ဆစ်ဒနီ က ဓားစာခံ ၅ ဦးလွတ်မြောက်

Monday, December 15, 2014


သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ချောကလက်ဆိုင်နှင့် ကော်ဖီဆိုင်တွင် အစ္စလမ်စစ်သွေးကြွလက်နက်ကိုင် တစု သို့မဟုတ် တဦး ဓားစားခံများ ဖမ်းဆီထားရာ ၄င်းနှင့် ညှိနှိုင်းရန် ကြိုးစားနေချိန်တွင် ဓားစာခံများထဲက ၅ ဦး လွတ် မြောက်လာကြောင်း သိရသည်။ 



 ဓာတ်ပုံ- ctvnews.ca

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘဏ်များ၊ အစိုးရရုံးများတည်ရှိရာအရပ်ရှိ Lindt Chocolat Café အမည် ရှိ ကော်ဖီဆိုင် တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က အမည်မသိလက်နက်ကိုင် တဦး သို့မဟုတ် တစုက  လူတချို့က လူတချို့ကို ဓားစာခံ အဖြစ်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ရာ ထိုအထဲမှ ၅ ဦး လွတ်မြောက်လာခြင်းဖြစ်ကြောင်း သြစတြေးလျ တာဝန်ရှိသူများက ပြောသည်ကို အေဘီစီသတင်းက ဆိုသည်။ 

ပထမ ၃ ဦးလွတ်မြောက်လာပြီးနောက် နောက်ထပ် အမျိုးသမီး ၂ ဦးပါ လွတ်မြောက်လာခြင်းဖြစ်ပြီး ၄င်းတို့သည် လက်နက်ကိုင်သူက လွှတ်ပေးလိုက်ခြင်း သို့မဟုတ် ထွက်ပြေးလွတ်မြောက်လာခြင်းဆို သည်ကို သဲကွဲစွာ မသိရသေးပေ။ 

သို့သော် ထွက်ပြေးလာသူများအဆိုအရ ကော်ဖီဆိုင်ထဲမှာ ဗုံး ၂ လုံး ထောင်ထားပြီး ကော်ဖီဆိုင် အပြင် တွင် ဗုံး၂ လုံးထောင်ထားသည်ဟု ဆိုသည်။

 ကော်ဖီဆိုင်တွင်း ဓားစာခံများကို ထိန်းသိမ်းထားသူက သြစတြေးလျ ၀န်ကြီးချုပ် တိုနီအက်ဘော့တ်နှင့် စကားပြောဆိုလိုကြောင်း တောင်းဆိုထားသည်။ အခြား ရှင်းလင်းသည့်တောင်းဆိုမှုကိုလည်း မသိ ရသေးပေ။ 

တိုနီအက်ဘော့အဆိုအရ သေနတ်သမားသည် နိုင်ငံရေးတောင်းဆိုမှု လုပ်ဆောင်နေကြောင်း သိရသည်။ 

အဆိုပါ ကော်ဖီဆိုင်မှန်ပြူတင်းအနီးတွင် ကော်ဖီဆိုင် စားပွဲထိုး ၀တ်စုံဝတ်ထားသည့် အမျိုးသမီး ၂ ဦးက အာရေဗျ ဘာသာဖြင့်ရေးသားထားသည့် ပိတ်စအနက်ကို ကိုင်စွဲထားသည်ကို တိုက်ရိုက်ထုတ်လွှင့်မှုများ တွင် မြင်ရသည်။ 

 ကော်ဖီဆိုင်ထဲတွင် ဓားစာခံ အနည်းဆုံး ၁၂ ဦးခန့်ရှိမည်ဟု လူ ၃၀ မကျော်နိုင်ကြောင်း သြစတြေးလျ စုံထောက်များက ခန့်မှန်းထားပြီး ယခုထိ ဓားစာခံများနှင့်ပတ်သက်၍ ရှင်းလင်းသည့် သတင်းထုတ်ပြန်နိုင်မှု မရှိသေးပေ။ 

တချို့သတင်းများတွင် ဓားစာခံ ၂၅ ဦးခန့်ရှိမည်ဟု ခန့်မှန်းတင်ပြထားသည်ကို တွေ့ရသည်။ 

အာရေဗျ ဘာသာဖြင့်ရေးသားထားမှုသည် အာရပ်ကမ္ဘာတွင် နာမည်ကြီးနေသော စစ်သွေးကြွအဖွဲ့ ISIS နှင့် ဆက် နွယ်မှု ရှိနိုင်၊ မရှိနိုင်ကိုလည်း စုံထောက်များက မပြောနိုင်သေးကြောင်း သတင်းများက ဆိုသည်။ 

နယူးဆောက်သ်ဝေး ပြည်နယ်ရဲမင်းကြီးအဆိုအရ ကော်ဖီဆိုင်ထဲတွင် အနည်းဆုံး လက်နက်ကိုင်တဦး ရှိနေကြောင်း ဓားစာခံများနှင့် အဆက်အသွယ်ရရေး ကြိုးစားနေကြောင်း၊ ယခုဖြစ်ရပ်ကို ငြိမ်းချမ်း စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ 

နယူးဆောက်သ်ဝေးပြည်နယ် လက်ထောက် ရဲမင်းကြီးက ကနဦး ပြောဆိုမှုများတွင် လူ ၃ ဦးထွက်ပြေး သွားကြောင်း ဆိုသည်။ 

ယခုထိ လက်နက်ကိုင်တဦး သို့မဟုတ် တစုက ဓားစာခံများထိန်းသိမ်းထားရာ ကော်ဖီဆိုင်အနီး ပတ်ဝန်းကျင်ကို တားမြစ်ပိတ်ပင်ထားလိုက်ပြီး လုံခြုံရေးအပြည့်ယူထားလျှက်ရှိသည်။ 

 သြစတြေးလျ ၀န်ကြီးချုပ်အပါအ၀င် ရဲမင်းကြီးများကလည်း တိုက်ရိုက်သတင်းစာရှင်းလင်းပွဲများလုပ်ကာ ဓားစာခံများ ၏ အခြေအနေများကို ၄င်းတို့ သိသမျှ ထုတ်ပြန်ပြောဆိုနေသည်။ 

 သြစတြေးလျှနိုင်ငံရှိ မွတ်စလင် ခေါင်းဆောင်များက ယခုလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချနေကြသည်။ 

 ကော်ဖီဆိုင်အတွင်း ဓားစာခံများအား ထိန်းသိမ်းထားသူ လက်နက်ကိုင်သမားနှင့် ယခုထိ အဆက်အသွယ် မရသေးကြောင်းလည်း ရဲအရာရှိများက ဆိုသည်။ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved