ကိုပါကြီး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ၄၃၆ နဲ့ PR အတွက် ပေါင်းတည်မြို့မှာ ဆန္ဒပြ

Monday, November 10, 2014

ပဲခူးတိုင်းအနောက်ပိုင်း ပေါင်းတည်မြို့မှာ အလွတ်သတင်းထောက် ကိုပါကြီး မတရားဖမ်းဆီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေးအပါအ၀င် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးတို့အပြင် PR စနစ်အလိုမရှိကြောင်းကို လူတရာကျော်လောက်က မနေ့က တနင်္ဂနွေနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။


ဓာတ်ပုံများ- ကောင်းမြတ်မင်း /ဧရာဝတီ



  မနက် ၉ နာရီလောက်မှာ ပေါင်းတည်မြို့၊ မှတ်တိုင်လမ်းက စတင်ခဲ့ကာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပီအာစနစ်ဆိုးကျိုးဟာညီညွတ်ရေးကိုဖြိုခွင်းတာ၊ ဥပဒေမဲ့သူအာဏာရှင်ဆိုးကျိုးစနက်၊ တရားဥပဒေစိုးမိုးရေးအတွက်အာဏာရှင်စနစ်ကိုတိုက်ဖျက်၊ ပြည့်သူ့သမ္မတ ပြည်သူသာ ရွေးပိုင်ခွင့်ရှိတယ် ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

အဓမ္မ၀ါဒီအလိုမရှိ၊ ဥပဒေမဲ့သတ်ဖြတ်မှုအလိုမရှိ၊ အဓမ္မလယ်ယာမြေသိမ်းဆည်းမှုဖျက်သိမ်းရေး ဒို့အရေး၊ ဖမ်းဆီးထောင်ကျခံမီဒီယာသမားများ ချက်ခြင်းလွှတ်ပေးရေး ဒို့အရေး ၊ စစ်မှန်သောနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေး ဒို့အရေး၊ ပီအာစနစ်မကျင့်သုံးရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ပြီး လူစည်ကားရာလမ်းတလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ရှေ့နေဦးအေးလွင်က “ ပထမဦးဆုံး ယူနတီဂျာနယ်ကအယ်ဒီတာနဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတယ်၊ နောက်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက်ဝယ်ယူမှုကို ထောက်ပြပြောဆိုလို့  Daily ELEVEN ကိုတရားစွဲထားတယ်၊ အခုသံတော်ဆင့်မှာ သမ္မတအကြောင်းကိုရေးလို့ ဂုဏ်သိက္ခာ ကျဆင်းတယ်ဆိုပြီး ၁၁ ယောက်ကို တရားစွဲပြန်တယ်။ အလွတ်သတင်းထောက်ကိုပါကြီးကို သတ်တယ်။ ဒီအစိုးရကဒီမိုကရေစီကိုသွားမယ်လို့ပြောပြီး အခုက သတင်းသမားနဲ့ တက်ကြွလှုပ်ရှားသူ တောင်သူလယ်သမား၊ အလုပ်သမားကို ထောင်ချတယ် ဒါတွေကိုကြည့်ခြင်းအားဖြင့် တရားစီရင်ရေးမှာ အုပ်ချုပ်ရေးကလွှမ်းမိုးနေတယ်လို့ ပြောလို့ရတယ်။”

ဆန္ဒပြတာဟာ တရားဝင်ဆန္ဒပြခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်း ၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အရင် စစ်အစိုးရလက်ထက်က အငွေ့အသက်တွေပြန်လည်မြင်တွေ့လာရကြောင်း ဦးဆောင်သူတဦးဖြစ်တဲ့ ကိုခင်မောင်လှိုင်က ဆိုပါတယ်။

ဒါ့ထက် တရားဥပဒေစိုးမိုးရေးပျက်ပြားနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအဆင်မပြေတဲ့အပြင် ပြည်တွင်း
စစ်လည်း နေရာအတော်တော်များများမှာ ဖြစ်ပွားနေတဲ့အတွက် စစ် အနိဌာရုံများကို မြင်တွေ့နေရကြောင်း စစ်မှန်သောဒီမိုကရေစီကို ရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်လိုအပ်တဲ့အတွက် ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ပြောပါတယ်။

ကောင်းမြတ်မင်း












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved