အနုပညာသင်တန်းဖွင့်မယ့်ကြက်ဖနဲ့တွေ့ဆုံခြင်း
Wednesday, November 19, 2014
Hip Hop အဆိုတော် ကြက်ဖ (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင် ၂၀၀၃၊ ၂၀၀၄ အချိန်လောက်က မြန်မာပြည်ရဲ့ဟစ်ဟော့ပ်ဂီတလောကမှာ လူငယ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ ကြက်ဖက
သီချင်းရေး၊ သီချင်းဆိုအပြင် ဗီဒီယို၊ရုပ်ရှင် ဇာတ်ကားတွေမှာလည်းပါဝင် သရုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒီနှစ်အတွင်းမှာလည်း ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးပြီး သရုပ်ဆောင် မြင့်မြတ်၊  Hip Hop အဆိုတော်ယုန်လေးတို့နဲ့အတူကြက်ဖပါဝင်တဲ့ “စနစ်တကျဆိုးသွမ်းကြသူများ”ဆိုတဲ့ဒီနေ့ခေတ်ပြိုင် ကားမောင်းတဲ့ လူငယ်တွေအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားမှာလည်းပါဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုတော်ကြက်ဖက ဂျပန်နိုင်ငံက Entertainment ကုမ္ပဏီတခုနဲ့ပူးပေါင်းပြီးRize Entertainment ဆိုတဲ့ရုပ်ရှင်ပညာ၊ အသံပိုင်းဆိုင်ရာနဲ့ အကပညာတွေကို သင်ကြာပေးမယ့် အနုပညာသင်တန်းကျောင်းတခုဖွင့်လှစ်မယ်လို့သိရပါတယ်။ဒီအကြောင်းအရာနဲ့   ပတ်သက်ပြီးတော့ အဆိုတော်ကြက်ဖကိုဧရာဝတီ သတင်းဌာနမှ သတင်းထောက် သီဟတိုးက ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။   ။ ကိုကြက်ဖ အခု ဂျပန်ကုမ္ပဏီတခုနဲ့ အနုပညာ သင်တန်းကျောင်းတခု ဖွင့်ဖို့ လုပ်နေတယ်လို့ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးပြောပြပေးပါဦး။
ဖြေ။   ။ဟုတ်ကဲ့၊ ကျနော်တို့အခုRize Entertainment ကနေ ဂျပန်ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး လာမယ့် နိုဝင်ဘာလ နောက်ဆုံးပတ်လောက်မှာ အနုပညာသင်တန်းကျောင်း တခုဖွင့်ဖို့ ကျနော်စီစဉ်ထားပါတယ်။ လောလောဆယ်တော့ သင်တန်းကြေးရယ်လို့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် အနုပညာနဲ့ ပတ်သက်ပြီး တကယ်ဝါသနာပါပြီး အရည်အချင်းရှိတဲ့လူငယ်တွေ တက်ချင်တာမျိုးရှိရင် သင်တန်းကြေး ကင်းလွတ်ခွင့်နဲ့ လစာပါပေးသွားမယ်ဆိုတဲ့ ပုံစံမျိုးတွေကျနော်စီစဉ်ထားပါတယ်။
မေး။   ။ သင်တန်းမှာ ဘယ်လိုသင်ကြားမှုတွေ ပါဝင်မလဲ၊ သင်တန်းကာလကကော ဘယ်လောက်ကြာမလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။   ။ ကျနော်တို့Rize Entertainment ရဲ့ အနုပညာသင်တန်းကျောင်းမှာ သင်ပေးမှာက အကပိုင်းဆိုင်ရာတွေ၊ မော်ဒယ်လ် Catwalk လျှောက်ပုံလျှောက်နည်းတွေရယ်၊အနုပညာ Talent ပိုင်းဆိုင်ရာ သင်တန်းတွေနဲ့ အသံပိုင်း ဆိုင်ရာသင်ကြားမှုတွေ ပါဝင်သင်ကြား ပေးသွားမှာပါ။ သင်တန်းကာလကတော့ ဘယ်လောက်ကြာမလဲ ဆိုတာ ကျနော်တို့အတိအကျမသတ်မှတ်ရသေးဘူး။
မေး။   ။ ဒီသင်တန်းဖွင့်ဖို့ အစ်ကိုတို့ Rize Entertainment ကဘယ်လိုအိုင်ဒီယာနဲ့လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ။   ။ကျနော်က ဒါကို အိုင်ဒီယာရယ်လို့တော့ မဟုတ်ပါဘူး။ အနုပညာ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လိုအပ်ချက် အရ လုပ်ဖြစ်သွားတာပါ။
မေး။   ။ဒီအနုပညာသင်တန်းကဂျပန်ကုမ္ပဏီနဲ့ပူးပေါင်းပြီးလုပ်တယ်ဆိုတော့ ကိုကြက်ဖတို့  Entertainment အနေနဲ့ ဒီ ဂျပန်ကုမ္ပဏီနဲ့ ဘယ်လိုကနေ ဘယ်လိုချိတ်ဆက်မိသွားတာလဲ။
ဖြေ။   ။ ကျနော်တို့ Entertainment မှာ ဒီသင်တန်းအတွက် လုပ်လက်စ သူငယ်ချင်းတယောက်ကနေ ကျနော့်ကို ဒီဂျပန်ကုမ္ပဏီဘက်က လူတွေနဲ့ မိတ်ဆက်ပေးရင်းနဲ့ ကျနော့်တို့ လုပ်ကြည့်ပါလားဆိုပြီးပြောရင်းကနေပဲ လုပ် ဖြစ်သွားတာပါ။
မေး။   ။ ကိုကြက်ဖကအခုဖွင့်မယ့်သင်တန်းမှာ ဘယ်ကဏ္ဍ၊ဘယ်နေရာကနေ တာဝန်ယူထားလဲဆိုတာသိချင်ပါတယ်။
ဖြေ။   ။ ဟုတ်ကဲ့၊ အဓိကတာဝန်ယူ ထားတာရယ်လို့တော့ မဟုတ်ပါဘူး။ အဲဒီလိုပေါ့၊ သင်တန်းမှာပါဝင်မယ့် သရုပ်ဆောင်သင်တန်း ဆရာတယောက်ပုံစံအနေမျိုးနဲ့တော့ မဟုတ်ဘူး။သရုပ်ဆောင်ပညာကို နမူနာအနေနဲ့ Training ပြတဲ့သူပုံစံမျိုးနဲ့တော့ ကျနော်တာဝန်ယူ ဆောင်ရွက်ထားပါတယ်။ အဲဒီကနေပြီးတော့ ဒီ အနုပညာ သင်တန်းမှာတင်မဟုတ်ဘဲ အနုပညာဖျော်ဖြေရေးကဏ္ဍတွေ၊ Rize Entertainment တွေနဲ့ပတ်သက်ပြီးတော့လည်း Program လေးတခုကို ကျနော်စီစဉ်ထားပါသေးတယ်။
မေး။  ။ ဒီသင်တန်းက အနုပညာကို ဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက်ဘယ်လောက်ထိ အကျိုး ဖြစ်စေမယ်လို့ မျှော်လင့်မိလဲ။
ဖြေ။   ။ဒီအနုပညာသင်တန်းကနေ အနုပညာကို တကယ်ဝါသနာပါပြီး အနုပညာနဲ့ အသက် မွေးဝမ်းကျောင်းပြု အလုပ်လုပ်ချင်တဲ့သူတွေ၊ ကြိုးစားချင်တဲ့ အနုပညာမျိုးဆက်သစ် လူငယ်တွေအတွက် အများကြီး အကျိုးဖြစ်စေမယ်လို့ ကျနော်ယုံကြည်မျှော်လင့်ပါတယ်။ အနုပညာအပေါ်ကို တကယ်အရည်အချင်းရှိပြီး ကြိုးစားချင်တဲ့လူငယ်တွေ၊ အလုပ်အကိုင်ငွေကြေး အခက်အခဲရှိနေတဲ့၊ အနုပညာလည်းဝါသနာပါတဲ့လူငယ်တွေအတွက် လစာလည်းရမယ်၊ သူတို့သင်ချင်တဲ့အနုပညာဆိုတဲ့ ပညာရပ်လည်းရမယ်၊ အဲဒီအတွက် သင်တန်းကြေးလည်းတပြားမှမပေးရဘူး၊ အဲဒီလိုပုံစံမျိုးလေးပေါ့။
အဲဒီလိုအခွင့်အရေးမျိုးလည်း လူငယ်တွေရအောင် ကျနော်စီစဉ်ပေးထားပါတယ်။ ဒီအနုပညာသင်တန်းကနေ အနုပညာဝါသနာပါတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်တကယ်ကို အကျိုးဖြစ်စေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း သရုပ်ဆောင်သင်တန်းချည်းပဲဆိုရင် သရုပ်ဆောင်ပိုင်းကို တက်မယ့် သင်တန်းသားဦးရေက နည်းတယ်။ အခု ဒီသင်တန်းမှာက တခြားအနုပညာနဲ့ပတ်သက်ပြီး အရည်အသွေးပိုင်းဆိုင်ရာ အကြံပေးဦးသိန်းဦး၊ ဦးနေဝင်း စတဲ့သူတွေလည်းပါမယ်ဆိုတော့သင်တန်းတက်မယ့်သူတွေအတွက်တကယ်လည်းအကျိုးရှိမှာပါ။
ဒါပေမယ့် အဲဒီကိစ္စတွေကတော့ လောလောဆယ်မှာ ကျနော်တို့ဆွေးနွေးဆဲ အခြေအနေပဲရှိပါသေးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး Confirm မဖြစ်သေးပါဘူး။ ဦးနေဝင်းနဲ့ကတော့ကျနော်တို့ပြောပြီးဆိုပြီးဆွေးနွေးပြီးဖြစ်လို့ Confirm ဖြစ်ပြီလို့ ပြောနိုင်ပါတယ်။ အန်ကယ်လ်ဦးသိန်းဦးနဲ့ကတော့ ကျနော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာ မပြောရသေး၊ မဆွေးနွေးရသေးပါဘူး။
မေး။   ။ ကိုကြက်ဖ အခု လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်နေလဲ။
ဖြေ။   ။ကျနော် အခုလောလောဆယ်တော့ ဒီသင်တန်း ကိစ္စတွေပဲ လုပ်ဖြစ်နေတော့ လတ်တလောမှာ အနုပညာနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ ကျနော်တို့ Rize Entertainment ရဲ့သင်တန်းအတွက် Studio ကိုစဖွင့်နေပါပြီ။ Studio ကစပြီးဖွင့်နေပြီဆိုပေမယ့် Studio မှာ တခြားအပြင်က လူမပါသေးဘူး။ အကုန်လုံးက ရုံးတွင်းဝန်ထမ်းတွေချည်းပဲ စလုပ်နေတယ်။ ရုံးတွင်း ဝန်ထမ်းတွေ ဆိုတာကလည်းကျနော်တို့Rize Entertainment မှာ ပါဝင်လုပ်ကိုင်နေကြတဲ့ ကျနော့်သူငယ်ချင်း Rapper တွေနဲ့ ကျနော်တို့အနုပညာရှင်တွေ၊ အဲဒီလူတွေကပဲ အခုလက်ရှိ Studio မှာလုပ်ကိုင်နေကြတယ်၊တီးနေကြပါတယ်။
 ကြက်ဖနှင့် အမျိုးသမီးအဆိုတော် တဦးဖျော်ဖြေနေစဉ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
 မေး။   ။ကိုကြက်ဖ ဒီသီချင်းဆိုတာ အပြင်ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးရေး သရုပ်ဆောင်လိုင်းဘက်ကိုကော ပြောင်းဖို့ အစီအစဉ်ရှိလား။
ဖြေ။   ။ကျနော်အဲဒီလိုမျိုး သီချင်းဆိုတဲ့ လိုင်းကနေဗီဒီယို၊ရုပ်ရှင်သရုပ်ဆောင်တဲ့ လိုင်းဘက်ကိုပြောင်းပြီး လုပ်တယ်ဆိုတာမျိုးတော့မဟုတ်ပါဘူး။ ကျနော့်သူငယ်ချင်းတွေနဲ့အတူ အမှတ်တရ ဖြစ်အောင်ဆိုပြီး ဇာတ်ကားတွေရိုက်ဖြစ်တာမျိုးရယ်၊ ကျနော့်ကို သရုပ်ဆောင်ဖို့ အသိ ဒါရိုက်တာတွေက လာကမ်းလှမ်းတဲ့အတွက်အဲဒီလို သီချင်းဆိုရာကနေ တခါတလေ သရုပ်ဆောင်အဖြစ် ကြုံသလို လုပ်ရတဲ့ ပုံစံမျိုးပါပဲ။ ကျနော့်ကိုအဲဒီလိုကမ်းလှမ်းလာတဲ့အခါ အလုပ်ရရင်ရသလို ကျနော်လုပ်ဖြစ်တာမျိုးပါ။
မေး။   ။ကိုကြက်ဖကို သီချင်းခွေတွေမှာ မတွေ့ဖြစ်တာကြာပြီနော်။ တကိုယ်တော်တေးစီးရီး အခွေကော စီစဉ်နေပြီလား။ ဘယ်တော့လောက်ထွက်မလဲ။
ဖြေ။   ။ကျနော် တကိုယ်တော် တေးစီးရီးသီချင်းခွေ ဘယ်ချိန်ထွက်ဖြစ်မလဲဆိုတာကိုတော့ အတိအကျ မပြောတတ်သေးပါဘူး။ဒါပေမယ့်သီချင်းတွေကိုတော့လုပ်ဖြစ်နေပါတယ်။
မေး။   ။ ကိုကြက်ဖကိုရှိုးပွဲတွေမှာလည်းမတွေ့ဖြစ်တာကြာပြီ။ရှိုးပွဲတွေကိုကောဆိုဖြစ်လား။
မေး။   ။ ကိုကြက်ဖတို့ခေတ်က Hip Hopဂီတနဲ့ ဒီနေ့ခေတ်Hip Hopဂီတ ဘာတွေကွာခြားသွားတယ် မြင်မိလဲ။
ဖြေ။   ။ကျနော်တို့ခေတ်ကHip Hopဂီတနဲ့ဒီနေ့ခေတ်Hip Hopဂီတက ဘာတွေကွာခြားသွားလဲဆိုတော့ အဓိကက လူတွေကွာခြားသွားတယ်ပေါ့။ နောက်ပြီးအခုနောက်ပိုင်းထွက်လာတဲ့Hip Hopသီချင်းပိုင်းတွေမှာ ဆိုရင်လည်း တီးလုံးဖန်တီးမှုတွေကအစ အားလုံးအစစအရာရာကျနော်တို့ခေတ်က Hip Hop သီချင်းပုံစံမျိုးတွေနဲ့ တော်တော် ကွာခြားသွားတယ်။ ဒီနေ့ခေတ်ရဲ့Hip Hop Musicပုံစံကိုက အရင်ကထက်တိုးတက်လာတယ်ဆိုတဲ့ပုံစံမျိုး ထက်ပြောင်းလဲလာတယ်ပဲပြောရမှာပေါ့။ အဓိကကသီချင်းတွေ ဖန်တီးတဲ့နေရာမှာ အရင်ကထက် စက်ပစ္စည်းပိုင်း ဆိုင်ရာတွေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေအများကြီးပြောင်းလဲလာတာကိုတွေ့ရတယ်။
မေး။   ။ ဒီနေ့ခေတ်Hip Hop Undergroundကလူငယ်တွေ Hip Hop ဂီတအပေါ်ကို ကြိုးစားနေကြတာ ကိုကော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။   ။အခုခေတ်Hip Hop Undergroundမှာ ကြိုးစားနေကြတဲ့ လူငယ်တွေအားလုံး သူ့ဟာနဲ့သူ အကုန် ကောင်းကြပါတယ်။ သူတို့တွေအနေနဲ့ အပြင်မှာစီးရီးခွေတွေ မထုတ်နိုင်သေးကြပေမယ့်လည်း ဒီ Underground လို နေရာမျိုးမှာ သောင်တင်နေကြတယ်။ အားလုံးကိုယ်စီဇွဲမလျှော့ဘဲ အကုန် ကိုယ့်ဟာနဲ့ကိုယ်ကြိုးစားနေကြတယ် ဆိုတာမျိုးတွေ တွေ့နေရတော့ ကျနော့်အနေနဲ့ကတော့ ကောင်းပါတယ်လို့ မြင်မိပါတယ်။
မေး။   ။ သင်တန်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတက်ချင်သူတွေအနေနဲ့ ဆက်သွယ်စုံစမ်း မေးမြန်းချင်တယ် ဆိုရင်ကော ဘယ်လိုဆက်သွယ်ရမယ် ဆိုတာပြောပြပေးပါဦး။
ဖြေ။   ။ဟုတ်ကဲ့ပါ၊ကျနော်တို့ Rize Entertainment ကနေဂျပန်ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ မကြာခင်မှာ ဖွင့်လှစ်တော့မယ့် ဒီအနုပညာသင်တန်းကျောင်းနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားလို့ သင်တန်းလျှောက်ချင်သူတွေ၊ သင်တန်းတက်ချင်တဲ့သူတွေ သင်တန်းနဲ့ပတ်သက်ပြီး သိချင်တာရှိရင် မေးမြန်းစုံစမ်းချင်တာရှိရင် အမှတ် (၂၀၅)၊ ဒုတိယထပ်၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်မီးပွိုင့်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ကျနော်တို့Rize Entertainment ကို လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
မေး။   ။ ကိုကြက်ဖကိုအားပေးနေတဲ့ပရိသတ်ကိုဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။  ။ ကျနော့်ကို အခုချိန်ထိအားပေးနေတဲ့ ကျနော့်ရဲ့ ပရိသတ်ကို ကျနော်ပြောချင်တာကတော့ ကျနော့ ပရိသတ်တွေ အားလုံးအတွက် ကျနော်Underground သီချင်းတွေအမြဲတမ်းဆက်လုပ်နေပါတယ်လို့ပြောချင်ပါတယ်။    
1 comments :
  1. Mc Pyae Sone said... :
    Music ပိုင်းနဲ့ပတ်သတ်တာပါမပါ သိချင်ပါတယ် Rap ပေါ့
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved