Honda SUV တွေထဲကဆိုရင် မော်ဒယ်နိမ့် CR-V တွေကမဆိုးလောက်ဘူး

Tuesday, December 16, 2014





ကျနော့ခေါင်းစဉ်ကိုဖတ်ပြီးတော့ကားလောကကလူတွေကတော့ရယ်ချင်နေလိမ့်မယ်ထင်တယ်ဗျ။ မော်ဒယ်နိမ့်ကမဆိုးဘူးလို့ ရေးထားတာကိုး။ဒါပေမယ့်ကျနော်က မော်ဒယ်နိမ့်တာ၊ မြင့်တာ တခုတည်းကြည့်ပြီးတော့ ပြောတာမဟုတ်ဘဲ ခြုံပြီးပြောရတာဆိုတော့ စာကိုတော့ ဆုံးအောင် ဖတ်ကြည့်ပါဦး။အခုနောက်ပိုင်းမှာHonda ရောToyota ရောသူတို့ရဲ့SUV မော်ဒယ်တွေဖြစ်တဲ့CR-Vနဲ့RAV-4  တွေကိုအကောင်းဆုံးဖြစ်အောင် ပြင်ဆင် ထုတ်လုပ်နေတာတွေ့ရသလို အထူးသဖြင့် ဥရောပကားဈေးကွက်မှာ ဥရောပထုတ် SUV တွေက ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းများ လို့ ဈေးကွက်ကျဆင်းလာတဲ့ အခြေအနေကို အကောင်းဆုံး အခွင့်အရေးယူပြီး ဈေးကွက်နေရာရအောင်ဖန်တီးနေတာမို့ မော်ဒယ်မြင့်CR-V တွေရောRAV-4 တွေရော တော်တော်ကိုကောင်းလာတာပါ။အထူးသဖြင့်တော့ဒီနှစ်ပိုင်းထုတ် မော်ဒယ်တွေပေါ့ဗျာ။ ဒါပေမယ့် တခုရှိတာကအရည်အသွေးတော့ ကောင်းလာပြီ၊ ဈေးနှုန်းကရော။

ပြည်တွင်းအနေအထားမှာပိုက်ဆံရှိတယ်ဆိုတိုင်း ကိုယ်စီးချင်တဲ့ မော်ဒယ်ကိုမျက်စိစုံမှိတ်ပြီး ငွေပေးဝယ်တဲ့သူက အရူးပါပဲ။ကားဈေးတွေကဆက်တိုက်ကျဆင်းနေတဲ့အချိန်မှာ မော်ဒယ်မြင့်ကိုစီးချင်တိုင်း ဈေးအများကြီး ပေးမယ်ဆိုရင်တော့ ပြန်ရောင်းရင်လည်း အရှုံးများပါလိမ့်မယ်။ ဒါပေမယ့်စီးသူတွေကတော့ စီးနေကြတာပါပဲ။ ဒါကတော့ သူတို့အပိုင်းလေ၊ ပေါတဲ့သူတွေပေါမှာပေါ့။ ကျနော်ကတော့ ဈေးတွက်တွက်ပြီး အချိန်ကာလနဲ့ ကိုက်ညီအောင်အကောင်းဆုံးဝယ်ယူမှုဖြစ်ဖို့အတွက် မော်ဒယ်နိမ့်CR-V တွေကို မဲပေးပါရစေ။

ရှေ့ပိုင်းထုတ်တဲ့CR-V တွေမှာတော့ အင်ဂျင်ပိုင်းက ၂.ဝ လီတာသုံးအင်ဂျင်တွေတပ်ဆင်ထားတာများပြီးတော့ နောက်ပိုင်းမှာတော့၂.၄လီတာသုံးအင်ဂျင်တွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် အာရှထုတ်မော်ဒယ်တွေဖြစ်တာကြောင့် ဆီစားနှုန်းသက်သာကောင်းမွန်တာ တွေ့ရပြီး၂၀ဝ၀ ပြည့်နှစ်ထုတ်CR-V တွေဆိုရင် ခရီးဝေးသွားလာမှုအတွက်လည်း စိတ်ကြိုက်မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ တဖက်ကလည်း လမ်း ကြမ်းဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိတာပါ။ ပြည်တွင်းမှာအတွေ့ရများတဲ့ SUV တွေထဲက လမ်းကြမ်းဒဏ်ကို ခံနိုင်ရည်အရှိဆုံး  မော်ဒယ်တွေထဲမှာအဲဒီ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်ထုတ်CR-V တွေလည်းပါပါတယ်။

တခုတော့ရှိတာပေါ့၊ မော်ဒယ်နိမ့်တယ်ဆိုတာလေ။ဒီတော့ ပြစ်ချက်တချက်ကိုသွားတွေ့ပါတယ်။ ဆေးသားအကျမြန်ခြင်းပါပဲ။ ဟုတ်ပါတယ်။ မော်ဒယ်နိမ့်CR-V တွေက ဆေးသားကျနေတတ်တာ များပါတယ်။ရုပ်ထွက်ကိုတော့နည်းနည်းဆိုး စေတာပေါ့။ဒါပေမယ့် အရောင်ပိုင်းမှာလိုက်ပြီး ဆေးသားပိုင်းကွာဟတာ တွေ့ရပြီးတော့အနက်နဲ့အဖြူတွေကတော့ ဆေးသားမဆိုးပါဘူး။အထူးသဖြင့်တော့ ငွေမင်လိုအရောင်တွေက ဆေးသားကျချင်တတ်ပါတယ်။ ဈေးနှုန်းအပိုင်းမှာကတော့ မော်ဒယ်မြင့်နဲ့စာရင် တော်တော်လေးဟသွားတာ တွေ့နိုင်ပြီး၂၀ဝ၀ ပြည့်နှစ်ထုတ်မော်ဒယ်နဲ့ ၂၀ဝ၇ခုနှစ်ထုတ် မော်ဒယ်ဆိုရင်ပဲသိန်း ၁၅၀ဝန်းကျင် လောက်ထိအောင်ဟသွားပါတယ်။ဒါက၂၀၁၀ခုနှစ်နောက်ပိုင်း မော်ဒယ်တွေကိုထည့်မပြောသေးပါဘူး။ သေချာတာကတော့ ဈေးပိုမြင့်သွားတော့မှာပါ။ ကားဈေးနှုန်းတွေက ဆက်တိုက်ကျဆင်းနေပါတယ်။ ဈေးတွက်တွက်ပြီးဝယ်မယ်ဆိုရင်တော့၂၀ဝ၀ ပြည့်နှစ် ပတ်လည်ထုတ် CR-V က သိန်း၁၀ဝဝန်းကျင်နဲ့ရနိုင်ပြီး၂၀ဝ၇ခုနှစ်ထုတ် မော်ဒယ်ကတော့ သိန်း၂၃၀ဝန်းကျင်လောက် ထိအောင် ရှိနိုင်ပါတယ်။

လင်းထက် (IA)

" အပတ်စဉ်ထုတ် ဧရာဝတီ ဂျာနယ် အမှတ်စဉ်(၄၉)တွင်ဖော်ပြထားသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved