ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ရီးယဲလ်အသင်း ဖိုင်နယ်တက်ပြီ

Wednesday, December 17, 2014



အောင်ပွဲခံနေတဲ့ ရီးယဲလ်အသင်းသား ရာမို့စ်နဲ့ ပီပီ (ဓာတ်ပုံ - Getty Images)

  မော်ရိုကိုနိုင်ငံ Marrakesh က ဘောလုံးကွင်းမှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဥရောပ ချန်ပီယံ ရီးယဲလ် မက်ဒရစ်အသင်းဟာ CONCACAF ချန်ပီယံအသင်း ဖြစ်တဲ့ မက္ကဆီကို ကလပ် ခရူးအက်ဇူးရယ် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

ဒီ နိုင်ပွဲကြောင့် ရီးယဲလ်အသင်းဟာ ၂၁ ကြိမ်မြောက် ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရတဲ့ ခရူအက်ဇူးရယ် အသင်းကို အနိုင်ရရှိလိုက်တာလည်းဖြစ်ပါတယ်။ ပထမပိုင်းမှာ ရာမို့စ်နဲ့ ဘန်ဇီမာတို့က ရီးယဲလ်အသင်းအတွက် ဦးဆောင်ဂိုးတွေကို သွင်းပေးခဲ့ကြတာပါ။ အဲဒီနောက် ရာမို့စ်ရဲ့ ဖျက်ထုတ်မှုကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကို ခရူအက်ဇူးရယ် အသင်းခေါင်းဆောင် ကန်သွင်းရာမှာ ရီးရဲ ဂိုးသမား ကာစီးလက်စ် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ပြန်လည်ချေပနိုင်မယ့် ဂိုးကို မက္ကဆီကို ကလပ်အသင်း ဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်း နည်းပြ ကားလိုစ် အန်စယ်လောတီရဲ့ ကစားသမားတွေဟာ ဂါရတ်ဘေလ်းနဲ့ အစ္စကိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လာမယ့် စနေနေ့ည ဖိုင်နယ်ပွဲစဉ်ကို ဆက်လက် ကစားခွင့်ရသွားခဲ့တာပါ။ ရီးယဲလ် အသင်းဟာ ဆန်လောရန်ဇိုနဲ့ အော်ကလန်စီးတီး ကလပ် အသင်းတို့ပွဲစဉ်က အနိုင်ရရှိမယ့် အသင်းနဲ့ ဗိုလ်လုပွဲစဉ်ကို စနေနေ့ညမှာ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး ခရူးအက်ဇူးရယ် အသင်းကတော့ တတိယနေရာအတွက် ဆက်လက် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ  တဖက်အသင်းဂိုးပေါက်ကို စတင် ခြိမ်းခြောက်နိုင်ပြီး ညာခြမ်းဘက်ကနေ ဒန်နီ ကာရာဗာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘန်ဇီမာက ၆ ကိုက်အကွာလောက်မှာ ရှိတဲ့ ရိုနယ်ဒိုဆီကို ခေါင်းတိုက် ပြန်ချပေးခဲ့ပါတယ်။ နောက်ခံလူနဲ့ ဘောလုံးယှဉ်လုပြီး ရိုနယ်ဒို အနီးကပ် ကန်သွင်းယူခဲ့ပေမယ့် ခရူးအက်ဇူးရယ် အသင်း ဂိုးသမား တုံ့ပြန် ကာကွယ်နိုင်ခဲ့တာပါ။

၅ မိနစ်လောက် အကြာမှာတော့ ခရူးအက်ဇူးရယ် အသင်းရရှိတဲ့ ပြစ်ဒဏ်ဘောကို ခေါင်းတိုက် သွင်းယူခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ် အကြာမှာတော့ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ က ဂိုးဧရိယာ ထိပ်ကနေ ကန်သွင်းယူခဲ့ပေမယ့် လွဲချော်ခဲ့ပြန်ပါတယ်။ သိပ်မကြာခင် ပွဲချိန် ၁၄ မိနစ်မှာပဲ အဖွင့်ဂိုး ရရှိခဲ့ပြီး တိုနီခရူရဲ့ ပြစ်ဒဏ်ဘော ကန်တင်ပို့ပေးတာကို ရာမို့စ်က ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ နောက်ခံလူ ရာမို့စ် ခေါင်းတိုက် သွင်းယူပေးခဲ့တဲ့ ဂိုးကို ပြန်လည် အမှတ်ရစေခဲ့တဲ့ အခိုက်အတန့် ဖြစ်စေခဲ့ပါတယ်။

ခရူးအက်ဇူးရယ် အသင်းက ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်ရာမှာ ရီးယဲလ် နောက်ခံလူတွေ ဖျက်ထုတ် ကာကွယ်နိုင်ခဲ့ပြီး နောက်ထပ် ရီးယဲလ်အသင်းကပဲ ဂိုးထပ်မံ ရရှိသွားတာပါ။ အဲဒီဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ  ဘန်ဇီမာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ရီးယဲလ်အသင်းရဲ့ ပင်နယ်လ်တီ ဧရိယာအတွင်းမှာ ရာမို့စ်ရဲ့ ဖျက်ထုတ်မှုကနေ ပင်နယ်လ်တီ ကန်သွင်းခွင့် ခရူးအက်ဇူးရယ် အသင်း ရရှိခဲ့သလို ရာမို့စ်ဟာလည်း အ၀ါကတ် ပြပြီး သတိပေးခံခဲ့ရပါတယ်။ ဒီပင်နယ်လ်တီကို ခရူးအက်ဇူးရယ် အသင်းခေါင်းဆောင် တိုရာဒို ကန်သွင်းယူခဲ့ပေမယ့် ကာဆီးလက် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုးရရှိမယ့် အခွင့်အရေး ဆုံးရှုံး နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ရိုနယ်လ်ဒို ဆွဲယူလာတဲ့ ဘောလုံးကို ဘယ်ဘက် အခြမ်းမှာ ရှိနေတဲ့ ဘေးလ်ကို ဖြတ်တင်ပေးလိုက်ရာမှာ အလိုက်သင့် ခေါင်းတိုက်သွင်းယူခဲ့ပြီး တတိယဂိုး ရရှိခဲ့တာပါ။

ခရူးအက်ဇူးရယ် အသင်းလည်း အခွင့်အရေး တချို့ ရခဲ့ပေမယ့် ဂိုးမရရှိခဲ့ပါဘူး။ ခရူးအက်ဇူးရယ်အသင်း ကစားသမားတွေ ရီးယဲလ်ဂိုးဘက်ကို ဖိ ကစားခဲ့ပေမယ့် နောက်ဆုံးဂိုးကိုတော့ ရိုနယ်လ်ဒိုရဲ့ ပံပိုးပေးမှုကနေ အစ္စကိုက ရီးယဲလ်အတွက် စတုတ္တမြောက် ဂိုးကို သွင်းယူပြီး မက္ကဆီကန် ကလပ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ အသင်း ၇ သင်း ပါဝင် ယှဉ်ပြိုင် ကစားကြရတာ ဖြစ်ပြီး အာရှအတွင်းက ကလပ်အသင်းတွေ ပါဝင်ယှဉ်ပြိုင်တဲ့ AFC Champions League၊  အာဖရိက ကလပ် အသင်းတွေ ပါဝင်ယှဉ်ပြိုင်တဲ့ CAF Champions League၊ မြောက်အမေရိက ကလပ်အသင်းတွေ ပါဝင်တဲ့ CONCACAF Champions League၊ တောင်အမေရိက ကလပ်အသင်းတွေ ပါဝင်တဲ့ Copa Libertadores၊  OFC Champions League နဲ့ ဥရောပ ကလပ်အသင်းတွေ ပါဝင်တဲ့ UEFA Champions League  အသီးသီးက ချန်ပီယံအသင်းတွေသာ ယှဉ်ပြိုင်ကစားကြရတာ ဖြစ်ပါတယ်။


ကိုးကားသတင်း။  ။ http://www.fifa.com/clubworldcup/matches/round=259699/match=300298895/match-report.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved