မှားနေလို့ ပြန်ရိုက်မယ့် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကွင်း ထပ်မံ ရက်ရွှေ့ဆိုင်း

Tuesday, December 2, 2014



ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကွင်းမြင်ကွင်း (ဓာတ်ပုံ- Home Media)


 မနက်ဖြန် ဒီဇင်ဘာ ၃ ရက်နဲ့  ၄ ရက်တွေမှာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင် Teaser ရိုက်ကွင်းဟာ ရိုက်ကွင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေမရရှိသေးတဲ့အတွက် ရက်အတိအကျမသိရဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ရုံးခန်းက တာဝန်ရှိသူက ပြောပါတယ်။

“ဘယ်ရက်ကို ရွှေ့ထားလဲဆိုတာတော့ အတိအကျ မသိရသေးဘူး။ ပစ္စည်းစုတာ နည်းနည်းလိုနေလို့ ပစ္စည်းစုတာ ရမယ့်ရက်ကို ရမယ့်သူက အကြောင်းပြန်တော့မှ ကျမတို့ သိမှာပါ။” လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သုံးလလောက်က ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီးအတွက် အမြည်းအနေနဲ့ Teaser အပိုင်းလေးပိုင်းထဲက တပိုင်းကို စတင်ရိုက်ကူးခဲ့တာမှာ အ၀တ်အစား မှားယွင်းတဲ့အတွက် ဒီဇင်ဘာ ၃ ရက်နဲ့  ၄ ရက်နေ့တွေမှာ ပြန်ရိုက်ဖို့ စီစဉ်ထားခဲ့တာပါ။

အခုတခေါက် ရွှေ့ဆိုင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ ရိုက်ကွင်းမှာအသုံးပြုရမယ့် လက်နက်တွေ မရရှိသေးတဲ့အတွက်ကြောင့်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကရှင်းပြပါတယ်။

“ရက်က အတိအကျပြောလို့ မရသေးတဲ့ အနေအထားရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိစ္စပါ။ အဲ့ဒီမှာ လက်နက်ပါလာတယ်။ လက်နက်ကို industry ထဲမှာရှိနေတဲ့ လက်နက်ကလည်း မြင်လိုက်တာနဲ့ ဒါကြီးက အတုကြီးဆိုတာ အရမ်းကြီးကို သိသာနေတယ်။ အဲ့တော့ ပထမစဉ်းစားတာ လက်နက်အစစ် သုံးမှဖြစ်မယ်။ ရုပ်ရှင်ကားကြီးမှာလည်း လက်နက်အစစ်နဲ့အတုတွေ ရောရမှာပေါ့နော်။ ဒါပေမယ့် ဒီမှာကျတော့ အနီးကပ်ရိုက် ချက်တွေလည်း ပါနေတဲ့အတွက်ကြောင့် လက်နက်အစစ်သုံးမှဖြစ်မယ်။ အဲ့လိုသုံးဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းကိုတင်ရတယ်။ ပထမတခေါက်တင်တဲ့အခါမှာ ဘယ်လိုဖြစ်တယ်မသိဘူး။ တင်ရမယ့်သူ နာမည်လွဲချော်နေတဲ့အတွက် ဒုတိယတခေါက် ထပ်တင်ရတယ်။ အဓိကကတော့ လက်နက်မရသေးတဲ့အတွက် ရက်ရွှေ့ရတယ်။ ရက်ရွှေ့ရတယ်ဆိုတာကလည်း ဟိုဘက်ကနေ ဘယ်ရက်ရပါ့မယ်ဆိုတာကို သက်ဆိုင်ရာကို တင်ရတာကိုး။ နေပြည်တော်ကို တင်ရတာ။ ဘယ်ရက်ရပါ့မယ်လို့ အတိအကျ ပြောတာမရှိဘူး။ လက်နက်က လွဲပြီး ကျန်တာအားလုံးအဆင်သင့်ဖြစ်နေပြီ။” လို့ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဒါဆိုရင် ပထမမှားယွင်းလို့ပြန်ရိုက်ရမယ့် အ၀တ်အစား ကိစ္စကရော အဆင်ပြေသွားပြီလားလို့ ထပ်မေးတော့

“အ၀တ်အစားကိစ္စကလည်း ကျနော်တို့မှာ အလုပ်လုပ်နေတာ အဖွဲ့နဲ့ဖြစ်နေတာလေ။ ကိုယ်က directing ကို တာဝန်ယူထားရတယ်။ အ၀တ်အစားက တာဝန်ယူထားတဲ့သူရှိတယ်။ သူတို့အဆင်ပြေတယ်ပြောလို့ ဒုတိယအကြိမ် အမှားပြင်ဆင်တဲ့ဟာကို ပြန်ရိုက်တော့မှာပေါ့။ အ၀တ်အစားအဆင်ပြေတယ်လို့ ပြောလို့ရတာပေါ့။ ဒီဟာတွေ အမှားအယွင်းတွေရှိတယ်။ ဒီအမှားအယွင်းကို ကျနော်တို့ပြင်ဆင်ဖို့ ကြိုးစားကြတာပေါ့။ ဒါဟာ ရုပ်ရှင်ကားကြီးဆိုရင်တော့ ပြင်လို့မရတော့ဘူးပေါ့။ ကားကြီးဆိုရင် ချလည်း ပြဖို့ အခွင့်အရေးမရှိတော့ဘူးလေ။ တခါတည်းရိုက်ပြီး အက်ဒစ်လုပ်ပြီး ပြတာဆိုတော့ အခုဟာက Teaser ဖြစ်နေတဲ့အတွက် ပြင်ဖို့အခွင့်အလမ်း ရှိသေးတယ်။ အဲ့တော့ ဒါလေးကို ပြင်ကြမယ်ပေါ့။” လို့ သူက ဆက်ပြောပါတယ်။

ဆိုတော့.. ဒီ ရိုက်ကွင်း ဘယ်တော့များပြန်ရိုက်ဖြစ်မယ်ဆိုတာတော့ ဆက်လက် နားစွင့် ပါဦးလို့ပဲ ပြောပါ ရစေ။


ဆက်စပ်သတင်း ~~ 

 "ဗိုလ်ချုပ်ရုပ်ရှင် အရုပ်ထင်ပါဦးမလား"

http://blog.irrawaddy.org/2014/11/blog-post_964.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved