ရွှေတောင်မြို့အနား ယာဉ်တိုက်မြှုဖစ်ပွား လူ ၄ ဦးသေ ၁၀ ဦး ဒဏ်ရာရ

Friday, December 5, 2014




ယဉ်တိုက်မှုဖြစ်ပွားစဉ် ပရဟိတအသင်းများမှ လူနာများကို လာရောက်ကူညီစဉ် (ဓါတ်ပုံများ- ကိုထွန်းလှအောင်)


  ပဲခူးတိုင်းအနောက်ပိုင်း ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရား၊ ရွှေပြောင်ပြောင်ဘုရားနဲ့ ချမ်းသာကြီးဘုရားပွဲ (ဘုရားသုံးဆူပွဲ) မှ ပြန်လာတဲ့ သဲကုန်းမြို့နယ် တံခွန်တိုင်အုပ်စု၊ မအူကုန်း ကျေးရွာက ယာဉ်မောင်းသူအပါအ၀င် လူ(၁၅) ဦး စီးနင်း လိုက်ပါလာသော ထော်လာဂျီနှင့် ရန်ကုန်-ပြည် မော်တော်ယာဉ်လိုင်းမှ မျိုးဆက်သစ် ခရီသည်တင်မှန်လုံတို့ ရွှေတောင်မြို့အထွက် ဘို့လည်ကုန်းကျေးရွာမှာ မနေ့ ည ၁၂ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပါတယ်။

သေဆုံးသွားတဲ့  ၄ ဦးဟာ ထော်လာဂျီပေါ်မှာ လိုက်ပါလာတဲ့ ဘုရားပွဲပြန်ခရီးသည်တွေဖြစ်ပါတယ်။  ကျန်လူနာ ၁၀ ဦးထဲမှ ၅ ဦးကိုတော့ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေရပြီး ကျန်လူနာ ၅ ဦးကတော့ ရွှေတောင်မြို့ ပြည်သူ့ဆေးရုံးကြီးမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ပြည်ခရိုင် ရဲမှတ်တမ်း များအရ သိရပါတယ်။

 ပြည်ခရိုင် ရဲမှတ်တမ်းတွေအရ မျိုးဆက်သစ်ခရီးသည်တင် မော်တော်ယာဉ်မောင်းဟာ ထွက်ပြေးတိမ်းရှောင်နေကြောင်းနဲ့ ထော်လာဂျီကိုကျော်တက်စဉ် ၀င်ရောက်တိုက်မိပြီး ထော်လာဂျီပေါ်ပါလာတဲ့ ခရီးသည်တွေပါ ထိခိုက်နစ်နာ သေဆုံး ရတာဖြစ်တယ်လို့ သိရပါတယ်။

 ယာဉ်တိုက်မှုဖြစ်ပွားစဉ် လမ်းကြုံ၍ သွားရောက်ကူညီပေးခဲ့ရသူ ကိုထွန်းလှအောင်က “ ဖြစ်ပြီး ကျနော်ရောက်သွားတာ မိနစ်ပိုင်းပဲ မကြာဘူး။ ဟိုရောက်တော့ ၄ ယောက်က ပွဲချင်းပြီးပဲ။ ဒဏ်ရာအပြင်းအထန်ရတဲ့ လူနာတွေကို ရွှေတောင် ဆေးရုံ ချက်ခြင်းပို့၊ အခြေအနေပိုဆိုးတဲ့ လူနာတွေကို ချက်ခြင်း ပြည်မြို့ဆေးရုံကြီးကို ပို့လိုက်ရတာ။ အနီးအနားက လူတွေပြောတာကတော့ ထော်လာဂျီက မီးသိပ်မလင်းဘူး၊ မျိုးဆက်သစ်ကကျော်တက်ပြီး အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်လိုက်တာတဲ့။ ”လို့ ဆိုပါတယ်။
လယ်ယာသုံး စက်တက်ယာဉ်တွေကို အဝေးပြေးလမ်းမတွေပေါ်မှာ မမောင်းသင့်ကြောင်းနှင့် လယ်ယာသုံးပစ္စည်းတွေကို လယ်ယာမြေများတွင်းသာ အသုံးပြုသင့်ကြောင်း သူကဆက်ပြောပါတယ်။

ကျေးလက်တောရွာနေ ပြည်သူတွေအနေနဲ့ လယ်ယာသုံးစက်တက်ယာဉ်တွေကို ခရီးသွားရာတွင် အသုံးပြုရခြင်းမှာ ကျေးလက်ဒေသရဲ့ လမ်းပန်ဆက်သွယ်ရေး အခြေအနေအရ အသုံးပြုရခြင်းဖြစ်ပြီး မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေ အနေနဲ့ ကျေးလက်နေပြည်သူလူထုကို အသိပညာပေး နဲပါးနေတယ်လို့ ပြည်မြို့ လူအခွင့်အရေးလှုပ်ရှားသူ ကိုမင်းမင်းက ပြောပါတယ်။

“ ကျေးလက်ပြည်သူတွေရဲ့ လမ်းပန်းဆက်သွယ်ရေးအရ လယ်ယာသုံးစက်တပ်ယာဉ်တွေကို ခရီးသွားရာမှာ အသုံးပြုရတာ သူတို့မမှားပါဘူး။ အဝေးပြေးလမ်းမကြီးပေါ်တက်လာမယ်ဆိုရင် လိုအပ်တဲ့ မီးတွေ အချက်ပြမီးစနစ်တွေ လိုအပ်တာတွေကို သက်ဆိုင်ရာက ပညာပေးတာတွေ အသိပေးပြောကြားတာတွေ လုပ်ပေးသင့်တယ်။ တောင်သူလယ်သမားတွေ ဒါမှမသုံးရင် ဘာသွားသုံးမလဲ။ ” လို့ ကိုမင်းမင်းက ဆက်ပြောပါတယ်။

ပြည်-ရန်ကုန် မျိုးဆက်သစ် ခရီးသည်တင်မှန်လုံယာဉ်မောင်းမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်းနေတဲ့ အတွက် ရွှေတောင်မြို့ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ / ၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရသည်။


 ကောင်းမြတ်မင်း 














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved