ယဉ်ကျေးတဲ့ လူ့ကမ္ဘာကြီးမှာအကြမ်းဖက်မှုတွေ အဆုံးသတ်သင့်ပြီ

Wednesday, December 17, 2014


ပါကစ္စတန်က ကျောင်းတကျောင်းမှာ တာလီဘန်အစွန်းရောက်လက်နက်ကိုင် တစုက သေနတ်နဲ့ ရက်ရက် စက်စက် ပစ်ခတ်လို့ အပြစ်မဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအပါအ၀င်စုစုပေါင်း ၁၄၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတဲ့ သတင်းတွေဟာ တီဗွီ ဖန်သားပြင်မှာ ဆက်တိုက်တွေ့နေရပါတယ်။ 



 ဒဏ်ရာရ ကျောင်းသူငယ်လေး၊ ဓာတ်ပုံ-smh.com

ပါကစ္စတန်နိုင်ငံရဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ တာလီဘန်စစ်သွေးကြွလက်နက်ကိုင် တစုက ကျောင်းဝန်း နံရံကို ကျော်ဝင်လာပြီး ကျောင်းစာသင်ခန်းပြင်ပက ကျောင်းသား၊ ကျောင်းသူငယ်
တွေကို စတင်ပစ်ခတ်တာပါ။ အဲဒီနောက် ကျောင်းဝန်းထဲ တွေ့သမျှလူတိုင်းကို ပစ်ခတ်ပါတော့တယ်။ 



ကျောင်းခန်းမထဲမှာ ကျောင်းသားပေါင်း ၄၀၀ ကျော် ရှိနေချိန်ဖြစ်တယ်လို့ ကျောင်းသားမိဘတဦးက ပြော ထားပါတယ်။ ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူတွေလည်း ၁၀၀ ကျော်တယ်လို့ သိရပါတယ်။ 

တာလီဘန်ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောစကားကလည်း ကြားရသူတိုင်း စိတ်ခံစားမှု တခုခုဖြစ်မှာ အသေ အချာပါ။ 

သူက ပြောသွားတာက ပါကစ္စတန်အစိုးရစစ်တပ်တွေက သူတို့ တာလီဘန် မိသားစုတွေ၊ ကလေးတွေပါ မကျန် အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်စစ်သား သားသမီးတွေ စုဝေး တက်ရောက်သင်ကြားနေတဲ့ ကျောင်းကို အခုလို ပစ်ခတ်ပြီး အလားတူ ခံစားမှုတွေ
ဖြစ်စေချင်လို့ လုပ်တာလို့ ပြောဆိုထားတာသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါပေမယ့် သွေးသံအလိမ်းလိမ်းနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပါကစ္စတန် ကယ်ဆယ်ရေးတွေက သယ်ဆောင် ကယ်ယူနေတဲ့ မြင်ကွင်းတွေက စိတ်မကောင်းစရာပါ။ 

အခုလို ကျောင်းသား၊ ကျောင်းသူငယ်တွေကို ပစ်ခတ်မှုအတွက် တာလီဘန်စစ်သွေးကြွတွေကို ကမ္ဘာတ၀ှမ်း က ရှုံချသံတွေလည်း သတင်းတွေမှာ ဆက်တိုက်ဖော်ပြနေပါတယ်။ 

ပါကစ္စတန် ကျောင်းဝင်းထဲက လူပေါင်း ၁၀၀ ကျော်သေဆုံးသွားစေတဲ့ တာလီဘန်တို့ရဲ့ ရက်စက်မှုဟာ အလွန် အကျည်းတန် အရုပ်ဆိုးတယ်ဆိုတာ အားလုံးက လက်ခံကြပါတယ်။ 

ပူပူနွေးနွေး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာကိုလည်း အမျိုးသမီးပညာရေး လှုပ်ရှားမှုတွေကို ဟန့်တားဖို့ တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မာလာလာဟာ အသက်ရှင်ခဲ့ရတာပါ။ 

ပါကစ္စတန်မှာ တာလီဘန်တွေရဲ့ ကျောင်းသား၊ ကျောင်းသူတွေအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုတွေဟာ အခုထိ အဆုံးမသတ်သေးဘူးဆိုတာ အခုဖြစ်ရပ်က သက်သေထူနေပါတယ်။ 

 ယဉ်ကျေးတဲ့ လူ့ကမ္ဘာကြီးမှာ အခုလို အရုပ်ဆိုး အကျည်းတန်တဲ့ အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူတွေကို လက်နက်ကိုင်တွေက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်အကြမ်းဖက်မှုတွေဟာ လုံးဝ မရှိသင့်တော့ပါ ဘူး။ ဒီအတွက် နေရာတိုင်းမှာ အလားတူ ဖြစ်ရပ်တွေ မဖြစ်ပေါ်ရေး ၀ိုင်းဝန်းကြိုးစားသင့်ကြပါတယ်။ 



အိမ့်သံစဉ် ~











 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved