တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ချဖို့ တအာင်းလူထုတွေ လိုလားနေ

Wednesday, November 12, 2014



တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ ပလောင် (တအာင်း) လူမျိုးတွေ နေထိုင်ကြတဲ့ တောင်ပေါ်ရွာ။ (ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမူတွေလျော့ချဖို့အတွက် လူထုဆန္ဒ သဘောထား လက်မှတ်ကောက်ယူတာ သတ်မှတ်ထားတာထက်ကျော်ပြီး လက်မှတ်တွေ ရရှိထားလို့ အဲ့ဒီ အစီအစဉ်ကို ဦးစီးဆောင်ရွက်လုပ်နေတဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအစည်းအရုံးက အထွေထွေ အတွင်းရေးမှူး(၁) မိုင်းမျိုးအောင်ကပြောပါတယ်။

’’ကျွန်တော်တို့သတ်မှတ်ထားတာကလက်မှတ်ခြောက်ထောင်ရရင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ တပ်မတောာ်ကာကွယ်ရေးဦးစီးချုပ်ရယ် ကို ပို့မယ်။အခုက အကြောင်းအမျိုးမျိုးကြောင့် မပို့ ဖြစ်သေးသလို၊ လက်မှတ်ဘယ်လောက် ရရှိ တယ်ဆိုတာလဲ မထုတ်ပြန်ဖြစ်သေးဘူး။လက်မှတ်ကတော့ ခုနှစ်ထောင် ကျော်ရနေပြီ” လို့ သူကဆက်ပြောပါတယ်။

အဆိုပါ တိုက်ပွဲလျော့ပါးရေး လူထုလက်မှတ်ကောက်ယူမူကို  အခုနှစ် ဧပြီလ ကတည်းကစတင်ခဲ့တာဖြစ်ပြီး အခုနှစ်မကုန်မီ ရရှိတဲ့ လက်မှတ်စာရင်းတွေကိုလည်း တရားဝင်ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း  တအာင်း ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး (TSYU) က ဆိုပါတယ်။

’’အခုကျွန်တော်တို့က လက်မှတ်တွေကို ကောက်နေဆဲပဲ။အဓိကကောက်တဲ့နေရာက ပဋိပက္ခ ဖြစ်တဲ့နေရာတွေရယ်၊ တခြားမဖြစ်တဲ့နေရာတွေမှာလဲ ကောက်တယ်။ ဒီလက်မှတ်တွေကို ရှမ်းပြည်မြောက်ပိုင်းမှာ အဓိကလှုပ်ရှားနေတဲ့ TNLA၊ RCSS/SSP၊ ကိုးကန့်တို့ မိုင်းလားအဖွဲ့တို့ဆီိပို့မယ်။ အစိုးရဘက်ကဆိုရင် UPWC(ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ) ကို ပို့မယ်” လို့  မိုင်းမျိုးအောင်ကဆိုပါတယ်။

တိုက်ပွဲတွေ လျော့ချဖို့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ဗဟို ကော်မတီ က  ညွန်ကြားချက်တွေ ထုတ်ပြန်ထားပေမယ့် မလွဲရှောင်နိုင်တဲ့ အခြေအနေတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ TNLAအဖွဲ့က ဒုတိယပြန်ကြားရေးတာဝန်ခံ တာပန်လ ကပြောပါတယ်။

’’လူထုရဲ.သဘောထားလက်မှတ်တွေကို ကျွန်တော်တို့ အလေးထားပါတယ်။ ဒါပေမယ့် မလွဲရှောင်နိုင်တဲ့အခြေအနေတွေက ရှိနေတယ်။အခုဆို ခြောက်ကြိမ်မြောက် ငြိမ်းရေးဆွေးနွေးပွဲ သိပ် မအောင်မြင်တဲ့အခါ စစ်ရေးအရ ဖိအားပေးတဲ့ ပုံစံမျိုးတွေရှိလာတယ်။ တပ်တွေတိုးချဲ့လာတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့စခန်းနဲ့အစိုးရတပ်နီးလာတဲ့အခါ စပစ်ရတာလဲရှိတယ်’’ လို့ တာဝန်ခံက ဆက်ပြောပါတယ်။

အခု နိုဝင်ဘာ၉ရက်နေ့ အထိ အစိုးရတပ်နဲ့ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲမြို့နယ်တွေမှာလည်း  တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အရင်နှစ်တွေက အစိုးနဲ့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ကြားတိုက်ပွဲဖြစ်ပွားမှု ၁၂၀ကျော်တာရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ဇန်န၀ါရီက နိုဝင်ဘာအထိ တိုက်ပွဲဖြစ်ပွားမှုက  အကြိမ်ရေ ၁၅၀ ကျော်ထိ ဖြစ်ပွားထားတယ်လို့ TNAL ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။       

ဘုန်းမြတ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved