လမ်းသွားရင်းဖုန်းအားဖြည့်ဖို့ Power Bank တွေရွေးကြမယ်

Saturday, November 29, 2014






 ဒီနေ့ ICT ခေတ်ကြီးထဲမှာ Smart Phone တွေဟာ လူသားတွေအတွက် မရှိမဖြစ် အရေးပါတဲ့ပစ္စည်း၊ လူသားတွေရဲ့ နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် ထိတွေ့ကိုင်တွယ်အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတခု ဖြစ်လာပါတယ်။

Smart Phone တလုံးနဲ့ အင်တာနက် အသုံးပြုတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ စာဖတ်တာ၊ ဖုန်းပြောတာ စတဲ့ ဖုန်းတလုံးမှာပါဝင်တဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို အသုံးပြုလာရတဲ့အတွက် စမတ်ဖုန်း အသုံးပြုသူတွေအတွက် ဖုန်းမှာ နဂိုမူလ ပါဝင်တဲ့ Battery တလုံးနဲ့တင်မလုံလောက်နိုင်တော့ပါဘူး။ အထူးသဖြင့် Smart Phone တလုံးကို တနေကုန် နည်းမျိုးစုံ အသုံးပြုရသူတွေနဲ့ ခရီးဝေးသွားသူတွေအတွက် ဖုန်းအားပြန်ဖြည့်ဖို့ Power Bank ဆိုတဲ့ IT Gadget ပစ္စည်းလေးက မရှိမဖြစ် လိုအပ်လာပါတယ်။










ဒီ ရာသီချိန်ခါ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေကလည်း ခရီးသွားလို့ကောင်းတဲ့ ခရီးသွား ချိန်ခါရာသီဆိုတော့ ဒီလို အချိန်မှာရပ်ဝေးရပ်နီး ပြည်တွင်းပြည်ပ ခရီးသွားလိုသူတွေအတွက် ခရီးသွားတဲ့အခါ မိမိရဲ့စမတ်ဖုန်းနဲ့အတူ စမတ်ဖုန်း အားကုန်သွားရင် အားပြန်ဖြည့်ပေးနိုင်တဲ့ Power Bank တွေဝယ်ထားသင့်ပါတယ်။

ခရီးသွားရင်း ရောက်ရာအရပ်မှာ ရှုခင်းနဲ့Selfie ရိုက်သူတွေ ဟိုဟိုဒီဒီ Check-in တင်ပြီး Facebook တင်ချင်သူတွေ၊ Facebook Crazyတွေအတွက် Facebookသုံးရင်း အားကုန်သွားတာ၊ Selfie ပုံရိုက်ရင်း ဖုန်းအား မကျန်တော့တာ၊ အဲဒီလိုတွေမဖြစ်ရအောင် Power Bank ကို စမတ်ဖုန်းနဲ့အတူ သွားလေရာမှာ မရှိမဖြစ် အရေးတကြီးဆောင်ထားသင့်ပါတယ်။ Power Bankတွေရဲ့ အရွယ်အစားက သယ်ရတာ လွယ်ကူ ပေါ့ပါးတာကြောင့် ဘယ်ကိုသွားသွား အိတ်ထဲ အလွယ်တကူဆောင်ထားလို့ရပါတယ်။

Power Bank ဆိုရင်ဈေးနှုန်းအမျိုးမျိုး၊ အရောင်အသွေး၊ ဒီဇိုင်းအမျိုးမျိုး၊ တံဆိပ်မျိုးစုံရှိပြီး တချို့Power Bankတွေရဲ့အားပြန်သွင်းနိုင်တဲ့ဗို့အားပမာဏကလည်းအမျိုးမျိုးရှိပါသေးတယ်။ Power Bank တလုံး ဝယ်ယူမယ်ဆိုရင် ကိုယ်လက်ရှိ အသုံးပြုနေတဲ့စမတ်ဖုန်းနဲ့ သင့်လျော်အဆင်ပြေတဲ့ Power Bank အမျိုးအစားကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်ဖို့အရေးကြီးပါတယ်။

ဈေးနှုန်းမြင့်မားပြီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတွေအတွက် သူတို့နဲ့ကိုက်ညီတဲ့ ဗို့အား ပမာဏ ပြန်လည်ဖြည့်သွင်းပေးနိုင်တဲ့ Power Bank မျိုး၊ အရည်အသွေးကောင်းပြီး အာမခံချက်ရှိတဲ့Power Bank မျိုးကို ဝယ်ယူသုံးစွဲပေးဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် ဖုန်းကို အားပြန်ဖြည့်သွင်းတဲ့အခါ မလိုလားအပ်တဲ့ အားပြန်ပြည့်ဖို့ ကြန့်ကြာမှုတွေ၊ အားမဝင်တာတွေစတဲ့ ပြဿနာတွေမဖြစ်တော့ဘူးပေါ့။












တော်တန်ရုံ ဈေးနှုန်းသင့်တဲ့ စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ကလည်း ထမ်းပိုး ထက် လက်ခကြီးဆိုတာမျိုး မဖြစ်ရအောင် ကိုယ့်စမတ်ဖုန်းနဲ့ ဈေးနှုန်းသင့်တဲ့ Power Bank မျိုးကို ဝယ်ယူနိုင်ပါတယ်။ Power Bank တွေရဲ့ဈေးနှုန်းအနေနဲ့က အရည်အသွေးကောင်းကောင်းနဲ့ အာမခံချက်ရှိတဲ့ Power Bank တွေဆိုရင် အနိမ့်ဆုံး ဈေးနှုန်းကျပ်တသောင်းဝန်းကျင်လောက်ကနေ ၄သောင်း၊ ၅သောင်း၊ ၆သောင်းကျော်အထိအစားစားရှိပါတယ်။

Power Bank တွေက စမတ်ဖုန်း တမျိုးတည်းမှာတင် အသုံးပြုနိုင်တာမျိုး မဟုတ်ပါဘူး။ စမတ်ဖုန်းနဲ့အတူ ဒီနေ့ခေတ် လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ iPad, Tablet, Phablet စတဲ့ IT Gadget အမျိုးအစားစုံမှာ အသုံးပြုနိုင်ပါတယ်။ Power Bank မှာလည်း ရေစိုခံ Power Bank, Bluetooth Speaker ပါဝင်တဲ့ Power Bank Pod နှစ်ခုပါဝင်ပြီး Gadget နှစ်မျိုးတပြိုင်တည်း အားပြန်သွင်းလို့ရတဲ့ Power Bank စသဖြင့် အမျိုးအစားစုံ၊ ဒီဇိုင်းအမျိုးစုံ ရှိပါတယ်။




ကဲ...ဒီလောက်ဆိုရင်တော့ Smart Phone, iPhone, iPad, Tablet, Phablet တွေအတွက် မရှိမဖြစ် အရေးတကြီး ဆောင်ထားသင့်တဲ့Power Bank ကို ဒီလို ခရီးသွားချိန်ခါ ခရီးသွားရာသီမှာ ခရီးသွားရင်း သုံးနိုင်ဖို့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ သင့်လျော်မယ့် Power Bank ကောင်းကောင်းတလုံး ဝယ်ထားရအောင်လား။



သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved