အပင်သက်တမ်း ၅ နှစ်ရှိမှသာ "ကမ္ဘာမြေချစ်သူ" ဆုပေးမည်

Thursday, December 11, 2014


သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ သစ်ပင်စိုက်ပျိုးခြင်း၊ လှုပ်ရှားခြင်းတွေကို  ဆောင်ရွက်နေသူတွေ အတွက် ပေးအပ်တဲ့ “ ကမ္ဘာမြေချစ်သူဆု”ကို အနည်းဆုံး အပင်သက်တမ်း ၅နှစ် ရှိမှသာ ထည့်သွင်းဆုံးဖြတ်မယ်လို့ ကမ္ဘာမြေချစ်သူဆု ကျင်းပရေးကော်မတီအဖွဲ့မှ သိရပါတယ်။








"ကမ္ဘာမြေချစ်သူ"ဆုရ ဦးအုန်း (ဓာတ်ပုံ - မေစိုးစံ)

ကမ္ဘာမြေချစ်သူဆု ကျင်းပရေးကော်မတီအဖွဲ့ကို ကုမ္ပဏီအချို့က စိုက်ပျိုးပြီးကာစ ပျိုးပင်ငယ်ကလေးတွေကို တင်ပြလာတဲ့အတွက်  အဲ့ဒီလို အပင်ငယ်တွေရဲ့ ရှင်သန်မှုကို သေချာစွာ မသိနိုင်တာကြောင့် အခုလို  စည်းကမ်းသတ်မှတ်လိုက်တာပါ။

 “ဒီဆုနဲ့ပတ်သက်ပြီး ပြဿသနာရှိလာတယ်။ဒီဆုက ရွက်ပုန်းသီးတွေကို ပေးတာ၊ အခု တထွာ နှစ်ထွာစိုက်ပြီး တင်ပြသူရှိလာတဲ့အတွက် အနည်းဆုံး အပင်ရှင်သန်မှု ၅နှစ်ရှိမှ စဉ်းစားဖို့ မူပြောင်းချမှတ်လိုက်တယ်” လို့ ကျင်းပရေးကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။

ဒါ့အပြင် ၎င်းဆုအတွက် အပင်ရှင်သန်မှု သက်တမ်းအနည်းဆုံး ၅နှစ်ရှိရမည့်အပြင် အနည်းဆုံး အပင်ပေါင်း တစ်ထောင်စိုက်ထားပြီး ခိုင်မာတိကျတဲ့ အချက်အလက်တွေကိုပါ တင်ပြနိုင်ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၀၅ ခုနှစ်တွင် ပုပ္ပါးတောင် စိမ်းလန်းစိုပြေလာအောင် ပြုလုပ်နိုင်ခဲ့တာကြောင့် ဂျပန်နိုင်ငံက “ကမ္ဘာမြေချစ်သူဆု” အယောက် ၁၀၀ ပေးအပ်ချီးမြင့်ရာတွင် မြန်မာနိုင်ငံမှ သစ်တောပညာရှင် ဦးအုန်း ( ဖရီဒါ ) က ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံမှာလည်း ၂၀၁၀ ခုနှစ်က စတင်လို့ ပေးအပ်ခဲ့တာပါ။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် အထူးဆုအနေနဲ့ ပေးအပ်ခဲ့ပေမယ့် ဒီဇင်ဘာ ၉ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မှာတော့ အထူးဆုပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

“ကမ္ဘာမြေချစ်သူ” ဆုချီးမြှင့်ခြင်း တတိယအကြိမ်မြောက်တွင် ပဲခူးမြို့နယ် ကျောက်တန်းရွာမှ ဆရာတော် ၊ ကျောက်ပန်းတောင်းမြို့နယ်မှ ဆရာတော် ၊ ပခုက္ကူမြို့နယ်အတွင်းမှ green echo အဖွဲ့နဲ့ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ အနီးစခန်း သဘာဝပတ်ဝန်းကျင် ချစ်သူများအသင်း စုစုပေါင်း လေးဆု ချီးမြင့်ခဲ့ပါတယ်။

ဒီဆုကို ပေးရာတွင် အမှန်တကယ် စိုက်ပျိုးထားသည့်နေရာများ အထိ လေ့လာစုံစမ်းခြင်းများပြုလုပ်ပြီးမှသာ ရွေးချယ်ပေးခြင်းဖြစ်ပါတယ်။


မေစိုးစံ 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved