club မှာ Club ကို တက်လာတဲ့သူတွေက Halloween နဲ့ သက်ဆိုင်တဲ့ ၀တ်စုံတွေနဲ့ တက်ကြမယ်။ အဲ့ဒီထဲကမှ အထူးခြားဆုံး ဖက်ရှင်ဆုတွေပေးမယ်။ အဲ့ဒီမှာ Decoration တွေကအစ သေသေချာချာလုပ်တယ်။ ရွှေဖရုံသီးပုံတွေနဲ့ လုပ်တယ်။ Club တွေတော်တော်များများမှာလုပ်ကြတယ်။” လို့ DJ-Oakkar က ပြောပါတယ်။

အရင်က Halloween ညက ဘာမှန်းတောင် မသိတဲ့အနေအထားကနေ အခုနောက်ပိုင်းမှာ အနည်းငယ် သိလာတယ်လို့ ဆိုရပါမယ်။

“Halloween ကို လုပ်လာတာ အရင်ကထက်စာရင် အခုနည်းနည်းလေး သိလာတယ်လို့ပြောလို့ရတာပေါ့။ အရင်ကတော့ လူမသိ သူမသိလုပ်ကြတယ်။ ပတ်သက်ရာ အသိုင်းအ၀ိုင်းလေးတွေပေါ့။ အခုတော့ နည်းနည်းလေး လူထုထဲကို ရောက်လာပြီ။ အောက်တိုဘာ ၃၁ ရက်နေ့ ညကို Halloween ညဆိုပြီး  နည်းနည်း သိလာပြီလို့ ပြောလို့ရတာပေါ့။ အရင်ကဆိုရင် Halloween ညကိုတောင် ဘယ်ညလည်းဆိုတာ မသိကြဘူး။” လို့ DJ-Oakkar က ဆက်ပြောပါတယ်။

Halloween ပွဲတော်ရဲ့ ထူးခြားမှုတခုဟာ လူတွေက သရဲ၊တစ္ဆေပုံစံ ပြင်ဆင် ၀တ်စားကြခြင်းပါ။ Halloween ကာလ အတောအတွင်း အနောက်နိုင်ငံတွေရဲ့ ရှော့ပင်စင်တာကြီးတွေထဲ Halloween ရဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ အလှဆင်တတ်ကြပြီး ဈေးဆိုင်ခန်းတွေမှာလည်း Halloween Fashion ဆိုပြီး သီးသန့်ရောင်းတတ်ကြပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့လို မြို့ကြီးပြကြီးရဲ့ ရှော့ပင်းစင်တာတွေမှာတော့ Halloween နဲ့ပတ်သက်တဲ့ ပြင်ဆင်မှု တွေ မရှိသလောက် နည်းနေပါသေးတယ်။

ရန်ကုန်မှာရှိတဲ့ တချို့International ကျောင်းတွေမှာတော့ ကလေးသူငယ်တွေ ပျော်ရွှင်ဖို့ရာ  Halloween ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်လို့တော့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့Halloween Night အတွက် ဖျော်ဖြေရေး စတိတ်ရှိုးတွေအနေနဲ့ အရင်နှစ်တွေကတော့ လုပ်တယ်လို့ ကြားရပေမယ့် ဒီနှစ်ကရော “အရင်နှစ်တွေကတော့ လုပ်ဖြစ်တယ်။ ဒီနှစ်တော့ မလုပ်ဖြစ်ကြဘူး။ တခြားဘယ်သူမှ လည်း မလုပ်ကြဘူး။ ဒီနှစ်ကတော့ မနက်ဖြန်က ရွှေအက်ဖ်ဖမ် ဖျော်ဖြေပွဲနဲ့ သဘက်ခါကို U-19 ကစား သမားတွေအတွက် ဂုဏ်ပြု ဖျော်ဖြေပွဲရှိတော့ ပွဲတွေတိုက်နေလို့ မလုပ်ကြဘူး” လို့ Bo Bo Entertainment က ကိုဘိုစန်းက ပြောပါတယ်။

မန္တလေးမြို့ရဲ့ Swan Hotel မှာတော့ နာမည်ကြီး အဆိုတော်တွေနဲ့  Helloween Night ဆိုတဲ့ ဖျော်ဖြေပွဲ ကျင်းပဖို့ရှိပါတယ်။

ဆိုတော့ မြန်မာပြည်ရဲ့ Halloween ယဉ်ကျေးမှုကတော့ ဒီလောက် အနေအထားနဲ့ပဲ စီးဆင်းနေတုန်းလို့ ဆိုရမှာပါ။

မြောက်အမေရိကကို ရွှေ့ပြောင်းလာတဲ့ အိုင်ရစ်နဲ့ စကော့တလန်လူမျိုးတွေဟာ လွန်ခဲ့တဲ့ ၁၉ ရာစုလောက်က ဒီ ယဉ်ကျေးမှုကို သယ်ဆောင်လာခဲ့တာပါ။

ဒီယဉ်ကျေးမှုဓလေ့ထုံးစံကို ၂၀ ရာစုမှာတော့ အိုင်ယာလန်အပါအ၀င် အခြားအနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပွာတိုရီကို၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ဗြိတိန်တို့ကလည်း လက်ခံ ကျင့်သုံးလာခဲ့ကြပါတယ်။


သဲသဲ၊ အိမ့်သံစဉ်



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved