ဆန်းသစ်တဲ့အရောင်ဖန်တီးမှုတွေနဲ့ ယနေ့ခေတ် မင်္ဂလာဝတ်စုံ
Monday, November 3, 2014
ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ မင်္ဂလာဝတ်စုံ ဖန်တီးမှု (ဓာတ်ပုံ- မျိုးမင်းစိုး ဖေ့ဘုတ်မှ)
အရင်က မင်္ဂလာပွဲတွေကိုကြည့်လိုက်ရင် အနုပညာရှင် အသိုင်းအ၀ိုင်းတချို့သာ ဆန်းပြားတဲ့ မင်္ဂလာဝတ်စုံ အရောင်တွေနဲ့ သတို့သား၊ သတို့သမီး ပွဲထွက်ခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ သာမာန်သူတွေရဲ့ မင်္ဂလာပွဲတချို့မှာပါ သမားရိုးကျ မင်္ဂလာအရောင်တွေနဲ့ မဟုတ်ဘဲ အရောင်ဆန်းများနဲ့ပါတွေ့မြင်လာရပါတယ်။
ဆိုလိုတာက သမားရိုးကျမင်္ဂလာအရောင်ဆိုရင် အဖြူ၊ ငုဝါ၊ ပန်းရောင်ဖျော့ စတဲ့စတဲ့ အရောင်တွေဟာ မြန်မာ မင်္ဂလာဆောင်ပွဲရဲ့အရောင်တွေမဟုတ်ပါလား။ ဒီအရောင်တွေထဲက ကွဲထွက်လို့ ခရမ်းရောင်၊ အပြာရောင်တို့ အ၀ါဆိုရင်တောင် အရမ်းတောက်တဲ့ အ၀ါ၊ ပန်းရောင်ဆိုရင်တောင် ပန်းဆီရောင် စတဲ့ အရောင်လွင်လွင်တွေနဲ့  အရောင်စပ်ထားတဲ့ သမားရိုးကျမဟုတ်တဲ့ အရောင်တွေ၊ တွဲဖက်ပစ္စည်းတွေကို တွေ့လာရခြင်းပါ။
 ဒီလို သတို့သား၊ သတို့သမီး ၀တ်စုံအရောင်ဆန်းတွေကို ဖန်တီးနေတဲ့ မန္တလေးက ဒီဇိုင်နာ မျိုးမင်းစိုး က “အမှန်ကတော့ ဖက်ရှင်ကြောင့်နဲ့လည်းဆိုင်ပါတယ်။ ဖက်ရှင် အမြင်ကျယ်လာတဲ့သဘောပေါ့။ ဒီနှစ်ဆိုလည်း ခရမ်းရောင် (lavendar color) ဆို အရမ်းဝတ်ကြတယ်။ ရန်ကုန်ရော၊ မန္တလေးရော။ အရင်တုန်းက ဆိုရင် ခရမ်းရောင်ဆိုရင် သိပ်မ၀တ်ကြဘူး။ အခုဆိုရင် အရမ်းဝတ်လာကြတယ်။ အရင်က တော်တော်များ များက အဖြူတို့၊ ရွှေရောင်၊ အ၀ါ၊ ပန်းရောင် တို့ပဲ ၀တ်ကြတာများတယ်။ အခုဆိုရင် အ၀ါဆိုလည်း မတူတဲ့ အ၀ါ ပေါ့။ အ၀ါပေါ်မှာမှ ပန်းရောင်လေး စပ်လိုက်တာတို့  ဆန်းဆန်းပြားပြားလေးတွေ ၀တ်လာကြတယ်။ အထက်ပိုင်းနဲ့ အောက်ပိုင်းနဲ့တောင် မတူဘူး ဖြစ်နေတယ်။ ရန်ကုန်ကတော့ အခုထက်ထိ နုနုလေးတွေပဲ လုပ်သေးတယ်။ ဖျော့ဖျော့လေးတွေပေါ့။ မန္တလေးကတော့ အရောင်တောက်တာတွေကို အရမ်းကြိုက်ကြတယ်” လို့ ဆိုပါတယ်။
အရင်ကလိုဆိုရင်တော့ ဥပမာ-သတို့သားက ခရမ်းရောင် ပုဆိုး၊ တိုက်ပုံတို့နဲ့ ပွဲထွက်လာရင် ဘာအရောင်ကြီးတွေ ၀တ်ကြတာလဲ မသိဘူးဆိုတဲ့ လူအများရဲ့ အံ့သြဝေဖန်မှုကို ခံကြရမယ်လို့ ထင်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဒါတွေ နည်းလာပြီး လက်ခံလာနိုင်တဲ့ အနေအထားလို့ ဆိုရမှာပါပဲ။
အရင်ကတော့ ဗေဒင်ယတြာတွေရဲ့ အလိုအရ သူတို့ဝတ်ခိုင်းတဲ့ အရောင်သာ ရွေးချယ် ၀တ်ကြကာ သူတို့ပေးတဲ့ မင်္ဂလာအရောင်ကလည်း သမားရိုးကျ အရောင်တွေပဲဆိုတော့ လူတိုင်းနီးပါး ဒီအရောင်ထဲက မထွက်ကြပေ။
အခုကော ဗေဒင်ယတြာတွေက ပေးတဲ့ အရောင်တွေကို မ၀တ်ကြတော့တာလား။
“ဗေဒင်ကတော့ အခုချိန်ထိ ယုံကြည်မှုရှိကြသေးတယ်။ ဘာကြောင့်လည်းဆိုတော့ တသက်မှာ တခါ မင်္ဂလာယူရတာဆိုတော့ အတိမ်းအစောင်းပေါ့နော်။ ဘာပဲပြောပြော ဗေဒင်ကိုမေးပြီးမှ လုပ်ကြတယ်။ ဗေဒင်က အရင်ကဆိုရင် ဘာအရောင် ၀တ်ဆိုတာလုပ်ပေမယ့် အခုဆိုရင် မ၀တ်ရတဲ့အရောင်လောက်ပဲပြောတော့တာ။ ဘယ်အရောင်ဘယ်အရောင်ဆိုတာလေ။ အဲ့အပေါ်ကိုမှ အ၀ါနဲ့နွယ်တဲ့ အရောင်၊ ပန်းရောင်နဲ့ နွယ်တဲ့အရောင် ကျနော်ဆိုရင် အ၀ါနဲ့ နွယ်တဲ့အရောင်ဆိုရင် နုနုလေးတွေ မလုပ်တော့ဘူး။ အ၀ါ အရင့်ဆုံးအရောင် လုပ်လိုက် တယ်။ ပန်းရောင်ဆိုလည်း အရင်တုန်းကလို နုနုလေးတွေ မဟုတ်ဘဲနဲ့ ချယ်ရီးပန်းဆန်တဲ့အရောင်လေးတွေ ပြန်ခေတ်စားတာပေါ့။ အမှန်က ရှေးဆန်တာတွေ တပတ်ပြန်လည်လာတာပေါ့။ Accessories တွေနဲ့ ပြန် ဆန်းသစ်လိုက်တဲ့သဘောပဲ။” ကိုမျိုးမင်းစိုးက ရှင်းပြပါတယ်။
နောက်ထပ် စဉ်းစားမိတာတခုက ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ရှိုးတွေကြောင့်ပင်။ များသောအားဖြင့် သီတင်းကျွတ် ကာလကို ရောက်ခါနီးပြီဆိုရင် ဖက်ရှင်ဒီဇိုင်နာတွေက သူတို့ရဲ့ ဆန်းသစ်တဲ့ မင်္ဂလာဝတ်စုံတွေနဲ့ ရှိုးပွဲလုပ် မိတ်ဆက်ကြတော့တာပါပဲ။ ဒီမှာ ဆန်းပြားတဲ့ မင်္ဂလာအရောင်တွေ လူထုကြားထဲရောက်လာခဲ့တာ နဲ့လည်း သက်ဆိုင်နိုင်ပါသည်။
“ဆိုင်ပါတယ်။ ကျနော်တို့ရဲ့ ဖက်ရှင်ရှိုးတွေကျတော့ သူများမလုပ်တဲ့ အရောင်လေးတွေ သမားရိုးကျ အရောင် တွေကျတော့ ပြတာတွေ များပြီးပြီဆိုတော့ ဖက်ရှင်ရှိုးတခုလုပ်တော့မယ်ဆို ကိုယ်က သူများနဲ့ မတူတဲ့အရောင် စ စဉ်းစားရပါတယ်။ အရောင်တောက်တောက်ကြီးတွေ နောက်စပ်ထားတဲ့ ကာလာတွေပေါ့။ အရင်ကဆိုရင် တော်တော်များများက ရိုးရိုးအရောင်ပေါ်မှာ ငွေရောင်ပဲ ထိုးကြတာများတယ်။ အခုဆိုရင် ခရမ်းနဲ့ ရွှေနဲ့ စပ်လိုက် တာတို့၊ ပန်းရောင်နဲ့ ရွှေနဲ့ စပ်လိုက်တာတို့ အရင်က မတွေ့ဘူးတဲ့အရောင်တွေ လုပ်လိုက်တော့ အမြင်မှာ နည်း နည်းလေး ဆန်းသွားတော့ အဲ့ဒါကိုကြည့်ပြီး သူတို့လည်း ဒီလိုဝတ်လို့ရပါလားဆိုပြီး လိုက်ဝတ်ကြတယ်။ အမှန် ကတော့ ရှိုးပွဲတွေမှာပြတဲ့ feedback ကိုကြည့်ပြီးတော့ပဲ လိုက်လုပ်ကြတာများပါတယ်။” လို့ ကိုမျိုးမင်းစိုးက ပြောပါတယ်။
“ဒီလိုအရောင်ဆန်းတွေပြောင်းလာတာ ၂ နှစ်လောက်ပဲရှိဦးမယ်။ အရင်က ကျနော်တို့ စလုပ်တုန်းကဆိုလည်း အရောင်ဆိုရင် သမရိုးကျပဲ။ အဖြူပေါ်မှာ ရွှေရောင်ထိုးမယ်။ ပန်းရောင်ထိုးမယ်၊ ငွေရောင်ထိုးမယ်။ နောက် ခဲရောင်ဝတ်မယ်၊ ငွေရောင်ဝတ်မယ် ဆိုပြီး ဒီအရောင်တွေပဲ များတာလေ။ အခု ဒီ ၂ နှစ်လောက်မှာလည်း ကျနော်တို့က အရင် ရှေးနန်းတွင်းက အရောင်၊ ချိတ် တွေကိုပဲ ပြန်ပြီး ဆန်းသစ်ထားတာဆိုတော့ တပတ်ပြန်လည်တဲ့သဘောပါပဲ။” ဒီဇိုင်နာ သက်တမ်း ၈ နှစ်ရှိပြီဖြစ်တဲ့ ကိုမျိုးမင်းစိုးက သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ထပ်ပြောပါတယ်။
ကဲ ဒီလို သတို့သား၊ သတို့သမီး ၀တ်စုံတွေကို ဌားရမ်းမယ်ဆိုရင် ကျပ် ၁ သိန်းကနေ ၈ သိန်းအထိ အစားအစားရှိပြီး အပြီးအပိုင် ၀ယ်မယ်ဆိုရင်တော့ ကျပ် ၇ သိန်းကနေစပြီး သိန်း၂၀ နဲ့ သိန်း ၃၀ ကြားမှာ ရှိပါတယ်လို့ ဒီဇိုင်နာ မျိုးမင်းစိုးက သူ့ရဲ့ မင်္ဂလာဝတ်စုံတွေနဲ့ ပတ်သက်လို့ ပြောပြသွားပါတယ်။
ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ မင်္ဂလာဝတ်စုံ ဖန်တီးပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved