အိုဘားမားတည်းမယ့် ဟိုတယ်ခန်းမှာ ကျည်ကာမှန်တပ်ထားသလား

Wednesday, November 12, 2014

-




အိုဘားမား ဒီရက်ပိုင်း နေပြည်တော်ရောက်ရင် တည်းခိုမှာက  Kempinski  ဟိုတယ် ဖြစ်ကြောင်း ဒုဝန်ကြီးတယောက်ကို ကိုးကားပြီး The Messenger သတင်းဂျာနယ်မှာ ရေးထားပါတယ်။


  • အင်္ဂါနေ့က တွေ့ရတဲ့ နေပြည်တော် Kempinski  ဟိုတယ်  (Photo: Jpaing / The Irrawaddy)

အရှေ့တောင်အာရှ ဒေသတွင်း အစည်းအဝေးတွေတက်ဖို့ အိုဘားမား ဗုဒ္ဓဟူးနေ့ နေပြည်တော် ရောက်လာဖို့ စီစဉ်ထားတာပါ။

အဲဒီဟိုတယ်တဝိုက်မှာတော့ လုံခြုံရေး တင်းကျပ်ထားပါတယ်။ အိုဘားမား တည်းမယ် မတည်းဘူး ဆိုတာကို အတည်ပြုဖို့တော့ ဟိုတယ်က ငြင်းပါတယ်။

 နေပြည်တော်မှာ ဈေးအကြီးဆုံးဖြစ်ဖွယ်ရှိတဲ့ အခန်း ၁၄၀ ပါ ဒီဟိုတယ်ကို အာဆီယံဆွေးနွေးပွဲမတိုင်ခင် ဖွင့်မယ်လို့ သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဟိုတယ်မှာ ကျည်ကာမှန်တပ် အခန်း ၂ ခန်းရှိတယ်၊ နိုင်ငံ့ခေါင်းဆောင်များ လာရင် တည်းခိုနိုင်တယ်လို့ ဆိုတယ်။
 
အိုဘားမားတည်းမှာက အဲဒီ    ကျည်ကာမှန်တပ်ထားတဲ့  ဟိုတယ်ခန်းမှာ ဖြစ်နိုင်ပါတယ်။

အဲဒီအခန်းတွေက ဒီဟိုတယ်မှာ ဈေးအကြီးဆုံးပါပဲ။ တည ဒေါ်လာ လေးထောင်ပါ။

ဈေးအပေါဆုံးအခန်းကလည်း ဒေါ်လာ နှစ်ရာကျော်ပါမယ်။

The Royal Suite အမျိုးအစား အခန်းမှာ ကျည်ကာမှန်တပ်ထားရခြင်းကလည်း လုံခြုံရေးအကဲဆတ်သူတွေ တည်းခိုဖို့ ရည်ရွယ်ပုံရပါတယ်။

ထိပ်သီးဆွေးနွေးပွဲများမတိုင်ခင် ဖွင့်ခဲ့တဲ့ ဒီဟိုတယ်က ဆွေးနွေးပွဲပြုလုပ်တဲ့ နေရာနဲ့ သိပ်မဝေးပါ။ လေဆိပ်နဲ့တော့ မိနစ် ၂၀ ကားမောင်းရမယ်လို့ ဆိုတယ်။

ဒီဟိုတယ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေကတော့  Kanbawza (KBZ) နဲ့    Jewellery Luck တို့ပါပဲ။

  တခြားသော စီးပွားရေးအုပ်စုကြီးတွေနဲ့ မတူတာကတော့ သူတို့က အမေရိကန်ဒဏ်ခတ်မှု မခံရခြင်းပါပဲ။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ သြဂုတ်လ ခရီးစဉ်မှာတော့   သူတို့  the Lake Garden ဟိုတယ်ကို ရွေးခဲ့တဲ့အတွက် အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ဦးဇော်ဇော်ရဲ့ ဟိုတယ်ဖြစ်တဲ့အတွက်ပါ။
နိုင်ငံခြားရေးဌာနကတော့ သူတို့ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ဆိုတယ်။

အခု အိုဘားမား တည်းမယ် ဆိုတဲ့ Kempinski ကတော့  နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတကာဟိုတယ်ကြီး ၄ ခုထဲ ပါဝင်ပါတယ်။ ကျန်တာတွေကတော့  Hilton,  Parkroyal, Accor အုပ်စုတွေက ဖွင့်ထားတဲ့ ဇိမ်ခံ ဟိုတယ်များ  ဖြစ်ပါတယ်။
အာဆီယံပွဲတွေမတိုင်ခင်  ဒေသခံ လုပ်ငန်းရှင်တွေနဲ့ တွဲပြီး ဖွင့်ထားခြင်း ဖြစ်ပါတယ်။

 စည်သူလင်း

  • ကိုးကား

Obama to Stay in Kempinski Hotel in Naypyidaw: Report
http://www.irrawaddy.org/burma/obama-stay-kempinski-hotel-naypyidaw-report.html

/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved