ကိုရီးယားလေကြောင်းလိုင်းရဲ့ မြေပဲဆားလှော်ဇာတ်လမ်း

Thursday, December 11, 2014


ကိုရီးယားလေကြောင်းလိုင်းဟာ မြေပဲဆားလှော်ကိစ္စကြောင့် နိုင်ငံတကာက သတင်းတွေ ဝိုင်းပြီး ရေးသား ထုတ်လွှင့်တာနဲ့ ရင်ဆိုင်နေရပါပြီ။

    


  • နယူးယောက် JFK လေဆိပ် (ဓာတ်ပုံ - Reuters )

နယူးယောက် JFK လေဆိပ်ကြီးကနေ ထွက်တဲ့ ခရီးစဉ်တခုမှာ  ကိုရီးယားလေကြောင်းလိုင်း ဥက္ကဋ္ဌရဲ့ သမီးတော်ကြီး Cho Hyun-ah လည်း အထူးတန်းကနေ လိုက်ပါခဲ့ရာကနေ ဇာတ်လမ်း အစပြုပါတယ်။

သူက ဝန်ထမ်းတယောက်ကို လေယာဉ်ထဲက မောင်းထုတ်လိုက်တဲ့အတွက် လေယာဉ် အထွက် နောက်ကျသွားတဲ့ဇာတ်လမ်းပါ။
 

ဒီလေကြောင်းလိုင်းမှာ ဒီ သမီးတော်ကြီးက လေယာဉ်အတွင်းပိုင်း ဝန်ဆောင်မှုဌာန ဒုတိယအကြီးအကဲလည်း ဖြစ်တဲ့အတွက် အဲဒီလို မောင်းထုတ်ခွင့်ရတဲ့သဘော။

အဲဒီဝန်ထမ်းက ဘာ အပြစ် ကျူးလွန်မိပါသလဲ။
သူနဲ့ အထူးတန်းခရီးသည်တွေကို မြေပဲဆားလှော် ဝေရာမှာ ပန်းကန်ထဲ ထည့်ပေးရမယ့်အစား အထုပ်လိုက် ဝေလို့ပါ တဲ့။

နယူးယောက်မှာ အဲဒီလို သမီးတော်နဲ့ ဝန်ထမ်းနဲ့ ကတောက်ကဆ ဖြစ်တဲ့အတွက် လေယာဉ်က မိနစ် ၂ဝ အထွက်နောက်ကျသွားတယ်၊ ဒီဖြစ်ရပ်ကြောင့် သမီးတော်ကြီးကို တောင်ကိုရီးယားမှာ ဝိုင်းဝန်း ဝေဖန်ကြရာကနေ အင်္ဂါနေ့မှာတော့ သမီးတော်ကြီး ရာထူးက နုတ်ထွက်သွားပါသတဲ့။
ဒီအမျိုးသမီးက အသက် ၄၀ ရှိပါပြီ။

သူ့ရဲ့ မောင်နှမတွေထဲက ၂ ယောက်ကလည်း ကိုရီးယားလေကြောင်းလိုင်းမှာ ရာထူးကြီးကြီး ယူထားကြကြောင်း  http://www.irrawaddy.org/asia/nuts-korean-flight-delayed-first-class-spat.html  ဆိုတဲ့ သတင်းမှာ ရေးထားပါတယ်။

ဒီအတိုင်းဆိုရင် ... နုတ်ထွက်သွားတဲ့ သမီးတော်ကြီးက မြေပဲဆားလှော်မြင်တိုင်း အမျက်ဒေါသတွေ အတောင့်လိုက် ထွက်ကောင်း ထွက်ပါလိမ့်မယ်။

ကိုယ့်ဖောက်သည်၊ ကိုယ့်ခရီးသည်ကို ဝန်ဆောင်မှု ကောင်းကောင်း ပေးဖို့ လိုအပ်သလို ကိုယ့်လေယာဉ်မယ်တွေကိုလည်း လူလို ဆက်ဆံတတ်ဖို့ လိုအပ်မယ်ဆိုတာ သူ သဘောပေါက် သွားရင် ကောင်းမှာပဲလို့ ဆိုချင်ပါတယ်။

ဒီလိုလူတန်းစားတွေကြား ဒီလို အပြုအမူ ကျူးလွန်တတ်တဲ့ အကြောင်း တောင်ကိုရီးယားမှာ ပြောဆိုနေကြပါပြီ။
တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းကြီးတွေမှာ မိသားစုလိုက် ဝင်ရောက် ထိန်းချုပ်နေကြတာ ထုံးစံပါပဲ တဲ့။
k Pop က မြန်မာပြည်မှာ အခုမှ ခေတ်စားတာ၊  k Business ကတော့ မြန်မာပြည်ရောက်နေတာ ကြာလှပေါ့လို့ ဆိုရပါမယ်။ မြန်မာပြည်က လုပ်ငန်းကြီးတချို့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ အစည်းအဝေးတွေကို ကြည့်လိုက်ရင် တမိသားစုလုံး ဝင်ထိုင်နေကြတာကို တွေ့ရပါလိမ့်မယ်။

လေကြောင်းလိုင်းကလည်း ဒီဇင်ဘာ ၅ ရက်နေ့ JFK လေဆိပ်မှာ လေယာဉ်အထွက်နောက်ကျခဲ့ကြောင်း အတည်ပြုပါတယ်။

သို့သော်လည်း ဝန်ထမ်းကို လေယာဉ်ထဲက မောင်းထုတ်သူက လေယာဉ်မှူးဖြစ်တယ်လို့ ဖာဖာထေးထေး ဆိုပါတယ်။

သမီးတော်ကြီးရဲ့လုပ်ရပ်က လေကြောင်းလိုင်းလုံခြုံရေးစည်းကမ်းချက်တွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းရေးဝင်နေပြီဖြစ်ကြောင်း အစိုးရက ကြေညာပါတယ်။
အကြမ်းဖက်တဲ့နည်း၊ ရာထူးအရှိန်အဝါ သုံးတဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း တခုခုနဲ့ လုံခြုံရေး ချိုးဖောက်ခဲ့တယ် သို့မဟုတ် လေယာဉ်ကို အနှောက်အယှက်ပေးခဲ့တယ်
ဆိုတာ ပေါ်လွင်ရင်တော့ တရားစွဲခံရဖွယ် ရှိပါတယ် တဲ့။

သမီးတော်ကြီး နုတ်မထွက်ခင် လေကြောင်းလိုင်း ပြောဆိုတာကတော့ လေယာဉ်ဝန်ထမ်းကို ပြစ်တင်ကြိမ်းမောင်းတာက သူ့ရဲ့ လုပ်ငန်း သဘာဝပါပဲ တဲ့။

လေယာဉ်မယ်တွေဟာ ခရီးသည်တွေ မြေပဲဆားလှော် သုံးဆောင်ချင်သလား မသုံးဆောင်ချင်သလား ဆိုတာ အရင်ဆုံး မေးရမယ်၊
တချို့က မြေပဲဆားလှော်နဲ့ ဓာတ်မတည့်တာမျိုး ရှိတတ်တဲ့အတွက်လည်း ဒီလို အရင်ဆုံး မေးဖို့ စည်းကမ်းထုတ်ထားခြင်းပါ။

လေယာဉ်ဝန်ထမ်းတွေကို ခရီးသည်တွေနဲ့ဆက်ဆံရေး၊ လုံခြုံရေး ကိစ္စရပ်တွေ တိုးတက်ရေးအတွက် သင်တန်းပေးမယ်လို့ လေကြောင်းလိုင်းက ဆိုပါတယ်။


စည်သူလင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved