အကယ်ဒမီ ဗန်းကိုင်မဟုတ်တော့တဲ့ ရွှေကြိုများ

Wednesday, December 10, 2014



ဓာတ်ပုံများ - စိုင်းဇော်/ ဧရာဝတီ


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပွဲရဲ့ စင်မြင့်ထက်က အကယ်ဒမီဗန်းကိုင်တွေကို တော်တော်များများ သတိထားမိကြမှာပါ။ အဲ့ဒီလို အကယ်ဒမီဗန်းကိုင်ရှင်တွေဖြစ်ဖို့ မလွယ်ကူသလို အကယ်ဒမီ ဗန်းကိုင် တော်တော်များများဟာလည်း နောက်ပိုင်းမှာ အနုပညာလောကတွင် အောင်မြင်တဲ့ သရုပ်ဆောင်တွေ အဖြစ် ရပ်တည်လာနိုင်ကြပါတယ်။ ဒါကြောင့် တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင်တွေအနေနဲ့ နှစ်စဉ်ပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်အဖြစ် ပါဝင်လျှောက်ထားကြတာကိုတွေ့ရပါတယ်။ ဒီနှစ်မှာတော့ အကယ်ဒမီဗန်းကိုင်တွေကို ရွှေကြိုလို့ နာမည်ပြောင်းလိုက်ပါတယ်။ အမျိုးသမီးလေးတွေ သာမက ထူးထူးခြားခြား အကယ်ဒမီရွှေကြို အမျိုးသားတွေကိုပါ ရွေးချယ်ထားတာပါ။ ဒီနှစ်ရွေးချယ်ခံထားရတဲ့ ရွှေကြိုတွေဟာပရိသတ်တွေနဲ့ မစိမ်းလှတဲ့ အနုပညာရှင် မော်ဒယ်လ် ၊ Mr နှင့် Miss တွေ အများဆုံး ပါဝင်တာကို တွေ့ရပါတယ်။ ရွှေကြို အမျိုးသမီးဆယ်ယောက်နဲ့ အမျိုးသားဆယ်ယောက်ကို မကြာခင် ပြုလုပ်တော့မယ့် အကယ်ဒမီ ဆုချီးမြှင့်ပွဲမှာ တွေ့မြင်ရတော့မှာပါ။ သူတို့တွေထဲက အမျိုးသမီး ရွှေကြိုတွေရဲ့ စကားသံတချို့ကို ဧရာဝတီ ဘလော့ဂ် ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။




 မေမြတ်နိုး

ရွှေကြိုပွဲမှာ ၀င်အရွေးခံဖြစ်တာက သရုပ်ဆောင်တွေကို ဂုဏ်ပြုတဲ့ပွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်လို့ပါ။ ဘယ်လိုအရွေးခံရတာလည်းဆိုတော့ ပွဲမှာ မြတ်နိုးတို့ လမ်းလျှောက်ပြရတယ်၊ မေးခွန်းတွေ ဖြေရတယ်။ အဲဒီထဲကမှ ပွဲအတွက် သင့်တော်တဲ့သူကို သူတို့ရွေးချယ်တာပါ။ ညီမကို ဒီပွဲဝင်ပြိုင်လို့ သရဖူရထားတဲ့သူတစ်ယောက်အပေါ် ဝေဖန်မှုတွေ ဘယ်လိုရှိလဲဆိုရင် အဲဒါတွေက တွေးခေါ်မှု မှားနေတယ်လို့ပဲ ပြောပါရစေ။ ဒီလို ထူးချွန်တဲ့ သရုပ်ဆောင်တွေကို ချီးမြင့်တဲ့ပွဲမှာ မြတ်နိုးလည်း သရုပ်ဆောင် တစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာက ၀င်ရောက်ပါဝင်ရတာဟာ မြတ်နိုး ရတဲ့ Crown နဲ့လည်း ဘာမှမဆိုင်ဘူးလို့ထင်ပါတယ်။ မြတ်နိုးတို့လည်း သူများနဲ့တန်းတူ ဖောင်တင်တယ်။ တူတူ ၀င်အရွေးခံတယ်။ အားလုံးနဲ့တန်းတူ အားလုံးရှေ့မှာ ၀င်အရွေးခံခဲ့တာပါ။ အဲဒီထဲက မှ သင့်တော်တဲ့သူကို ရွေးလိုက်တာပါ။ မေးခွန်းတွေမှာလည်း ဖြေနိုင်တဲ့သူ ရှိသလို မဖြေနိုင်တဲ့သူလည်း ရှိပါတယ်။ မြတ်နိုးက သရဖူရထားတဲ့သူမို့လို့ အရွေးခံခဲ့ရတာ မဟုတ်ပါဘူး။

ခိုင်သဇင်ငုဝါ
 

ရွှေကြိုကို ဒီနှစ်မှဝင်ပြိုင်ဖြစ်တာက ညီမ အမေကလည်း ပြိုင်စေချင်တယ်။ ဖြစ်စေချင်တယ်။ အရင်နှစ်တွေထဲက ပြောနေပေမယ့် အကြောင်းကြောင်းတွေကြောင့် ၀င်မပြိုင်ဖြစ်ခဲ့ဘူး။  ဒီနှစ်မှ ၀င်ပြိုင်ဖြစ်တာပေါ့နော်။ ဒီနှစ်တော့ သေချာအလေးထားပြီး ဖောင်တင်တယ်။ ဓာတ်ပုံဆိုရင်လည်း သေချာရိုက်ပြီးတင်ခဲ့တယ်။ ၀င်ပြိုင်ဖြစ်ခဲ့တာကလည်း ဒီ ရွှေကြိုကနေ ပရိသတ်တွေ ညီမကို ပိုပြီး သတိထားမိမယ်ဆိုပြီး ၀င်ပြိုင်ဖြစ်ခဲ့တာပါ။ ရွေးပွဲမှာ ညီမတို့ ပထမအဆင့်မှာ လမ်းလျှောက်ခိုင်းတယ်။ ပြုံးပြခိုင်းတယ်ပေါ့။ ဒုတိယအဆင့်မှာ မေးခွန်းတွေမေးတယ် ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေမေးတယ်။ မြန်မာရုပ်ရှင် ဘယ်နှစ်ခုနှစ်ကစလဲ။ အကယ်ဒမီဘယ်နှစ်ခုနှစ်မှာ စပေးလည်း ဆိုပြီးမေးတယ်။ ရွှေကြိုမှာ မိန်းကလေးဆယ်ယောက်၊ ယောကျာ်းလေး ဆယ်ယောက်မှာ ညီမက အောင်ထွဋ်စံ နဲ့တွဲမှာပါ။ စင်ပေါ်ငါးတွဲ၊ စင်အောက်ငါးတွဲထားမှာ ဖြစ်ပြီး အလှည့်ကျ စင်ပေါ်တက်ရမှာပါ။ ငါးတွဲကလည်းအလှည့်ကျ စင်ပေါ်တက်ရမှာပါ။

ယွန်းမီမီကျော်

ညီမက ရွှေကြိုရွေးပွဲမှာ ၀င်ပြိုင်ဖြစ်တာက ညီမက အကယ်ဒမီပေးပွဲကို နှစ်တိုင်းအိမ်ကနေပဲ အားပေးခဲ့ရတာလေ။ အဲဒီမှာကြည့်ရင်း ဗန်းကိုင် အမတွေကို အရမ်းအားကျတယ်။ သူတို့ဆိုရင်လည်း သူတို့လျှောက်လှမ်းနေတဲ့ အနုပညာလောကမှာ နေရာတွေလည်း ရနေကြပြီလေ။ ဒါကြောင့်ဒီနှစ် ၀င် အရွေးခံခဲ့တယ်။ ရွေးပွဲမှာ မိတ်ဆက်တာ လမ်းလျှောက်ပြရတာ လုပ်ပြရတယ်။ နောက်တစ်ဆင့်မှာ မေးခွန်းတွေမေးပါတယ်။ ညီမက အကယ်ဒမီပေးပွဲမှာ   စိုးသီဟနဲ့တွဲရမှာပါ။ ပြိုင်ပွဲကို Miss တစ်ယောက်အနေနဲ့ ၀င်ပြိုင်ပြီး အရွေးခံရတာ ဘယ်လိုခံစားမိလဲဆိုတော့ ကိုယ်သည် ပြိုင်ပွဲတစ်လျှောက် ကိုယ့်ကိုကိုယ် Miss တစ်ယောက်ဆိုတာကို ခေါင်းထဲကို မထည့်ထားဘူး။  ကိုယ်သည် သူများတွေနဲ့တန်းတူ ပြိုင်ပွဲဝင်တစ်ယောက်ပါပဲ။ ပြိုင်ပွဲကို အချိန်နောက်မကျဘဲ လာတယ်။ပြိုင်ပွဲတွေက အားလုံးတူတူပါပဲ။ လူများတာနဲ့ နည်းတာပဲ ကွာတယ်ပေါ့။  ဒီပြိုင်ပွဲကို လာပြိုင်ပါဆိုပြီး သူတို့ကလည်း ဖိတ်ခေါ်တာလည်း မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ဝင်အရွေးခံခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ဒီဆယ်ယောက်ထဲမှာ အရွေးခံရပါ့မလားဆိုပြီး ရင်တုန်ခဲ့ပါတယ်။ ပွဲမှာလည်း အကောင်းဆုံး ကြိုးစားခဲ့တဲ့ အတွက် အရွေးခံရတယ်လို့ ထင်ပါတယ်။

နန်းစန္ဒာလှထွန်း

ရွှေကြိုကို ၀င်အရွေးခံခဲ့တာက အဓိက ညီမက အနုပညာသရုပ်ဆောင်လိုင်းမှာ လမ်းတစ်လမ်းဖြစ်တာမို့ ၀င်ပြိုင်ဖြစ်ခဲ့တာပါ။ ပွဲမှာ လမ်းလျှောက်ပြရတယ်။ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေမေးမယ်ဆိုလို့ အဲဒါတွေ လေ့လာထားခဲ့တယ်။ အ၀တ်အစားပိုင်းကိုလည်း သေချာဂရုစိုက်ပြင်ဆင်ခဲ့ပါတယ်။ ဒီလိုအရွေးခံရတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်။ ညီမက သုတနဲ့တွဲရမှာပါ။ ပွဲအတွက် ရီဟာဇယ်က ဒီဇင်ဘာ ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ ရုပ်ရှင်အစည်းအရုံးမှာ လေ့ကျင့်မှာပါ။  ဒီဇင်ဘာ ၂၄၊ ၂၅ ရက်တွေမှာက တကယ်ဝတ်စုံ အပြည့်နဲ့ ရီဟာဇယ်ကို ပွဲလုပ်မယ့် MEP မှာလုပ်မှာပါ။ ညီမတို့ကို မစ္စတာ ဘရိုင်ယန်က ပွဲအတွက် လေ့ကျင့်သင်ကြားပေးနေပါတယ်။

အမရာငြိမ်း

ရွှေကြိုအဖြစ်ဝင်ရောက်အရွေးခံဖြစ်တာက ညီမက အရင်က မော်ဒယ်လ်လေ၊ အခုနောက်ပိုင်း သရုပ်ဆောင်ပိုင်းဘက်ကိုလည်း လုပ်မယ်ဆိုတော့ ဒီအကယ်ဒမီဗန်းကိုင်ကို ၀င်ရောက်လုပ်ဖြစ်တာပါ။ ကိုယ်က သရုပ်ဆောင်ပိုင်းကိုလှုပ်ရှားတဲ့အခါ  ပရိသတ်လည်း ကိုယ်ကို သတိထားမိအောင် ဒီပွဲကလည်း အများကြီးအထောက်အကူပေးတယ်လေ။ သရုပ်ဆောင်ပိုင်းကိုလည်း အခွင့်အရေးရမယ်ဆိုရင် ညီမကြိုးစားကြည့်ချင်ပါတယ်။ ရွှေကြိုအဖြစ် ညီမက ကိုလင်းမြတ်နဲ့ အတူတူ တွဲရမှာပါ။ ရွေးချယ်ခံတဲ့အတွက် ခံစားချက်က ပြိုင်ပွဲဝင် လေးရာကျော်ထဲမှာ ဆယ်ယောက်ပဲရွေးမယ်ဆိုတော့ အရွေးခံရမယ်လို့လည်းမမျှော်လင့်ခဲ့ပါဘူး။ အရွေးချယ်ခံရတော့လည်း မမျှော်လင့်ထားတော့ အရမ်းဘဲဝမ်းသာရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved