သရဖူ အသိမ်းခံခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါ တကယ်သွားပြိုင်ရပြီ

Friday, November 28, 2014


လွန်ခဲ့တဲ့ လေးလလောက်က Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံထားရပြီး တူရကီနိုင်ငံကို သွားပြိုင်ခါနီး ၁၀ ရက်လောက်အလိုမှ Organization ဘက်က သရဖူ (crown) ပြန်သိမ်းခဲ့လို့ သွားမပြိုင်လိုက်ရတဲ့ အလှမယ် ဂျူးစံသာကို မှတ်မိကြဦးမလားပဲ။


ဓာတ်ပုံ - Miss Golden Myanmar Organization official facebook


 ဒီလို အသိမ်းခံခဲ့ရတဲ့အကြောင်းဟာ ဖေ့ဘုတ် လူမှုကွန်ရက်တွေမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့လို့ နောက်ပိုင်းအလှမယ်တွေ မယ်အဖြစ် အရွေးခံရရင်တောင် “ကရာင်းအသိမ်းခံရမယ်နော် ကိုယ့် ကရာင်းကိုယ်ဖွက်ထား” ဆိုတဲ့ အထင်တွေ အမြင်တွေလည်း ပလူပျံနေခဲ့တာ ဒီကနေ့အထိပေါ့။

သူမဟာ ဒီတခါတော့ Miss Tourism Myanmar 2014 အဖြစ် အရွေးခံရပြီး Miss Tourism 2014 ပြိုင်ပွဲကို သွားပြိုင်ဖို့ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ညနေမှာ ဗင်နီဇွဲလားနိုင်ငံ (Venezuela) နိုင်ငံသို့  ထွက်ခွာတော့မှာပါ။

ပထမတခါမှာတော့ သွားခါနီး လာခါနီး သရဖူအသိမ်းခံခဲ့ရလို့ ၀မ်းနည်းခဲ့ရပြီး သတင်းစားရှင်းလင်းပွဲတွေ ပြုလုပ်ကာ ဖြေရှင်းချက်တွေ ပေးခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါမှာ နိုင်ငံတကာ စင်မြင့်ကိုတကယ်သွားရပြီဆိုတော့ သူ့ခံစားချက် ဘယ်လိုရှိနေမလဲ။

“ပထမတခေါက်တုန်းကတော့ ပျက်ခဲ့တယ်။ အခုတခေါက်မှာ တကယ် သွားရမယ်လည်းဆိုတော့ အရမ်းလည်း ပျော်နေသလို အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ်လုပ်ချင်တဲ့ အရာတခုကို လုပ်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေပါတယ်။ ကိုယ်နဲ့ အသိလည်း တယောက်မှ မရှိ၊ မြန်မာလူမျိုးလည်း တယောက်မှ မရှိတဲ့နိုင်ငံမှာ သွားပြိုင်ရမှာဆိုတော့ တော်တော်တော့ စိတ်လှုပ်ရှားနေပါတယ်” လို့ အလှမယ် ဂျူးစံသာ ပြောပါတယ်။

အလှမယ် ဂျူးစံသာကို  Miss Golden Land Myanmar Organization က ၎င်းရဲ့ တရားဝင်ဖေ့ဘုတ် စာမျက်နှာကနေ တဆင့် ပရိတ်သတ်ရဲ့ အဆုံးအဖြတ်နဲ့ Miss Tourism Myanmar 2014 အဖြစ် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပမယ့် Miss Tourism 2014 ပြိုင်ပွဲကို နိုင်ငံပေါင်း ၈၀ ကျော်က ကိုယ်စားပြုအလှမယ်တွေ လာရောက်ယှဉ်ပြိုင်ကြမှာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved