ဒံပေါက်ဖြစ်သွားတဲ့ ဦးအောင်သောင်း

Wednesday, November 19, 2014

-

မကြာသေးခင်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ တောင်သာမြို့မှာ ဆန္ဒပြပွဲတခုဖြစ်ပွားပါတယ်။



ဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန်အစိုးရက ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့တဲ့အနေနဲ့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းခြင်းကို ကန့်ကွက်ကြခြင်းပါ။

ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို အလှူရှင်တဦးက ဒံပေါက်ထမင်းထုပ်တွေ ဝေရာမှာ တချို့က ကိုင်ထားတဲ့ ဆန္ဒပြဆိုင်းဘုတ် ကြွေးကြော်သံဆိုင်းဘုတ်တွေ ပစ်ချပြီး ဒံပေါက်ရရှိရေး ဦးစားပေးခဲ့ကြတယ် ဆိုတဲ့သဘော
 အွန်လိုင်း စာမျက်နှာမှာ ရေးသားကြပါတယ်။ တင်ထားတဲ့ ဓာတ်ပုံတွေမှာတော့ ဆိုင်းဘုတ်တွေ ခြေနင်းဖတ်ဖြစ်သွားတာ တွေ့ရပါတယ်။

နေ့လယ်စာအတွက် ဆိုင်းဘုတ်တချို့ မြေပေါ်ရောက်သွားတာ ဖြစ်နိုင်သလို အစားအသောက် ပေးဝေတာကို ယူငင်ရာမှာ တိုးဝှေ့ပြီး ဆိုင်းဘုတ်ပြုတ်ကျတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ... ဗန်းစကားတခု အသစ် ပေါ်လာပါပြီ။
အောင်သောင်း ဆိုတဲ့ ဗန်းစကားပါ။
အောင်သောင်းတပွဲ ဆိုတာ ဒံပေါက်တပွဲကို ဆိုလိုပါတယ် တဲ့။

အရပ်သားတွေကြား တရင်းတနှီးပြောတဲ့အတွက်၊ ပြီးတော့ ... ဗန်းစကားဖြစ်တဲ့အတွက် ရှေကနေ "ဦး" မထည့်ကြတော့ပါဘူး အများအားဖြင့်။

ဒီစကားလုံးသစ်ကို ကာယကံရှင်နဲ့အသိုင်းအ၀ိုင်းကတော့ နှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မယ်။

သမ္မတဦးသိန်းစိန်က နွားနို့သောက်ကြဖို့ လှုံ့ဆော်အပြီးမှ သမ္မတကြီးတခွက် ဆိုတဲ့ စကားလုံး ပေါ်လာပါတယ်။ အဲဒီဗန်းစကားရဲ့ ဆိုလိုရင်းက နွားနို့ ဖြစ်ပါတယ်။

အင်း... တခြားတဘက်က ဆင်ခြင်ပြန်တော့ နှစ်ခုစလုံးက သဘောကျ နှစ်သက်ဖွယ်ကောင်းနေတယ်လို့ ယူဆစရာလည်း ရှိနေပါတယ်။
 ဒံပေါက်ဆိုရင်လည်း လူအများအပြား နှစ်သက်လွန်းလို့ ဆိုင်ကြီးတွေ အပြိုင်အဆိုင်ဖွင့်ထားကြ၊ ဆိုင်ခွဲလေးတွေ ဖွင့်နေကြပါပြီ။
နွားနို့ဆိုရင်လည်း အင်မတန် သောက်သုံးသင့်တဲ့ အာဟာရ မဟုတ်ပါလား။

ကဲ... ဈေး မသေးလှတဲ့ အဲဒီ ဒံပေါက်စားပြီး နွားနို့တခွက်သောက်လိုက်ရရင်တော့ အဲဒီနေ့ဟာ တော်တော်လေးပြည့်စုံတဲ့နေ့ဖြစ်ပါလိမ့်မယ်။

စည်သူလင်း
-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved