နေရာကောင်းရလာတဲ့ မြောက်ကိုရီးယား မင်းသမီး

Saturday, November 29, 2014

.

မြောက်ကိုရီးယားခေါင်းဆောင်က သူ့ရဲ့နှမငယ် Kim Yo Jong ကို ရာထူးကြီးကြီး ပေးထားပါပြီ။

ကြာသပတေးနေ့ အစိုးရ ပြန်ကြားရေးဌာန သတင်းမှာ ဒီအမျိုးသမီးနာမည် ပါပါတယ်။
သူ့အဆင့်က  အာဏာရပါတီရဲ့ ထိပ်တန်းရာထူးမှာပါ ဆိုပြီး http://www.irrawaddy.org/asia/north-koreas-princess-moves-closer-center-power.html
 သတင်းမှာ ရေးထားပါတယ်။
 

ဒီလို အရိပ်အမြွက်ပြသလိုက်ခြင်းဟာ လျှို့ဝှက်တဲ့ဒီတိုင်းပြည်မှာ ဒီအမျိုးသမီး ထိပ်သီးနေရာ ရောက်နေပြီ ဆိုတဲ့ ခန့်မှန်းချက်တွေကို အတည်ပြုပေးလိုက်သလိုပါပဲ။

ရာထူးက ဝါဒဖြန့်ချိရေးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်ပါတယ်။ အဲဒီဌာန မီဒီယာ၊ အနုပညာ၊ ယဉ်ကျေးမှု ကဏ္ဍတွေကတဆင့် အယူအဆရေးရာတွေ ပြန့်ပွားအောင် လုပ်ပါတယ်။

ထိပ်တန်းရာထူး ဘယ်သူယူထားသလဲ ဆိုတာ ထိပ်တန်းလျှို့ဝှက်ဖြစ်နေတာကတော့ အူကြောင်ကြောင်နိုင်လှတယ်လို့ ဆိုရမယ်။

 


ယခင် တပ်မတော်အစိုးရ လက်ထက် မြန်မာပြည်မှာလည်း ရာထူးအတိုးအလျှော့တွေ ပြောင်းရွှေ့တာတွေကို အဲဒီလို ပျင်းစရာသတင်းတွေလိုက်ဖတ်ပြီး ရှာဖွေရတာပါပဲ။
 

အခုတော့ မြန်မာပြည်က ဒီမိုကရေစီ "ဖော်ဆောင်နေပြီ" ဖြစ်တာကြောင့် စစ်ဘက်ဆိုင်ရာ 
ထိပ်သီးရာထူးတွေအတွက်ပဲ အဲဒီလို စောင့်ဖတ်ရပါတော့တယ်။

မြောက်ခေါင်းဆောင်တွေကတော့ ဆက်ပြီး မိုက်တွင်းနက်နေဆဲပါ။

ဒီအမျိုးသမီး ရာထူးကြီးကြီးရနေဟန်တူတယ် ဆိုတာကို ပြည်ပရောက် မြောက်ကိုရီးယားအုပ်စုတခုက ထုတ်ပြန်ခဲ့ပါတယ်။
ခေါင်းဆောင်ကြီးဖြစ်တဲ့ သူ့အစ်ကို တလကျော်ကြာ လူမြင်ကွင်းကနေပျောက်ကွယ်နေအပြီး ထုတ်ပြန်ခဲ့ခြင်းပါ။

တောင်ကိုရီးယားထောက်လှမ်းရေးဌာနကလည်း ခေါင်းဆောင်ကြီးဟာ ဘယ်ခြေထောက် ခွဲစိတ်ကုသမှု ခံယူခဲ့ဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ခေါင်းဆောင်ကြီးက တုတ်တချောင်းထောက်ပြီး လူမြင်ကွင်း ထွက်လာပါတယ်။

ဒီအမျိုးသမီးရဲ့ လက်ရှိရာထူးက ဝန်ကြီးချုပ်ရာထူးနဲ့ ညီမျှမယ်ဆိုတဲ့ တောင်ကိုရီးယားထောက်လှမ်းရေးရင်းမြစ်တခုရဲ့ ခန့်မှန်းချက်က သူ့အစ်ကို ခြေထောက်ဒဏ်ရာမရခင် ထွက်လာတာပါ။

 


ဒီအမျိုးသမီးက အသက် ၂၇၊ သူ့အစ်ကို ခေါင်းဆောင်ကြီးက အသက် ၃၁။

စမတ်ကျကျ ဝတ်စားထား၊ ဆံပင်ကို နောက်ဘက်မှာ စုပြီး ချည်ထားတတ်တဲ့ သူ့ပုံတွေဟာ အစိုးရပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ပါလာတတ်တယ်၊ သူ့အစ်ကိုနဲ့ တွဲပြီး။
တိုက်လေယာဉ်မှူးတွေကို ဆုပေးတာမျိုး သို့တည်းမဟုတ် မြင်းဖြူတကောင်စီးနေတာမျိုး။

မြောက်ကိုရီးယားမှာ အမျိုးသမီးတွေကို ရာထူးကြီးကြီး၊ စစ်အရာရှိကြီးတွေအဖြစ် တွေ့ရခဲပါတယ်။
သို့သော်လည်း စစ်သင်တန်းတော့ တက်ကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စည်သူလင်း

ကိုးကား
http://www.irrawaddy.org/asia/north-koreas-princess-moves-closer-center-power.html

ဆက်စပ်

မြန်မာလို ဟဲတဲ့ မြောက်ကိုရီးယားလုံမေများ  
http://blog.irrawaddy.org/2012/05/blog-post_1375.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved