အောင်မြင်ပုံချင်းမတူပေမယ့် စွဲမက်စရာတော့ကောင်းတဲ့ Forester နဲ့ Juke

Monday, December 1, 2014


ဒီနေ့ပြောမယ့် မော်ဒယ်နှစ်မျိုးကတော့လက်ရှိ ပြည်တွင်းမှာ လူကြိုက်နည်းနေသေးတဲ့ မော်ဒယ်တွေ ဖြစ်သလို ဈေးကွက်မှာလည်း အရောင်းအဝယ် နည်းနေသေးပါတယ်။ ဒါဆိုမော်ဒယ်တွေက မကောင်းလို့လား ဆိုတော့ မဟုတ်ပါဘူး။ ပြည်တွင်း အနေအထားက Toyota လို ကုမ္ပဏီကိုမှ ကားလို့ ထင်ကြသူတွေများသလို ဈေးကွက်မှာလည်း အဆိုပါ Brand မျိုးကပဲ ဦးဆောင်နေတာမို့ လူကြိုက်နည်းနေသေးတာ ဖြစ်ပါတယ်။


Sabaru (ဓာတ်ပုံများ -www.edmunds.com)


အခုပြောမယ့် Forester ဆိုရင် Subaru အတွက် အမေရိကဈေးကွက်မှာ ရောင်းအားအကောင်းဆုံး အနေအထားဖြစ်သလို Juke ဆိုရင်လည်း ဥရောပဈေးကွက်မှာ Nissan အတွက်ရောင်းအားအကောင်းဆုံး အဖြစ် ရပ်တည်နေနိုင်တဲ့ မော်ဒယ်တွေပါ။ ဒါကြောင့် ကျနော်က ကမ္ဘာ့ကား ဈေးကွက်ကြီးတွေမှာ လူကြိုက်များနေတဲ့ မော်ဒယ်တွေကို ပြည်တွင်းမှာလည်း စိတ်ဝင်စားလေ့လာနိုင်အောင် ပြောပြချင်တာ ဖြစ်ပါတယ်နော်။ ဒီတော့ ကျနော်က မော်ဒယ်နှစ်ခုကိုပြောမှာဆိုတော့ နိဒါန်းနည်းနည်းနဲ့ပဲ ဆက်ရအောင်ပါ။


Nissan Juke


ကျနော်ကြိုက်သော

Drive စနစ်မှာ အာရှထုတ်အနေနဲ့ရော ဥရောပ SUV မော်ဒယ်အများစုရော ရှေ့ဘီးယက်စနစ်ကို သုံးပြီး ထုတ်လုပ်တတ်ကြပေမယ့် Forester ကတော့ ဘီးစုံယက် စနစ်နဲ့လာပါတယ်။ နောက်ပြီးတော့ Turbocharged အင်ဂျင်အနေနဲ့လည်း ရွေးချယ် ဝယ်ယူနိုင်အောင် ထုတ်လုပ်ထားသေးတာတွေ့ရပြီး အင်ဂျင်ပိုင်း ရွေးချယ်စရာ Grade တော်တော်များများ ထုတ်လုပ်ထားတာတွေ့ရပါတယ်။ နောက်တချက်ကတော့ Off-Road စွမ်းဆောင်ရည် ဖြစ်ပြီးတော့အာရှထုတ် SUV တွေအားလုံးထက်သာလွန်တဲ့ Off-Road စွမ်းဆောင်ရည်ကို တွေ့ရသလို အမေရိကမှာတောင်မှ Forester ကလူကြိုက်များတာတွေ့ရပါတယ်။ ဒီနေရာမှာ Juke ကတော့ City အတွက်လောက်ပဲ အဆင်ပြေနိုင်မယ့်မော်ဒယ် ဖြစ်ပြီးတော့ တန်ကြေးနည်းနည်းနဲ့ ဝယ်လို့ရနိုင်မယ့်၊ နောက်ပြီး ဆီစားနှုန်းသက်သာပြီး အင်ဂျင်လည်း အရွယ်အသေးစားပဲ တပ်ဆင်ထားတာတွေက City လမ်းကြောင်းမှာ သုံးဖို့ဝယ်မယ့်သူတွေအတွက် Jukeရဲ့အားသာချက်ပါ။ ဒီတော့ Highway နဲ့ Off-Road အတွက်ဆို Forester ကကောင်းပြီး Cityအတွက်ဆိုရင် Juke ကကောင်းပါလိမ့်မယ်နော်။

 
Sabaru


 ကျနော်မကြိုက်သော

အခုနောက်ပိုင်း ကားတစီးမှာ အခရာကျတဲ့အပိုင်းက လျှပ်စစ်နည်းပညာသုံးစနစ်တွေ ဖြစ်ပြီးတော့ အားလုံးသိတဲ့အတိုင်း မော်တော်ကားတစီးရဲ့ လုပ်ငန်းလည်ပတ်လုပ်ဆောင်ပုံတွေကို လျှပ်စစ်စနစ်တွေနဲ့ထိန်းချုပ်ထားတဲ့ခေတ်မှာ အခြေခံကျတဲ့ Display စနစ်ရဲ့ Touch စနစ်က အားနည်းတာတွေ့ရပြီး ခေတ် နောက်ကျန်နေတာကြောင့် Smart အနေနဲ့သုံးဖို့ လိုအပ်ချက်တွေ့ရပါတယ်။ Juke မှာတော့ အတွင်းပိုင်း အပြင်အဆင်က ပလပ်စတစ်သားများနေတာရယ်၊ နောက်ပြီး အကြမ်းခံနိုင်ရည်နည်းတာတွေက လူကြိုက်နည်းနိုင်ပါတယ်။ ဒါပေမယ့် သူက City ဦးစားပေး မော်ဒယ်ဆိုတော့လည်း အပြစ်တော့ သိပ်ပြောလို့ မရပြန်ပါဘူး။ ဖျော်ဖြေရေးပိုင်းကို နောက်မှာ ကောင်းအောင် ပြန်ပြင်မယ်ဆိုရင်တော့ Forester က အားသာမှာ ဖြစ်ပြီး အလွယ်ပြောရရင် အတွင်းခန်း အပိုင်းတွေက မော်ဒယ်နှစ်ခုလုံးမှာ အားနည်းတာတွေ့နိုင်ပြီး မော်ဒယ် တခုကို ရွေးပါဆိုရင်တော့ Forester ကိုသဘောကျမိပါတယ်။

မော်ဒယ်တွေရဲ့စွမ်းဆောင်ရည်

အထက်မှာ ပြောခဲ့သလို Forester ကို ဘီးစုံယက်စနစ်နဲ့ ဖန်တီးထားပြီးတော့ ဒီလိုမျိုး အင်ဂျင်က စွမ်းအင်ကို ဘီးအားလုံးမှာ သက်ရောက်စေနိုင်ဖို့ စွမ်းအင်ထုတ်လုပ်မှု အားကောင်းအောင် တပ်ဆင်ထားတဲ့ အင်ဂျင်က ၂ ဒသမ ၅လီတာ သုံးလေးလုံးထိုး အင်ဂျင်ဖြစ်ပါတယ်။ လေးလုံးထိုး အင်ဂျင်တွေထဲမှာဆိုရင်တော့ အရွယ် အကြီးဆုံးတန်းဝင်ဖြစ်ပြီး အင်ဂျင်ကရုန်းအား ၁၇၄ပေ-ပေါင်မှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၇၀ အား ဆိုတော့ မြန်နှုန်းမြှင့်တင်နိုင်မှုထက် ရုန်းအားကောင်းမွန်မှုက သာပါလိမ့်မယ်။ Juke မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၁ဒသမ ၆လီတာ သုံး လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်အောင် Turbocharged စနစ်ပါ ထည့်သွင်း တည်ဆောက်ထားတာ တွေ့ရပါတယ်။ အဆိုပါ အင်ဂျင်ကနေထုတ်လုပ်ပေးနိုင်မယ့် စွမ်းအင်ပမာဏက ရုန်းအား၁၇၇ပေ-ပေါင်မှာ မြင်းကောင်ရေ ၁၈၈ ကောင်အားဖြစ်ပြီးတော့ ဒီပမာဏက အရွယ်တူအင်ဂျင်တပ် မော်ဒယ်တွေထက် မြင်းကောင်ရေ ၁၀ကောင် အားလောက် ပိုတာဖြစ်ပြီး ရှေ့ဘီးယက် စနစ်ထက်စာရင်တော့ တခြား Drive စနစ်တွေက စွမ်းအင် ထုတ်လုပ်သုံးစွဲနိုင်မှု သာလွန်တာ တွေ့ရပါတယ်။ ဒါကြောင့် အင်ဂျင်တွေရဲ့ အပိုင်းကိုကြည့်မယ်ဆိုရင်တော့ Juke က အားကောင်းတာ တွေ့ရပြီး အင်ဂျင်အရွယ် လေးသေးတာကြောင့် တင်သွင်း ဝယ်ယူမယ်ဆိုရင်တောင်မှ အခွန်လျော့နိုင်သေးတာလည်း ဖြစ်ပါတယ်။


Nissan

 မောင်းနှင်နိုင်မှု

Subaru က သူ့ရဲ့ မော်ဒယ်အများစုကို Sport ဆန်အောင်ထုတ်လုပ်တတ်တာတွေ့ရသလို Off-Road အတွက်ရော အမြန်နှုန်းအတွက်ပါ ကောင်းမွန်အောင် ရည်ရွယ်ပြီးတော့ Forester ကိုလည်း Manualစနစ်နဲ့ ဖန်တီးထားတာ တွေ့ရသလို ဂီယာချက် အသုံးပြုနိုင်မှုအပိုင်းကလည်း ၆ချက်ထိအောင် ဖြစ်ပါတယ်။ ဒါပေမယ့်Autoစနစ်နဲ့ မရနိုင်တာက လူကြိုက် နည်းနိုင်တဲ့အချက် ဖြစ်ပေမယ့် CVTစနစ်နဲ့ ဆိုရင်တော့ ရနိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုကို ကြည့်မယ်ဆိုရင် တနာရီမိုင် ၆၀နှုန်းကို အချိန် ၉ စက္ကန့်ထိအောင် ပဲယူမှာဖြစ်ပါတယ်။ Juke ရဲ့ Transmission အပိုင်းမှာတော့ Manual စနစ်နဲ့ရော CVTစနစ်နဲ့ပါ တွေ့ရပြီး ထူးခြားတာတခုလည်း ပြောစရာရှိလာပါတယ်။ အဲဒါကတော့ပုံမှန်ဆိုရင် Manual စနစ်က အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ကောင်းမွန်တာဖြစ်ပြီးCVTကအားနည်းတာ ဖြစ်ပေမယ့် Juke မှာတော့ CVT က တနာရီမိုင် ၆၀နှုန်းကို အချိန် ၇ဒသမ၃စက္ကန့် ပဲ ယူမှာဖြစ်ပေမယ့် Manualစနစ်နဲ့ဆိုရင်တော့ အချိန် ၈ဒသမ ၁ စက္ကန့်လောက်ထိအောင် ကြာမှာဖြစ်ပါတယ်။

ဆီစားနှုန်းများ

ဒီအပိုင်းကတော့ Foresterက အင်ဂျင်ရဲ့ လည်ပတ်အား တမိနစ်အမြန်ဆုံး အပတ်ရေ ၅၈၀ဝ အထိရှိကာ  Drive စနစ်မှာ ဘီးစုံယက်စနစ်နဲ့ ဖန်တီးထားသော မော်ဒယ်အတွက် ဆီစားနှုန်းက ပျမ်းမျှဆီတဂါလံကို၂၅မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ပြိုင်ဖက်လို့ဆိုနိုင်မယ့်Toyota RAV-4 နဲ့ Honda CR-V လို မော်ဒယ်တွေနဲ့ သိပ်မကွာလှတာတွေ့ရပါတယ်။ ဘီးစုံယက်စနစ်နဲ့ ဖြစ်တာကြောင့် Highwayမှာတော့ ဆီနည်းနည်းပိုစားတာတွေ့ရပြီး Cityဆိုရင် ၂၂မိုင်နဲ့ Highwayဆိုရင် ၂၉မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ဆံ့ဝင်နိုင်မှုကတော့ ၁၅ဒသမ၉ဂါလံ ထိအောင်ပဲ ဖြစ်ပါတယ်။


Nissan

 Juke ကိုတချက်ကြည့်လိုက်တော့ ကားတစီးလုံးရဲ့ အလေးချိန်က အာရှထုတ် မော်ဒယ်ဖြစ်ပေမယ့် ပေါင်၂၉၅၉ ပေါင် ထိအောင်ရှိမှာဖြစ်ပြီး အရွယ်တူ အာရှထုတ် မော်ဒယ်တွေနဲ့ နှိုင်းရင် ပိုများတာ တွေ့ရသလို ကိုယ်ထည်ပိုင်းမာကျောမှုလည်း ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။ ဒါပေမယ့် တဖက်မှာ အင်ဂျင်အရွယ်အစား သေးငယ်တာကြောင့် ဆီစားနှုန်းအပိုင်းမှာ သင့်တင့်တာတွေ့ရပြီး ပျမ်းမျှအနေနဲ့တော့ ဆီတဂါလံကို ပျမ်းမျှမိုင်၃၀ထိ အောင်စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ရှေ့ဘီးယက်စနစ်နဲ့ဆိုရင်တော့ City မှာ ၂၇မိုင်နဲ့ Highwayမှာ ၃၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပေမယ့် ဘီးစုံယက်စနစ်နဲ့ ဆိုရင်တော့ City မှာ၂၆မိုင်နဲ့ Highway မှာ ၃၂မိုင် လောက်ထိအောင်ပဲ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါဆို သင့်အနေနဲ့ ဘယ်မော်ဒယ်ကို ပိုပြီးသဘောကျပါသလဲ၊ ဆီစားနှုန်း သက်သာလို့များ Juke ကိုကြိုက်သွား ပါသလား၊ Off-Road စီးနိုင်မှာဖြစ်လို့ Foresterကို စိတ်ကူးယဉ်နေမိပါသလား။ ကျနော်ကတော့ နှိုင်းယှဥ်ပြသင့်တာတွေ ပြပြီးပြောပြီးပါပြီနော်။ သင့်အနေနဲ့ပဲရွေးချယ်ဖို့လိုပါတော့တယ်။


လင်းထက်(IA)

"ဧရာဝတီဂျာနယ် အမှတ်စဉ် (၄၈) ရဲ့ Car Review ကဏ္ဍမှာ ဖော်ပြထားပါသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved