“ဗိုလ်ချုပ်၏ နောက်ဆုံးနေ့ရက်များ” ရုပ်ရှင်ကို ရာပြည့်အမီ ပြသနိုင်ဖို့ ရိုက်ကူးနေ

Monday, November 24, 2014


၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗိုလ်ချုပ်ရာပြည့်နေ့ အမီ “ဗိုလ်ချုပ်၏ နောက်ဆုံးနေ့ရက်များ”  ရုပ်ရှင်ကို ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ (မြေနီသစ္စာ)က ရိုက်ကူးနေပါတယ်။



ဓာတ်ပုံ - ဧရာဝတီ


 ဒီ ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် စာရေးဆရာ မြေနီသစ္စာ (မြန်မာ့အလင်း အောင်သန်း)က တာဝန်ယူ ရိုက်ကူးပြီး၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ နေ့အထိ စုစုပေါင်း ရိုက်ရက် ၄၅ ရက်ကြာမှာပါ။

ဒီဇာတ်ကားကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ ရုပ်ရှင်တည်းဖြတ်ခြင်း၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ဆင်ဆာတင်ခြင်း၊ ဆင်ဆာရရှိရေးတွေ ဆောင်ရွက်သွားပါမယ်။ ဒီရုပ်ရှင်အတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ပြီး အများ ပြည်သူကို ဗိုလ်ချုပ်ရာပြည့်နေ့အမီ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြသွားမှာပါ။

ဇာတ်ကားကြာမြင့်ချိန် တနာရီပါဝင်မယ့် ဒီ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာပထမပိုင်း မော်ကွန်း ရုပ်ရှင်(သတင်း) အနေနဲ့ မိနစ် ၂၀၊ ဒုတိယပိုင်း ဇာတ်လမ်းရုပ်ရှင်(ဇာတ်သား) အနေနဲ့ မိနစ် ၄၀ ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ရိုက်ပြသွားမှာပါ။ 

“ဇာတ်ကား အပိုင်းနှစ်ပိုင်းရိုက်မယ်ဆိုတာက ဇာတ်ကား တနာရီစာမှာ ပထမတပိုင်းက ဗိုလ်ချုပ် အကြောင်း Documentary Film ပုံစံမျိုး မော်ကွန်းရုပ်ရှင်အနေနဲ့ မိနစ် ၂၀ ပြသွားမှာ၊ အဲဒီမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ သတင်းစာဖြတ်ပိုင်းတွေ၊ မိန့်ခွန်းတိုထွာတွေနဲ့ သတင်းကား ဖြတ်စ တွေကို Narration ပြန်ပြောပြတဲ့ ပုံစံမျိုးနဲ့ ရိုက်သွားမှာ။ ဒုတိယပိုင်းကိုတော့ မိနစ် ၄၀ စာ ဇာတ်လမ်း ရုပ်ရှင် Feature Film အနေနဲ့ လုပ်ကြံမှု၊ ကြံစည်အားထုတ်ပုံတွေကို ရှုထောင့်စုံကနေ ဗိုလ်ချုပ်လုပ်ကြံခံရတဲ့အထိ လျှို့ဝှက်သည်းဖို စုံထောက်ဇာတ်ကားပုံစံမျိုး ရိုက်ကူးသွားပါမယ်” လို့  စာရေးဆရာ မြေနီသစ္စာက ပြောပါတယ်။ 

ဒုတိယပိုင်း မိနစ် ၄၀ ကြာမြင့်မည့် ဇာတ်လမ်းရုပ်ရှင်မှာတော့ ဦးစောသေနတ်ပစ်ခံရခန်း၊ ဦးစောက “ဒါအောင်ဆန်း လက်ချက်”လို့ စွပ်စွဲတဲ့အခန်း၊ ဆေးရုံပေါ်က ဦးစောကို ဗိုလ်ချုပ်နှင့် သခင်နုတို့ လာကြည့်တဲ့အခန်း၊ ဗိုလ်ချုပ် နဲ့ ဦးစောတို့ မျက်နှာချင်းဆိုင်တွေ့ ဖြေရှင်းတဲ့အခန်း၊  ဦးစောက ဗိုလ်ချုပ်လက်ချက်လို့ ထပ်တလဲလဲ ပြောဆိုတဲ့အခန်း၊ ဗိုလ်ချုပ်ကိုလုပ်ကြံဖို့ ဦးစောရဲ့ ကြံစည်မှုတွေ၊ လက်နတ်ဂိုဒေါင်က သေနတ်တွေကို ဦးစောရဲ့ လူတွေ လိမ်ထုတ်သွားတဲ့ အခန်း၊ လုပ်ကြံမယ့် သူတို့ သေနတ်လေ့ကျင့်ခန်း၊ ဗိုလ်ချုပ်ကို လုပ်ကြံ နိုင်တယ်လို့ သတိပေးခဲ့ပေမယ့် ဗိုလ်ချုပ် သိပ်ဂရုမစိုက် ဟန်ပြတဲ့ အခန်း၊ ဗိုလ်ချုပ်ကို လုပ်ကြံဖို့ အပူတပြင်းစီစဉ်ခန်း၊ ဗိုလ်ချုပ်ကို ကာကွယ်ဖို့ လက်ဖြောင့် သေနတ်သမား နှစ်ယောက်စတင်လှုပ်ရှားတဲ့အခန်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ဗိုလ်ချုပ် မကွယ်လွန်မီညက ဗိုလ်ချုပ်နှင့် သခင်နုတွေ့တဲ့အခန်း၊ ဇူလိုင်လ ၁၉ ရက်နေ့ မကွယ်လွန်မီ တနာရီအလို ဗိုလ်ချုပ်အိမ်က ထွက်တဲ့အခန်း၊ လျှို့ဝှက်သည်းဖိုဆန်ဆန် ပစ်ခတ် လုပ်ကြံမှုပြကွက်အခန်း၊ ဦးစော အောင်ပွဲခံနေရာကနေ ၃ နာရီခွဲ အကြာ ဦးစောတို့ အဖမ်းခံရပုံ၊ ဗိုလ်ချုပ် လုပ်ကြံခံရမှု အချက်အလက်ဖြေရှင်းချက်တွေ စတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ရိုက်ကူး သွားမယ်လို့ သိရပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့ရက်များ” ရုပ်ရှင်ဇာတ်ကားရဲ့ ဗိုလ်ချုပ်ဇာတ်ရုပ်နေရာအတွက် မောင်ကျောက်ခဲ နဲ့ ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာအတွက်  မဇာခြည်လင်းတို့ကို ရွေးချယ်ထားပါတယ်။

“ဗိုလ်ချုပ်အတ္ထုပတ္တိရုပ်ရှင်ကားနဲ့ ဒီဗိုလ်ချုပ်၏နောက်ဆုံးနေ့ရက်များ ရုပ်ရှင်ကားက မတူဘူး။ ဒါက စာရေးဆရာ မြေနီသစ္စာဦးဆောင်တဲ့အဖွဲ့ ဆိုတော့ အဖွဲ့သက်သက်ပါ။ အတ္ထုပတ္တိဆိုတာက အကျဉ်းပေါ့။ ဒါကကျတော့ ဗိုလ်ချုပ်မွေးနေ့အမီ ပြဖို့ရာအတွက်ရိုက်တဲ့ဇာတ်ကားပေါ့။ ဗိုလ်ချုပ်ရဲ့ ဖြစ်ရပ်မှန်တော့ ဖြစ်ရပ်မှန်ပဲ၊ ဒါပေမယ့် ဗိုလ်ချုပ်အတ္ထုပတ္တိတခုလုံးတော့ စုံမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဗိုလ်ချုပ်ဇာတ်ရုပ်ရိုက်ကူးဖို့အတွက် ဘာတွေပြင်ဆင်ထားလဲဆိုတော့ ကျနော်ကတော့ ဗိုလ်ချုပ်အတ္ထုပတ္တိရိုက်မယ်ဆိုကတည်းက ကျနော်လုပ်သင့် လုပ်ထိုက်တာလေးတွေ အကုန်လုပ်ထားပါတယ်။ ဗိုလ်ချုပ်အမူအရာတို့၊ အသံပိုင်းဆိုင်ရာတို့ အကုန် သေသေချာချာ လေ့ကျင့်ထားတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ ကျနော်ရှိသလောက်ပဲ ထွက်မှာပေါ့” ဟု ဗိုလ်ချုပ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ့် မောင်ကျောက်ခဲက ပြောပါတယ်။

ရိုက်ကူးဖို့ ဆိုင်းပြင်နေခဲ့တာ ကြာပြီဖြစ်တဲ့ ဒါရိုက်တာ မောင်သူရ (လူရွှင်တော် ဇာဂနာ) တို့ စီစဉ်တဲ့ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ကားကတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရရှိထားတဲ့ ငွေကြေးရန်ပုံငွေအနေအထားအရ လောက်ငမှုမရှိလို့ အမြည်းသဘော အနေနဲ့ ဇာတ်ဝင်ခန်းလေးခန်းကိုသာ ရိုက်ကူးပြီး ဗိုလ်ချုပ်ရာပြည့်နေ့အမီ ပြနိုင်ဖို့လည်း မသေချာသေးဘူးလို့ သိရပါတယ်။

အဲ့ဒီ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာတွေအဖြစ် မောင်သူရ ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဒါရိုက်တာ ၀ိုင်း တို့က တခန်းချင်းစီအလိုက် တာဝန်ယူ ရိုက်ကူးသွားမှာပါ။  

1 comments :

  1. Anonymous said... :

    ရိုးရိုးသားသား တကယ်မှတ်မှတ်ရရ ကျင်းပပေးတာဆိုရင်တော.ပြည်သူလူထုကလက်ခံမှာပါ ၊ ဒါမှမဟုတ်ဘဲ ပါတီအလံတွေ နိင်ငံရေးဟောပြောပွဲတွေ နဲ. စည်းရုံးရေးလုပ်တယ်ဆိုရင်တော. ၊ မကျေနပ်တဲ.သူတွေ သဘောမကျတဲ.သူတွေ ဝေဖန်တာခံရမှာဆိုတာမမေ့ပါနဲ. ၊ ဗိုလ်ချုပ်အောင်ဆန်းက သူ.သမီးကို အခွင်.အရေး ပိုပေရမယ်ဆိုပြီး မှာခဲ.တာမရှိပါဘူး ၊ ဒါပေမယ်. ဝေဖန်ရုံသက်သက်ပါဘဲ ၊ တကယ်တန်းဒီလိုလုပ်လာတာ ဟိုအရင် ၁၉၈၈ ကထဲက စပြီး အသုံးပြုခဲ့တာ ပါ ။ ဘယ်သူမှပြောဆိုဝေဖန်ထောက်ပြခဲ.တာမရှိပါဘူး ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved