လူငယ်နဲ့ ခေတ်ရေစီး

Friday, December 5, 2014


ခေတ်တိုင်းခေတ်တိုင်းမှာလူငယ်ဆိုတာသူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေးဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာလူကြီးဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာခေတ်ရေစီးအပြောင်းအလဲအတက်အကျတွေ တပါတည်းပါလာတတ်စမြဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲစတာတွေကို လေ့လာပြီးသူတို့ရဲ့ အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြနေပါတယ်။

 
ဓာတ်ပုံ - ဧရာဝတီ

ကိုခိုင်လင်း
အသက် (၂၅)နှစ်

Founder & CEO (MyLann)

“စွန့်ဦးတီထွင်တဲ့ လူငယ်တွေ ရှိလာတာအရမ်းကောင်းတယ်”
ကျနော်တို့ ဒီ MyLann ဆိုတဲ့ စားသောက်ဆိုင်လမ်းညွှန် Website & Mobile Application ကိုစလုပ်ဖို့ ဖြစ်လာခဲ့တာက ဧပြီ ၂၀၁၄ မှာကျနော်တို့ သူငယ်ချင်းသုံးယောက် ကျနော်၊ ကိုကျော်စစ်နိုင်၊ ကိုသန့်စင်နိုင်တို့ ကော်ဖီဆိုင်တဆိုင်မှာထိုင်ပြီး စကားပြောကြတယ်။

ကျနော်တို့ သုံးယောက်စလုံးက US ကနေ မြန်မာပြည်ကို ပြန်လာပြီးတခုခုလုပ်မယ်၊ သုံးယောက်စလုံး ကလည်း ကိုယ်ပိုင်လုပ်ငန်းတခုကို ထူထောင်ချင်တဲ့သူတွေဖြစ်တယ်၊ အဲဒါနဲ့ ကျနော်တို့ ဘာလုပ်ရမလဲ ဆိုပြီး တိုင်ပင်ကြည့်တယ်။ နောက် မြန်မာပြည်ရဲ့အခြေအနေကို ကြည့်ကြည့်တော့ စားသောက်ဆိုင်တွေက တဖြည်းဖြည်းနဲ့ များလာတယ်။

ကျနော်တို့ ဘာစားရမလဲဆိုတာကိုဘယ်လိုမှရွေးချယ်လို့မရဘူး၊ ခက်နေတယ်။ ဥပမာ - ကိုးရီးယား အစားအစာ စားချင်တယ်ဆိုရင် ဘယ်သူ့ကိုသွားမေးရမလဲမသိဘူး၊ ဘယ်မှာသွားရှာရမလဲမသိဘူး။ စားသောက်ဆိုင် တွေကလည်း တနှစ်ထက်တနှစ်  မှိုလိုပေါက်လာတယ်။  အဲဒါနဲ့ ကျနော်တို့သုံးယောက် စားသောက်ဆိုင် လမ်းညွှန် Online Version လုပ်ဖို့ စိတ်ကူးလိုက်တာပါ။

ကျနော်က အမေရိကန်ပြည်ထောင်စုမှာ Lafayette Collegeကနေ Computer Science နဲ့ Mathematicsကို Dual Degreeနဲ့ အောင်ခဲ့တယ်။ ကျောင်းပြီးတာနဲ့ ကျနော် United State မှာပဲ Software Developer အနေနဲ့ ၃ နှစ်တိတိ အလုပ်လုပ်ခဲ့တယ်။ ၃ နှစ် အလုပ်လုပ်ပြီး ကျနော် မြန်မာပြည်မှာတခုခု ပြန်လုပ်မယ်ဆိုပြီး ၂၀၁၄ မှာ ဒီကို ပြန်ရောက်တယ်။ ကျနော်တို့ MyLann စဖို့ လုပ်ခဲ့တဲ့ အစည်းအဝေးမှာပဲ နောက်ထပ် အဖွဲ့အစည်း တခုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ အဲဒါကတော့ MY-PC ဆိုတဲ့ Myanmar Youth Professional Clubဆိုတဲ့ လူငယ်အဖွဲ့အစည်းပါ။ ဒီအဖွဲ့က လူငယ်တွေတိုးတက်စေဖို့အတွက် တယောက်
နဲ့တယောက် အချင်းချင်းသင်ယူကြမယ်။ တယောက်ရဲ့  ပညာရပ်တွေ တယောက်ကိုတယောက်  Share ကြမယ်။ အဲဒီအတွက် တည်ထောင်ဖို့ ရည်ရွယ်ခဲ့တာပါ။ အခုဆိုရင် ဒီမှာအဖွဲ့ဝင်ပေါင်း ၂၀ နီးပါးရှိပါပြီ။ လစဉ် ကျနော်တို့ လူငယ်တွေအတွက် Networking Sessionတွေ လုပ်ပေးဖြစ်ပါတယ်။

ကျနော်တို့ MyLann ကို ဧပြီမှာစဖို့ စီစဉ်ခဲ့ကြပြီး မေလမှာစားသောက်ဆိုင် တဆိုင်ချင်းစီကို လူကိုယ်တိုင်သွား ပြီး Data တွေ လိုက်ကောက်တယ်။ အခုဆိုရင် ကျနော်တို့ MyLann Data Base ထဲမှာစားသောက်ဆိုင်ပေါင်း ၆၅၀ ကျော်ရှိပြီ။ အဓိကကစားသောက်ဆိုင်ကိုရှာဖွေတဲ့ နေရာမှာလွယ်ကူမြန်ဆန်အောင် လုပ်ထားတဲ့အတွက် MyLannရဲ့  Search Engine မှာ ရှာချင်တဲ့ Keywordsကို ရိုက်ပြီးရှာလို့ရတယ်။

ကိုးရီးယားအစားအစာ စားချင်ရင်  Korean Keyword ကို ရိုက်ရှာလို့ရတယ်။ Wifi ရှိတဲ့ Coffee ဆိုင်တွေ ရှာချင်ရင်  Wifiရယ် Coffeeရယ် ရိုက်ပြီးရှာလို့ရတယ်။ MyLann Website မှာကော၊ Mobile Applicationမှာပါ အဲဒီလိုရနိုင်အောင် လုပ်ထားပေးပါတယ်။ ကျနော်တို့ Mobile Application အတွက် Version 2ကိုလာမယ့် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီးလွှင့်ဖို့ စိတ်ကူးထားပါတယ်။ Mobileမှာ နောက်ထပ် ထူးခြားတာတခုက ကိုယ့်အနီးအနားမှာရှိတဲ့ ဆိုင်တွေကိုပါ ရှာပေးနိုင်တဲ့ Featureကိုပါ ထည့်ပေးထားပါတယ်။

ကျနော်က USမှာကတည်းက IT Backgroundနဲ့ ပြီးလာတာဆိုတော့ ဒီနည်းပညာအပိုင်းကကျနော့်  Field ဆိုတော့ ဒီ MyLann စလုပ်တော့ စားသောက်ဆိုင်  Data တွေ စကောက်တဲ့အချိန်မှာကျနော်တို့ 3rdParty Company တခုနဲ့ အလုပ်လုပ်တယ်။ အလုပ်လုပ်ပြီး ပြည်သူတွေလက်ထဲကို မြန်မြန်ရောက်အောင် MyLann Mobile Application နဲ့  Websiteရဲ့ 1st Version ကို 3rdParty Company အကူအညီနဲ့ မြန်မြန်ဆန်ဆန် လုပ်ခဲ့တယ်။

MyLann စားသောက်ဆိုင် လမ်းညွှန်ရဲ့ ပထမ 1st Version က အင်္ဂလိပ်လိုတမျိုးပဲ ပါခဲ့တယ်။ အခုကျနော်တို့ ဒါကို Focus ပြန်လုပ်ပြီးအခု Website Version 2 မှာ မြန်မာလိုကော၊ အင်္ဂလိပ်လိုပါ အသုံးပြုလို့ရပြီ။ Mobile Applicationမှာ ဆိုရင်လည်းWebsite ကိုတိုက်ရိုက် တန်းသွားလို့ရှိရင် Mobile Responsive ဖြစ်တယ်။

ကျနော်တို့ အဓိကကတော့ စားသောက်ဆိုင်အကြောင်း (ဥပမာ - ဘယ်နေ့မှာဘယ်ချိန်ကနေဘယ်ချိန်ထိဆိုင် ဖွင့်တာ၊ ဘယ်လိုအစားအစာတွေ ရရှိနိုင်လဲ၊ ဒီဆိုင်မှာ Wifi ရှိလား၊ ကလေးတွေအတွက် အဆင်ပြေနိုင်မလား၊ Romantic အတွက် အဆင်ပြေနိုင်လားစသဖြင့်ပေါ့) လိုအပ်တဲ့ Information တွေ ကျနော်တို့ ကောက်တယ်။ ကျနော်တို့ Internet Business က မြန်မာပြည်မှာ စဖို့က ခက်ခဲပါတယ်။ အစကဒီလိုစားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Data ကောက်တော့ တချို့က ကျနော်တို့ကိုမီဒီယာလိုလို၊ Journalist လိုလိုထင်ကြပါတယ်။

ကျနော်တို့ ပထမအဆင့်မှာInformationကို ပြည့်ပြည့်စုံစုံ ဖြစ်အောင်  Focus ထားပြီးလုပ်ခဲ့ကြပါတယ်။ အခုဒုတိယအဆင့်မှာတော့ စားသောက်ဆိုင်  Review ပုံစံ (စားသောက်ဆိုင် တဆိုင်ရဲ့ အစားအသောက် ကောင်းမွန်မှု၊ ဆိုင်အပြင်အဆင်၊ Customer Service) အဲဒီ (၃) ခုကိုအခြေခံပြီး ကြယ်ငါးလုံးစနစ်နဲ့  Reviewပေးနိုင်အောင် လုပ်ဖို့ရှိပါတယ်။

အဓိကက နိုင်ငံတနိုင်ငံတိုးတက်လာတာနဲ့အမျှ လူတွေကအချိန်တွေလည်းပိုနည်းလာမယ်၊ တခုခုရှာချင် တယ်ဆိုရင် မြန်မြန်လေးပဲသူတို့ဖုန်းထဲကနေ မြန်မြန်ဆန်ဆန်ရှာနိုင်အောင် အဲဒီလို့ Serviceကို ကျနော်တို့ ထုတ်ထားတယ်။ အခုမြန်မာပြည်မှာကရှာဖွေတဲ့နည်းလမ်းကအရမ်းပေါ်ပြူလာမဖြစ်သေးဘူး။
Facebookမှာဆိုရင်လည်းအများစုကNews Feed ကိုပဲကြည့်ကြတယ်၊ Information ရှာတာမျိုး သိပ်မရှိသေးဘူး။ ကျနော်တို့ တခုခုသွားစားချင်လို့ ရှာချင်ရင် ချက်ချင်းလက်ငင်းရှာလို့ရအောင် Search Engine ကိုအကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။

ကျနော်တို့ ၂၀၁၅ မှာဘာအစီအစဉ်ရှိလဲဆိုတော့ အခုMyLann က ရန်ကုန်ကစားသောက်ဆိုင်တွေကိုပဲရှာလို့ ရသေးတယ်။ နောက်မြန်မာနိုင်ငံကတခြားMajor Cityတွေဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ အင်းလေးအဲဒီမြို့တွေမှာရှိတဲ့ စားသောက်ဆိုင်တွေရဲ့ အချက်အလက်တွေပါ ထပ်ဖြည့်တိုးချဲ့ဖို့ အစီအစဉ် ရှိပါတယ်။ နောက်တခုကကျနော်တို့ စားသောက်ဆိုင်တွေ တင်မကဘူး၊ ၂၀၁၆ မှာ Hotel, Spa, Hair Saloonတွေ အထိပါ ထပ်ချဲ့ဖို့ စိတ်ကူးထားပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကိုစပြီးတည်ထောင်တာ၊ ကိုယ်တိုင် စွန့်ဦးတီထွင် တာတွေ လုပ်လာကြတယ်။ Entrepreneurship (စွန့်ဦးတီထွင်မှု) ကိုစခဲ့တာကျနော့်အထင် မြန်မာပြည်မှာ ၃ နှစ်၊ ၄ နှစ်လောက်ရှိပြီ။ ဒီလိုမျိုးလုပ်ငန်းတခုကိုစပြီး Startလုပ်ချင်တဲ့ လူငယ်တွေ ရှိလာတယ်။ ဒါ အရမ်း ကောင်းပါတယ်။

အဓိကက နိုင်ငံတနိုင်ငံမှာ ဒီလိုမျိုး Entrepreneurs တွေရဲ့ အရေးပါမှုကထိပ်ဆုံးမှာပါတယ်။ ဥပမာ - အမေရိကန် နိုင်ငံမှာဆိုရင် Facebook, Microsoft, Apple ဒါတွေ အကုန်လုံးကအမှန်တကယ် Entrepreneurs တွေချည်းပဲ။ အဲဒီလိုမျိုးများများဖြစ်လာလေလေ၊ နိုင်ငံလည်းပိုတိုးတက်လာလေလေပဲ။


သီဟတိုး

“အပတ်စဉ် ကြာသပတေးနေ့တိုင်း ထွက်ရှိတဲ့ ဧရာဝတီဂျာနယ် အမှတ်(၄၉) မှာလည်း ဖော်ပြထားပါတယ်”

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved