အဆိုတော် အမွန်း မင်းသမီးလုပ်တော့မှာလား

Monday, December 15, 2014


Me N Ma Girls ရဲ့ အဆိုရှင် အမွန်း(Ah moon)ဟာ ဇာဂနာ ဖွင့်လှစ်ထားတဲ့ Home အနုပညာသင်တန်းမှာ သရုပ်ဆောင် သင်တန်းကို အဓိက တက်ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လ်လိစ် အခြေစိုက်တဲ့ Power Music ကုမ္ပဏီနဲ့ လည်း လက်တွဲ လုပ်ဆောင်နေပြီး မင်းပေးတဲ့အချစ်ဆိုတဲ့ တကိုယ်တော်တေး အယ်လ်ဘမ်လည်း ထွက်ရှိထားတဲ့ အမွန်းဟာ နိုင်ငံတကာ ဂီတလောကကိုပါ ထိုးဖောက်ဖို့ ကြိုးစားနေသူပါ။ ဒီလိုဆိုတော့ အဆိုတော်တင်မကဘဲ သရုပ်ဆောင် မင်းသမီးအဖြစ်ပါ ရပ်တည်လာတော့မလားဆိုတာ စိတ်ဝင် စားစရာ ကောင်းနေပါပြီ။


အဆိုတော် အမွန်း (ဓာတ်ပုံ- Ah moon ဖေ့ဘုတ်)

 သူဟာ ၂၀၁၀ ခုနှစ်ကတည်းက Tiger Girls ဆိုတဲ့ အမျိုးသမီးဂီတအဖွဲ့နဲ့အတူ ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီးနောက် အဲ့ဒီအဖွဲဟာ Me N Ma Girls ဆိုတဲ့အမည်နဲ့  ဆက်လက်ရပ်တည်လာခဲ့ကာ  လတ်တလောအထိကို ဂီတလောကထဲမှာ တစိုက်မတ်မတ်လျှောက်လှမ်းလာခဲ့သူပါ။

သူ ဘာကြောင့် သရုပ်ဆောင်သင်တန်း တက်ဖြစ်ရတာလဲလို့ မေးကြည့်တော့

“ကျမ အရင်ကတည်းက International Artist သမားတယောက်ဖြစ်ချင်တယ်ဆိုတဲ့ အိမ်မက် ငယ်ငယ်ကတည်းက ရှိခဲ့တယ်။ အဲ့ဒီ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလာခဲ့တယ်။  ဒီ အနုပညာလုပ်ငန်းမှာ ကျမ အချစ်ဆုံးဖြစ်တဲ့  ဂီတကိုတော့ ကျမ နံပတ်တစ် ထားတယ်။ ဒါကို ကျမလွန်ခဲ့တဲ့ လေးငါးနှစ်ကလည်း အချိန်ပေးခဲ့ပြီးပြီ။ အခုချိန်မှာ ကိုယ်လည်း တကယ်ဝါသနာပါသေးတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း စပြီး လျှောက်လှမ်းကြည့်ဖို့အတွက် စလုပ်ဖို့အတွက် ရည်ရွယ်နေတဲ့အချိန်မှာပဲ ဒီ သင်တန်းအကြောင်းကို ကြားလိုက်ရတာပါပဲ။ ကျမအနေနဲ့ သရုပ်ဆောင် ၀ါသနာပါတယ်ဆိုပေမယ့်လည်း တခါမှ သင်တန်းတွေလည်း မတက်ခဲ့ဖူးပါဘူး။ တက်ဖို့လည်း မရည်ရွယ်ခဲ့ဘူး။ ကျမ အဓိက နိုင်ငံတကာ အနုပညာရှင် တယောက်အနေနဲ့ အဆိုတော်လည်းဖြစ်ချင်တယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာက အနုပညာ ရှင်တွေသည် သရုပ်ဆောင်လုပ်ရင်လည်း သေချာ သရုပ်ဆောင်နိုင်ကြတယ်။ အဲ့လိုမျိုး ဟောလီးဝုဒ်ကားတွေ ကြည့်ပြီးရင် ကျမ အရမ်းရူးသွပ်တယ်။ အဲ့လိုမျိုးပဲ တနေ့ကျရင် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြည့် ချင်တယ်။” လို့  အဆိုတော် အမွန်းက ပြောပါတယ်။

ဒါ့ထက် တကယ် အရည်အချင်းပြည့်ဝပြီး သဘာဝကျတဲ့ ဆရာတွေဆီက သဘာဝကျကျ သင်ကြားမှုတွေကို သင်ကြားခွင့်ရနိုင်မယ်လို့လည်း ခံစားမိတဲ့အတွက် Home က ဖွင့်တဲ့ အနုပညာသင်တန်းမှာ တက်ရောက် ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဂီတတေးသီချင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားက ဂီတ ကုမ္ပဏီတွေနဲ့ လတ်တလောမှာလည်း လက်တွဲ လုပ်ဆောင်နေတယ်ဆိုတော့ သရုပ်ဆောင်ပိုင်းမှာရော နိုင်ငံတကာထိ ထိုးဖောက်နိုင်အောင် လုပ်သွားဖို့ ရှိသလားဆိုတာလည်း သိချင်မိပြန်ပါရဲ့။

ကချင်တိုင်းရင်းသူလည်းဖြစ်တဲ့ အဆိုတော်အမွန်းအနေနဲ့ အရည်အချင်းနဲ့ ပါရမီပေါ်မူတည်ပြီး အခွင့်အရေးရရင် ရသလိုလုပ်သွားဖို့ အမြဲတမ်း မျှော်လင့်ချက် ထားပါတယ်လို့လည်းဆိုပါတယ်။ ဒါဆိုရင် ပြည်တွင်း သရုပ်ဆောင်လောကကိုရော ထဲထဲဝင်ဝင် ၀င်ရောက်ဖြစ်ဦးမလားလို့ ဆက်မေးတော့

“အဓိကတော့ ကျမရဲ့ သီချင်းနဲ့ ဆိုင်တဲ့ အဆိုပိုင်းဆိုင်ရာလေ့ကျင့်မှုတွေ အဆိုအက သီချင်းရေးတာတွေပေါ့၊ အဲ့ဒါတွေကို ပျက်သွားရလောက်တဲ့အထိ ကျမ ခြေစုံပစ် ၀င်မှာမဟုတ်ဘူး။ ဒီနှစ်ခုကို မျှပြီး လုပ်သွားနိုင်ဖို့ကိုပဲ ကြိုးစားမှာပါ။” လို့ ပြောပါတယ်။

အဆိုတော်က လူရွှင်တော်လုပ်၊ သရုပ်ဆောင်က စာရေးဆရာနဲ့ အဆိုတော်လုပ်၊ အဆိုတော်က သရုပ်ဆောင်လုပ် စသဖြင့် တလိုင်းတည်း မဟုတ်ဘဲ လိုင်းပေါင်းစုံ လုပ်ကိုင်နေတဲ့အပေါ် မြန်မာပြည်ရဲ့ အမြင်က တမျိုးရှိတတ်ကြပါတယ်။ နိုင်ငံတကာမှာတော့ ဒီလို လိုင်းပေါင်းစုံလုပ်ပြီး အောင်မြင်နေကြတဲ့ အနုပညာသမားတွေရှိတာ မဆန်းပေမယ့် မြန်မာပြည်အနေနဲ့ အဲ့ဒီလို လုပ်ကိုင်လာတဲ့အခါ ပြောဆိုဝေဖန်ချင် တဲ့ အနေအထားရှိတတ်တဲ့အပေါ် အမွန်းရဲ့ အမြင်က..

“ကျမခံယူချက်ကတော့ တယောက်နဲ့တယောက်မတူပါဘူး။ တယောက်မှာရှိတဲ့ အရည်အသွေးနဲ့ တယောက် ကလည်းမတူဘူး။ တချို့က တနေရာမှာပဲ အရမ်းထူးချွန်တယ်။ တခြားနေရာမှာ အာပလာဆိုတာရှိတယ်။ တချို့ကျတော့ နှစ်နေရာ သုံးနေရာ ထူးချွန်နေတာရှိတယ်။ အဲ့ဒီမှာတော့ ကိုယ်ဖြစ်နိုင်ဆုံး၊ ကိုယ်အချိန်ပေးနိုင် ဆုံးနဲ့ ကိုယ်တကယ်တမ်း ပိုပြီးတော့မှ အားသာတဲ့ နှစ်ခုလောက်ကို  ရွေးလုပ်တာ ပိုပြီးတော့ ကောင်းတာပေါ့ နော်။ အဲ့ဒီတော့ တယောက်ချင်းစီက မတူတဲ့ အနေအထားနဲ့ မတူတဲ့ ဘုရားပေးတဲ့အရည်းအချင်းတွေကြောင့်မို့ တယောက်ချင်းစီရဲ့ လုပ်ပုံကိုင်ပုံကလည်း တူမှာမဟုတ်ပါဘူး။ အဲ့ဒီအပေါ်မှာတော့ ကျမ ဘာမှ ဝေဖန်နေစရာ အကြောင်းမရှိပါဘူး။ သရုပ်ဆောင်က အဆိုတော်ပဲလုပ်လုပ်၊ အဆိုတော်က သရုပ်ဆောင်ပဲလုပ်လုပ်ပေါ့နော်။ ကိုယ်တကယ်လုပ်နိုင်ရဲ့လားဆိုတာကိုတော့ သူများထက် ကိုယ့်ကိုယ်ကို ပိုသိသင့်ပါတယ်။ အဲ့လိုပိုသိပြီးတော့ ကိုယ့်ကိုယ်ကို သိနေဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို သိနေပြီဆိုရင် ဘယ်သူဘာပြောပြော ဂရုစိုက်စရာ မလိုပါဘူး။ ကိုယ်က ညံ့လို့ အပြောခံရတယ်ဆိုရင်တော့ ခံလိုက်ပေါ့နော်။ ကိုယ်က အရည်အချင်းတခုရှိနေရဲ့ သားနဲ့ လူပြောမှာဆိုးလို့ စမ်းမလုပ်ကြည့်ဘူးဆိုရင် ကိုယ်ဒီဘ၀မှာ အရည်အချင်းရှိရဲ့သားနဲ့ မတွေးလိုက်မိတဲ့ အရာတခုဖြစ်သွားမယ်ဆိုရင် ဒါဟာ ဆုံးရှုံးမှုရှိတယ်။ နှမြောဖို့ကောင်းပါတယ်။ အဲ့ဒီတော့ တယောက် နဲ့တယောက်က မတူတဲ့အတွက်ကြောင့်မို့ ကိုယ့်ကိုယ်ကို သိပြီးတော့ ကိုယ့်ရဲ့ အရည်အသွေးကိုတွေးဖို့ပဲ အဓိက ကျတယ်လို့ ထင်ပါတယ်။” လို့ ပြောဆိုပါတယ်။

အဆိုတော် အမွန်းတယောက် သရုပ်ဆောင် အမွန်း ဖြစ်လာဦးမလားဆိုတာတော့ မကြာမီ လာမည်လို့ပဲ ပြောရပေဦးမလား..။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved