သရုပ်ဆောင် အိချောပိုနဲ့ စကားစမြည်

Tuesday, November 25, 2014



သရုပ်ဆောင် အိချောပို (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

 သရုပ်ဆောင်လူမင်း၊ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ မြင့်မြတ်နဲ့ ဒါရိုက်တာဝိုင်းတို့ စုစည်း တည်ထောင်ထားတဲ့ အနုပညာပျိုးခင်းဆိုတဲ့အမျိုးသမီးသရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ကနေ အိချောပို၊ ယုသန္တာတင်နဲ့ ရွှေမှုံရတီတို့ကို ရွေးချယ်ပြီးအနုပညာလောကထဲမှာ မြေတောင်မြှောက်ပေးခဲ့ပါတယ်။ အဲဒီ အမျိုးသမီးသရုပ်ဆောင်သုံးယောက်ထဲက အိချောပိုဟာ “ယောက်ျားကို ရောင်းစားမယ်”၊ “ဂျပန်ကား” စတဲ့ဇာတ်ကားတွေနဲ့ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူဖြစ်သလို၊ အကယ်ဒမီပွဲတက်တဲ့ အချိန်တိုင်းမှာလည်း သူ့ဖက်ရှင်တွေက ပရိသတ်တွေကို စိတ်ဝင်စားအောင် ဖမ်းစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ အိချောပိုရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်သိချင်မယ်ထင်တဲ့ အကြောင်းအရာတွေကို ဧရာဝတီ သတင်းထောက် မြတ်သူအောင်ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။   ။ အိချောပိုရဲ့အခုလတ်တလောအနုပညာလှုပ်ရှားမှုတွေသိချင်ပါတယ်။

ဖြေ။   ။ အိချော အခုကိုလူမင်းနဲ့ဒါရိုက်တာ ကိုစိုးကျော်ဆန်း ရိုက်တဲ့ဝင်ကစွပ်များဆိုတဲ့ ဇာတ်ကား ရိုက်နေပါတယ်။ အဲဒီကားမှာအိချောနဲ့ကိုလူမင်းနဲ့ကသမီးရည်းစားပေါ့။အဲ့ဒါကိုမကျွတ်သေးတဲ့ဝိညာဉ် ၄ ယောက်က အမျှအတန်း လိုချင်လို့ ကိုလူမင်းနားကိုကပ်ပြီးအိချောနဲ့အဆင်မပြေအောင်လိုက်ဖျက်တဲ့ပုံစံဇာတ်လမ်းလေးပါ။

မေး။   ။အိချောပို သရုပ်ဆောင် အသစ်ဘဝတုန်းကနဲ့ အခုပရိသတ်တွေ လက်ခံအားပေးလာတဲ့ အနုပညာရှင်တယောက် ဖြစ်လာတဲ့အချိန်ဘာတွေကွာသွားပြီလဲ။

ဖြေ။   ။ အိချောက အသစ်ဘဝတုန်းကတော့ ပရိသတ်တွေသိအောင်၊ချစ်အောင်အတတ်နိုင်ဆုံးကြိုးစား နေရတဲ့အချိန် ၊အခုချိန်မှာတော့ပရိသတ်တွေကအိချောကိုသိနေပြီ။ သိပြီးတာကိုမှပရိသတ်တွေမငြီးငွေ့အောင်၊ ပရိသတ်တွေ ချစ်နေအောင် ကိုယ့်ဘက်ကကြိုးစားနေရတဲ့ အချိန်ပေါ့နော်။

မေး။   ။အနုပညာလောကမှာအိချောပိုဆိုပြီး နေရာတခုရလာပြီဆိုတော့ ကျေနပ်နိုင်ပြီလား။

ဖြေ။   ။ အိချောက ကိုယ့်ကိုယ်ကိုယ် ဒီနေရာရောက်ရင် ကျေနပ်ပြီဆိုတဲ့စိတ်တော့မရှိဘူး။ အိချောက ဒီ အနုပညာ အလုပ်ကို ချစ်တဲ့အတွက် အိချော ဒီအနုပညာအလုပ်ကိုလုပ်ရင်းကြိုးစားနေမှာပါ။

မေး။   ။ ဟိုတလောက အိချောပိုနဲ့ပတ်သက်လို့ ဂယက် ရိုက်သွားသေးတယ်နော်။ မင်းသားတယောက်နဲ့ ခိုးရာလိုက်ပြေးသွားတယ်ဆိုပြီးလေ။ အဲဒီကိစ္စပရိသတ်ကိုဘာဟြေချင်လဲ။

ဖြေ။   ။ အဲဒါ တကယ်တော့မဟုတ်ပါဘူး။ ဒီလိုသတင်းထွက်ရအောင်လည်း အရင်ကတည်းက အိချောတို့ ကြိုက်နေတယ်ဆိုတဲ့ သတင်း မထွက်ဖူးဘူးလေ။ အဲဒါကရှုတင်နောက်ဆုံးရက်။ အဲဒီကားမှာပါတဲ့ ဇာတ်ပို့ ဇာတ်ရံတွေရော အကုန်ပါပါတယ်။ မုန့်သွားစားကြမယ်ဆိုပြီး မုန့်သွားစားရင်းနဲ့မှ ခရီးထွက်ဖြစ်လိုက်ကြတာ။ အမှန်က အိချောအစ်ကိုလည်းပါတယ်။သူ့ဘက်ကလည်းသူ့အစ်ကိုတွေရောပါတယ်။ ဇာတ်ပို့တွေရော၊ဆံပင်ဒီဇိုင်နာတွေရောပါ ကြတယ်။တကယ်ခိုးပြေးတယ်ဆိုရင်နှစ်ယောက်တည်းသွားမှာပေါ့။အဲဒါကြောင့်အိချောကမဟုတ်ဘူးလို့ပဲ ငြင်းချင်ပါတယ်။
အဲဒီသတင်းကြားတော့အိချောလည်းအရမ်းလန့်သွားတယ်။ ဟယ်..ငါတို့ခိုးပြေးတာလည်း မဟုတ်ဘဲဆိုပြီး ဖုန်းဟြေပြီးတောင် ရယ်ကြသေးတယ်။တကယ်လည်းမဟုတ်ဘဲနဲ့ဘယ်သူက မွှေပြန်ပြီလဲမသိပါဘူး ဆိုပြီးပေါ့။ သွားတာဆိုရင် လည်းနှစ်ယောက်တည်းသွားတဲ့ဓာတ်ပုံယူခဲ့၊ ခိုးပြေးတာဆိုရင် နှစ်ယောက်တည်း ဓာတ်ပုံယူခဲ့ဆိုတော့မရှိဘူးလေ။ အိချောတို့ဘယ်သွားသွားအုပ်စုလိုက်ပဲ၊ ပထမတော့အရမ်းဒေါသထွက်တယ်၊ နောက်တော့လည်း ရယ်နေရတာ ဆိုတော့ ရယ်ပဲရယ်ချင်နေတယ်။ ဟုတ်မှမဟုတ်တာကို။

မေး။   ။ အိချောပိုကအနုပညာပျိုးခင်းကတက်လာတဲ့မင်းသမီးဆိုတော့၊ တကယ်လည်း အောင်မြင်လာတော့ အနုပညာပျိုးခင်းကိုဘယ်လိုမြင်လဲ။

ဖြေ။   ။ အနုပညာပျိုးခင်းက အစ်ကိုတွေရဲ့ စေတနာတွေကြောင့် အိချောတို့တတွေ ဒီလိုပရိသတ်က အသိအမှတ် ပြုလာတယ်။အခုထပ်တင်တဲ့အနုပညာပျိုးခင်းကဂျူနီယာသုံးယောက်ကိုလည်းဒီလိုတွေ ဖြစ်စေချင်တယ်။ အိချောတို့ကလည်းအတတ်နိုင်ဆုံးလက်တွဲခေါ်မယ်။ နောက်ပြီး ပရိသတ်တွေချစ်လာတာလည်း အနုပညာပျိုးခင်းက အစ်ကိုတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။

မေး။   ။ အနုပညာရှင်တယောက်  ဖြစ်လာပြီဆိုရင်ဘယ်လိုပုံစံနဲ့နေထိုင်သင့်တယ်လို့အိချောပိုထင်လဲ။

ဖြေ။   ။ အနုပညာရှင်တယောက်ဆိုတာအစစအရာရာကိုထိန်းထိန်းသိမ်းသိမ်းနဲ့ နေသင့်တယ်လို့ အိချော ထင်ပါတယ်။ အသွားမတော်တလှမ်း၊အစားမတော်တလုတ်ဆိုတဲ့စကားပုံလိုပေါ့။ဘာရယ်မဟုတ်ဘူးဆိုပေမယ့်အနုပညာသမားတွေမို့ဒီလိုသတင်းထွက်သွားတာပေါ့။အပြင်ကသူငယ်ချင်းတွေ၊ ကျောင်းသား ကျောင်းသူတွေ သွားကြလာကြ ဆိုရင် သတင်းထွက်မှာမဟုတ်ဘူးလေ။အိချောတို့လိုအနုပညာရှင်တွေကအစစအရာရာဂရုစိုက်သင့်တယ်လို့အိချောထင်တယ်။အဲဒီလိုကိစ္စလေးတခုရှိခဲ့တဲ့အတွက် တော်တော်ဆင်ခြင်ရမယ်ဆိုတာအိချောလည်းနားလည်သွားပါပြီ။

မေး။   ။ အိချောပိုရှုတင်သွားရင်မိသားစုဝင်တွေအဖော်လိုက်ပေးတတ်တာဘာကြောင့်လဲ။

ဖြေ။   ။ အိချောကို ဟိုးငယ်ငယ်လေးကတည်းက မိဘတွေက မောင်နှမတွေထဲမှာ ပိုဂရုစိုက်တယ်။ အဖေကဆိုရင်အစ်ကိုနဲ့ညီမ ဘယ်သွားသွား နည်းနည်းလွှတ်ပေးသေးတယ်။ အိချောကို ဆိုရင်လိုက်ဂရုစိုက်တယ်။ အိချောက အားနာတတ်တယ်။ ပြီးတော့ယုံလွယ်တယ်၊ ကိုယ်နဲ့ဘယ်လောက် ရန်ဖြစ်ထားထား၊ ဘယ်လောက်ပဲ အမြင်ကတ်နေနေ၊ကိုယ့်ကိုရယ်ပြလိုက်ရင်အဟုတ်ကြီးထင်ပြီး ပျော်သွားရော။ အဲဒီလို စိတ်မျိုးရှိတော့ အဖေတို့က စိတ်မချဘူးပေါ့နော်။ကိုယ့်ကို ကောင်းတာလုပ်တာလား၊မကောင်းတာလုပ်တာလားလည်းမသိဘူး။ကိုယ်ကအကောင်း မြင်တတ်တဲ့စိတ်ရှိနေတော့အဲဒါလည်းပါမယ်၊စိတ်မချဘူး၊အိချောနောက်ကိုအမြဲတမ်းလိုက်တယ်။

မေး။   ။ ပရိသတ်တွေရှေ့မှာစံပြဖြစ်အောင်အိချောပိုဘယ်လိုနေထိုင်လဲ။

ဖြေ။   ။ အဓိကကတော့ အနုပညာပေါ့၊ အိချောကိုပရိသတ်တွေချစ်အောင် အိချောအနုပညာကို အမြဲတမ်းကြိုးစားပြီး လုပ်တယ်။ နောက်ပြီး လိုအပ်ချက်တွေ မဖြစ်အောင်လည်း အိချောကြိုးစားနေပါတယ်။ အိချော ဂုဏ်သိက္ခာကိုလည်း အတတ်နိုင်ဆုံးထိန်းသိမ်းတယ်။  ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာဆိုတာ ထိန်းသိမ်းသင့်တဲ့အရာလေ။ မထိန်းသိမ်းလို့လည်း မရတဲ့အတွက်အတတ်နိုင်ဆုံးထိန်းသိမ်းတယ်။
နောက်ပြီး အင်တာနက်တွေမှာရေးတယ်။ပျိုးခင်းကမင်းသမီးတွေနဲ့ဘယ်လိုဆိုပြီးတော့ ရေးတာတွေလည်း ရှိတယ်။အိချောတို့လည်းဖတ်ရပါတယ်။ဒါပေမယ့်လေအဲဒါတွေကအိချောတို့ကိုဒီအစ်ကိုတွေဘယ်လိုစေတနာထားတယ်ဆိုတာကိုယ်တွေပဲအသိဆုံး။ကိုယ်တွေအပေါ်မှာဘယ်လို စေတနာသန့်သန့်နဲ့ လုပ်ပေးတယ်ဆိုတာ၊ ပျိုးထောင် ပေးတယ်ဆိုတာအိချောတို့ကအသိဆုံး ဖြစ်တဲ့အတွက်အိချောတို့ကအများကြီးတော့မဖြေရှင်းချင်ဘူး။
ရှုတင်တွေမှာဆိုရင်အစ်ကိုတွေကဆူတာပဲ။ ဖြစ်စေချင်တဲ့စိတ်တွေနဲ့ပေါ့။အဲဒါကိုအိချောအမြဲတမ်း ပြန်ပြီး သတိရတယ်။သူတို့စေတနာထားပြီးလုပ်ပေးတဲ့အတွက်တချို့အထင်မှားနေတာတွေက မဟုတ်ပါဘူး လို့အိချောဟြေချင်ပါတယ်။

မေး။   ။ အိချောပိုအနေနဲ့အနုပညာအလုပ်တခုကိုလက်ခံလိုက်ပြီဆိုရင်ဘယ်လိုပြင်ဆင်လဲ။

ဖြေ။   ။ အဓိကက စေတနာပဲ။အနုပညာတခုကိုလက်ခံလိုက်ပြီဆိုရင် စေတနာလေးနဲ့ ငါ ဘယ်လို လုပ်ပေးလိုက်ရင်ဘယ်လိုလေးတော့အဆင်ပြေမယ်၊မသိရင်လည်းသိတဲ့ဆရာတွေကို မေးတယ်။ အိချောဘယ်အရာမဆို စေတနာလေးအမြဲထည့်ပြီးလုပ်ပါတယ်။

မေး။   ။ အိချောပိုကအရွယ်ရောက်တဲ့မိန်းမပျိုတယောက်အနေနဲ့ချစ်သူရည်းစားရှိပြီလို့ ပြောလို့ရမလား။

ဖြေ။   ။ ချစ်သူရည်းစား ဆိုတာ၁၅၀ဝ မေတ္တာပေါ့နော်။ ဒါက ရှောင်လွှဲလို့ရတဲ့ အရာမဟုတ်တဲ့အတွက် အိချောတို့လည်းရှိလာနိုင်တယ်ပေါ့နော်။တနေ့နေ့တချိန်ချိန်မှာတော့ရှိလာမှာပဲ။ ငြင်းလို့လည်းရမှာ
မဟုတ်ဘူးလေ။ ဒါကိုအိချောကမရှိပါဘူးလို့မငြင်းပါဘူး။

မေး။   ။ ဘယ်လိုယောက်ျားမျိုးကိုကိုယ့်ဘဝအတွက် ရွေးချယ်မယ်လို့အိချောပိုဆုံးဖြတ်ထားလဲ။

ဖြေ။   ။ အိချောနဲ့ စိတ်တူကိုယ်တူရှိပြီး အိချောကိုနားလည်ပေးနိုင်တဲ့သူ၊ ဂရုစိုက်ပေးနိုင်ဆုံးသူ၊ ဘယ်လိုပဲဖြစ်ဖြစ် အိချောအပေါ်မှာစိတ်အများဆုံး ပေးထားနိုင်တဲ့သူကိုပဲအိချော ရွေးမှာပါ။

မေး။   ။ အိချောပို ရွေးချယ်မယ့်သူကအပြင်ကလူ ဖြစ်မလား၊အနုပညာလောကထဲကလူ ဖြစ်မလား။

ဖြေ။   ။ အဲဒါကတော့ဖူးစာကံပါပဲ၊ ဟြေလို့မရပါဘူး။ ကိုယ်ကအနုပညာလောကထဲက လူကိုကြိုက်ရင်လည်း ဖူးစာမဆုံရင်ညားချင်မှညားမှာလေ။ အပြင်ကလူကိုကြိုက်ရင်လည်း ဖူးစာမဆုံရင်ညားချင်မှညားမှာပါ။အဲဒါကြောင့် ဟြေလို့မရသေးပါဘူး။

မေး။   ။ အိချောပိုရဲ့ဘဝမှာအရေးအကြီးဆုံးကဘာလို့ထင်လဲ။

ဖြေ။   ။ အိချောဘဝမှာ အရေးအကြီးဆုံးကဆိုရင် မိသားစုရယ်၊ အိချောဝါသနာပါတဲ့ အနုပညာအလုပ်ရယ်ပေါ့။ တခြားအရေးကြီးတာကတော့အချိန်တန်ရင်ရှိလာမှာပေါ့ (ရယ်လျက်)။

မေး။   ။ အိချောပိုကဆက်ဆံရေးကောင်းတဲ့မင်းသမီးတယောက်လို့ ဟြေသံကြားရတယ်၊အဲဒါဟုတ်လား။

ဖြေ။   ။ အိချောကတော့ အတတ်နိုင်ဆုံး ဆက်ဆံရေး အကောင်းဆုံးဖြစ်အောင်နေပါတယ်။ စီနီယာတွေအပေါ်မှာ  လေးစားပြီးဂျုနီယာတွေအပေါ်မှာအဆင်ပြေအောင်အိချောအမြဲကြိုးစားမှာပါ။

မေး။   ။ အိချောပိုရဲ့ပရိသတ်တွေကိုဘာဟြေချင်သေးလဲ။

ဖြေ။   ။ အိချောရဲ့ ပရိသတ်တွေကို အိချော ကျေးဇူးတင်ပါတယ်။ ပြီးတော့အိချောတို့ကို အားပေးခဲ့သလို နောက်ဂျုနီယာအသစ်တွေကိုလည်းအားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved