ပါဆယ်ထုတ်ထဲက ကလေး ကိုယ်ခန္ဓာအစိတ်အပိုင်းများ တွေ့

Monday, November 17, 2014

အမေရိကန် ပြည်ထောင်စုကို ပို့မယ့် DHL ပါဆယ် ၃ ထုပ်ထဲက လသားအရွယ် ကလေးတယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စနေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရဲတွေ တွေ့ရှိခဲ့ပါတယ်။ 

 ကလေးကိုယ်ခန္ဓာ အစိပ်အပိုင်းများ ထည့်ထားတဲ့ ပါဆယ်ထုတ်တချို့၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ပါဆယ်ပေးပို့သူဟာ နိုင်ငံခြားသား တဦးဖြစ်ပြီး ထိုင်းရဲတွေက စုံစမ်းမှုတွေ လုပ်နေတယ်လို့ ဘန်ကောက် ပို့စ် သတင်း တပုဒ်က ဆိုပါတယ်။ 

ဘန်ကောက်မြို့ ရာမ ၃ လမ်းမှာ ရှိတဲ့ DHL ဝန်ဆောင်မှု ရုံးကနေ ပြီးခဲ့တဲ့ စနေ ညနေပိုင်းက လူ့ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ပါတဲ့ ပါဆယ် ၃ ထုတ်ကို တွေ့ရတာကြောင့် ရဲကို အကြောင်းကြားခဲ့တာပါတဲ့။ 

ပထမ ပါဆယ်ထုတ်ထဲမှာတော့ လသားအရွယ် ကလေးငယ်တဦးရဲ့ ဦးခေါင်းအစိတ်အပိုင်း၊ မျက်နှာ အစိတ်အပိုင်း တချို့ ပါပြီး ဒုတိယ ပါဆယ်ထုတ်ထဲမှာတော့ ကလေးရဲ့ ညာဘက်ခြေထောက်ကို ၃ ပိုင်းပြတ် အစိတ်အပိုင်းအနေအထား တွေ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။ 

တတိယ ပါဆယ်ထုတ်မှာတော့ ထိုင်းမှော်အတတ်နဲ့ အန္တရာယ်ကင်း ဆေးမှင်ကြောင် အရုပ်တွေပါတဲ့ လူ့ အရေပြား အစိတ်အပိုင်း ၂ ခုနဲ့အတူ လူအသည်းတခုလည်းပါတယ်လို့ ဆိုပါတယ်။ 

အခု ပါဆယ်ထုတ်တွေကို အမေရိကန်မှာ ရှိတဲ့ နေရာ ၃ ခုကို ပို့မှာဖြစ်ပြီး ပထုန်ဌာနီ( Pathum Thani)အရပ်က လိပ်စာ နဲ့ ပေးပို့သူ နိုင်ငံခြားသား ၁ ဦး အဖြစ် ရဲက မှတ်တမ်းရထားတယ်လို့ ဆိုတယ်။ ဒါပေမယ့် သူ့ နာမည်ကိုတော့ မထုတ်ပြန်သေးပါဘူး။ 

DHL က ဝန်ထမ်း တဦးအဆိုအရ ကလေးကစားစရာ လို့ အမည်တပ်ထားတဲ့ ပါဆယ်ထုတ်တွေကို X Ray ရိုက်ကြည့်လိုက်တာမှာ မသင်္ကာစရာ ဖြစ်ခဲ့လို့ ပါဆယ်ထုတ်ကို ဖွင့်ဖောက် စစ်ဆေးခဲ့တာပါတဲ့။ ပြီးတော့မှ ရဲကို အကြောင်းကြားလိုက်တာပါတဲ့။ 

စုံထောက်တွေကတော့ ပါဆယ်ထုတ်တွေ ပေးပို့သူလို့ ဆိုကြတဲ့ နိုင်ငံခြားသား ၂ ဦးကို စနေ ညပိုင်း တုန်းက ၃ နာရီ လောက် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီလူတွေ ပြောတာက ကလေး ဦးခေါင်းနဲ့ အခြား ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို ထုန်ဘူရီခရိုင်( Thon Buri )ရှိ ဆပ်ဖန်ဖတ်(Saphan Phut ) ညဈေး တခုကနေ ဝယ်ခဲ့တာဖြစ်ပြီး ဆိုင်ကိုတော့ မမှတ်မိဘူးလို့ ပြောထားတာကို အမှတ် ၅ တိုင်း ရဲ လက်ထောက်အရာရှိက ပြောပါတယ်။ 

အခု တွေ့ရတဲ့ ကလေး ခန္ဓာကိုယ်အစိပ်အပိုင်းတွေဟာ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တခုကနေ ကျောင်း သားတွေ လေ့လာဖို့ ထားတဲ့ဟာတွေကို ခိုးယူခံရတာဖြစ်မယ်လို့ ထိုင်းရဲတွေက ယုံကြည်နေကြပါတယ်။ 

အခု တွေ့ရှိတဲ့ လူ့ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို ဘန်ကောက်ရှိ ချူလာလောင်ကွန် အောက်မေ့ဘွယ် 
ဆေးရုံက မှုခင်းဌာနကို ပို့လိုက်ပါပြီတဲ့။ 

ကျွမ်းကျင် ဆရာဝန် တဦးအဆိုအရ ကလေး ခန္ဓာကိုယ်အစိပ်အပိုင်းတွေဟာ နှစ်နဲ့ချီပြီး ဆေးရည်စိမ်ထား တဲ့ ပစ္စည်းတွေ ဖြစ်လို့ မည်သူ မည်ဝါဖြစ်တယ်ဆိုတာ သိဖို့ DNA စစ်ဆေးဖို့ ခက်ခဲနိုင်တယ်လို့ မှတ်ချက်
ပေးထားပါတယ်။ 

မူရင်းသတင်းလင့်ခ် http://www.bangkokpost.com/news/general/443659/probe-on-baby-organs-in-air-parcels 
 ကို ဆီလျော်အောင် ဘာသာပြန်သည်။

အိမ့်သံစဉ် ~ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved