Jazz ဂီတတွေနဲ့ ရန်ကုန်မြို့က ကမ္ဘာ့ဂီတပွဲတော်

Wednesday, December 3, 2014



World Music Festival (ဓာတ်ပုံ - တင်ထက်ပိုင်/ ဧရာဝတီ)



ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ မြက်ခင်းပြင်စိမ်းစိမ်းကို နင်းလိုက်တာနဲ့ နိုဝင်ဘာရဲ့ အေးစပြုလာတဲ့ ဆောင်းလေပြေလေးကို တချက်ခံစားလိုက်ရပြီး မြက်ခင်းပြင်အပြည့် နေရာယူထားတဲ့ ပရိသတ်ကြီးကို တွေ့လိုက်ရပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့များက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ မြက်ခင်းပြင်မှာ ဝင်ကြေးအခမဲ့နဲ့ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ပွဲလေးကတော့ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ ဂျပန်၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတကာက ဂီတပညာရှင်တွေရဲ့ Jazz တေးသွားသံစဉ်များနဲ့အတူ မြန်မာ့ ဂီတပညာရှင်တွေရဲ့ ပေါင်းစပ်တီးမှုတ် ဖျော်ဖြေမှု ဂီတအရသာတွေ စီးမျောနေတဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဂီတပွဲတော်ပဲ ဖြစ်ပါတယ်။

ဒီဂီတပွဲတော်မှာ ဖျော်ဖြေမယ့် အဓိက ဂီတအမျိုးအစားက Jazz ဖြစ်နေတဲ့အတွက်ကြောင့် လာတဲ့ပရိသတ် သုံးပုံနှစ်ပုံလောက်က အနောက်တိုင်းသားတွေရယ် မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြား သံရုံးမိသားစုဝင်တွေနဲ့ သူတို့ရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းတွေများတာကို တွေ့ရပါတယ်။ Jazz နဲ့ classical ကြိုက်တတ်တဲ့ မြန်မာပရိသတ်တွေကတော့ အလွတ်မပေးတမ်း လာရောက်နားဆင်ခဲ့ကြပါတယ်။ ဖျော်ဖြေတဲ့ အချိန်ကလည်း ညနေခင်းလေး ဖြစ်တဲ့အတွက် ပရိသတ်တွေကို ကြည့်ရတာ ပေါ့ပေါ့ပါးပါး လေးပါပဲ။

နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပထမဦးဆုံး ဖျော်ဖြေသွားခဲ့တာကတော့ ပြင်သစ်နိုင်ငံက TAB လို့ ခေါ်တဲ့ သုံးဦးပေါင်း တေးဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ ဂီတာသမားတယောက်၊ ဆိုက်ဆိုဖုန်းသမား တယောက်နဲ့ ဒရမ်တီးတဲ့သူ တယောက် ပါပါတယ်။

သူတို့အဖွဲ့ရဲ့ တေးဂီတတွေဟာ Jazz တေးဂီတကို အဓိက အခြေခံထားပြီး ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ အသံအရည်အသွေး ပြည့်ပြည့်ဝဝ ရှိပါတယ်။ ထူးခြားတာတခုကတော့ သူတို့ရဲ့ ဂီတတွေဟာ အရှေ့တိုင်းက ဂီတတွေ ပါဝင်ပေါင်းစပ်ထားတဲ့ အတွက်ကြောင့် သိပ်ပြီး မစိမ်းသလို ခံစားရပါတယ်။

TAB အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုပြီးတော့ Toritones လို့ခေါ်တဲ့ ဂျပန်၊ အမေရိကန် အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့သုံးယောက်ရဲ့ ဆိုက်ဆိုဖုန်း၊ ဘေ့စ်နဲ့ ဒရမ်တွေကို ပေါင်းစပ်တီးမှုတ် ဖျော်ဖြေမှုတွေကလည်း ဆန်းဆန်းပြားပြားကြီးတွေ မဟုတ်ပေမယ့် အလိုက်သင့်လေး စီးမျောလို့ သိပ်ကောင်းတဲ့ သံစဉ်တွေပါပဲ။ 

ပြီးတဲ့နောက်မှာတော့ ပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ ဂျာမဏီရဲ့ သုံးဦးတွဲ Jazz Trio အဖွဲ့နဲ့ မြန်မာဘက်က ဟိန်းတင့်ရဲ့ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းအဖွဲ့တို့ ပူးပေါင်းဖျော်ဖြေတဲ့ စိတ်လှုပ်ရှားဖွယ်ရာ တီးမှုတ်ဖျော်ဖြေမှုတွေပါပဲ။ အနောက်တိုင်းရဲ့ classical jazz တေးဂီတစတိုင်လ်နဲ့ မြန်မာ့ဆိုင်းဝိုင်းတို့ကို ပေါင်းစပ်ဖန်တီးလိုက်တဲ့အခါ သိပ်ကို ဆန်းပြားပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဂီတသံစဉ်တွေ တခုပြီးတခု ထွက်ပေါ်လာပါတယ်။ ပရိသတ်တွေ အကုန်လုံးကလည်း အသံတွေ တိတ်လို့ ရင်သတ်ရှုမော ခံစား အားပေးခဲ့ကြပါတယ်။ ဆိုင်းပညာရှင် ဟိန်းတင့်ကတော့ နိုင်ငံတကာ ပရိသတ်ရှေ့မှာ လက်စွမ်း ကောင်းကောင်း ပြနိုင်ခဲ့ပါပြီ။

အဲဒီ တင်ဆက်ဖျော်ဖြေမှု သုံးခုအပြီးမှာတော့ ၂၈ ရက်နေ့အတွက် အစီအစဉ်တွေ ပြီးသွားပါပြီ။ ဖျော်ဖြေခဲ့တဲ့ ဂီတပညာရှင်တွေကို ပရိသတ်အချို့ကတော့ ကိုယ်တိုင်သွားရောက် ချီးမွမ်းနှုတ်ဆက်ခဲ့ကြပါတယ်။ ပရိသတ်အချင်းချင်းလည်း ဂီတခံစားမှုတွေ ဖလှယ်ရင်း ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ Rendez-vous စားသောက်ဆိုင်နဲ့ မြက်ခင်းပြင်မှာ ဂီတအကြောင်းတွေ ဖောင်ဖွဲ့လို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျန်နေသေးတဲ့ နောက်တရက်အတွက်လည်း ကြိုလို့ ရင်ခုန်နေခဲ့ကြမှာပါ။

၂၉ ရက်နေ့မှာတော့ classical နဲ့ ခေတ်ပြိုင် Jazz ဂီတသံစဉ်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့ အစ္စရေးဂီတပညာရှင်နှစ်ယောက်ရဲ့ သံစဉ်တွေကို အားရပါးရ ခံစားခဲ့ရပါတယ်။ ဖန်တီးမှုအားကောင်းတဲ့ သူတို့ရဲ့ ဂီတသံစဉ်တွေဟာ သိပ်ကို ထူးခြားပြီး ပါရမီရှင်တွေလို့တောင် တင်စားနိုင်ပါတယ်။

အစ္စရေးဂီတအဖွဲ့ ပြီးရင်တော့ နယူးယောက်မြို့ Jazz လောကမှာ နာမည်ကျော်ကြားတဲ့ အဆိုတော်လည်းဖြစ် သီချင်းလည်းရေးတဲ့ ဆွစ်ဇာလန်နိုင်ငံဖွား အမျိုးသမီး ဂီတာပညာရှင် Elaine Amherd နဲ့ ဒရမ်မာ Willard Dyson တို့ရဲ့ ပူးပေါင်းဖျော်ဖြေ တင်ဆက်မှုပါပဲ။ သူတို့နှစ်ယောက်နဲ့အတူ Tim ကလည်း Bass player အဖြစ် အားဖြည့် တီးခတ်ပေးခဲ့ပါတယ်။ Elaine ရဲ့ ဘရာဇီးနဲ့ လက်တင်စတိုင်လ် ကိုယ်ပိုင်သံစဉ် တေးသွားတွေနဲ့အတူ သူမရဲ့ ဆွဲဆောင်မှုရှိရှိ စင်မြင့်ဖျော်ဖြေမှုတွေက ပရိသတ်တွေကို ဆက်တိုက် ဖမ်းစားထားပါတော့တယ်။

Elaine ကတော့ အမြူးရော အဆွေးရော နှစ်ခုလုံး ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော်တယောက် ဖြစ်တဲ့အပြင် ဂီတာကိုလည်း သူ့အဖွဲ့သားတွေနဲ့အတူ ပြောင်ပြောင်မြောက်မြောက် တီးနိုင်တဲ့သူလို့ ပြောရမှာပါ။ ကျန်တဲ့ အတီးသမားနှစ်ယောက်ကလည်း ဂီတစည်းချက်တွေကို သိမ်မွေ့ပါးနပ်စွာ တီးခတ်ပြသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Live ခံစားရဖို့ သိပ်ကိုခက်ခဲတဲ့ ရှားပါးအခွင့်အရေးတခုလို့ ဆိုရမှာပါ။

အဲဒီနောက်မှာတော့ မြန်မာ- ဂျာမနီ နှစ်နိုင်ငံရဲ့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့ ပြောရလောက်အောင် ထူးခြားပြောင်မြောက်တဲ့ Jazz ဂီတ ပူးပေါင်းဖျော်ဖြေမှုပါပဲ။ မြန်မာနိုင်ငံရဲ့ ဂီတသင်တန်းကျောင်း တခုဖြစ်တဲ့ ဂီတမိတ်မှ Jazz အဖွဲ့နဲ့အတူ ဂျာမနီရဲ့ အကောင်းဆုံး Jazz ဂီတပညာရှင် တဦးလို့ ပြောလို့ရတဲ့ Meike Goosmann နဲ့ သူမရဲ့ အဖွဲ့သားတွေ ပူးပေါင်းဖျော်ဖြေ တီးမှုတ်ပြီး တင်ဆက်ထားတာပါ။

ဂီတတူရိယာတွေ တော်တော် စုံစုံလင်လင် ပါဝင်ဖျော်ဖြေ တီးမှုတ်ထားပြီးတော့ တူရိယာတမျိုးကို ဂျာမနီနဲ့ မြန်မာ နှစ်ဖက်စလုံးမှ တယောက်စီက တီးမှုတ်ဖျော်ဖြေထားတဲ့အတွက် သံစဉ်တွေ စည်းချက်ညီညီ ထွက်လာဖို့ ၁၀ ရက်လောက် ဆက်တိုက် လေ့ကျင့်ခဲ့ကြရတယ်လို့ သူတို့က ပြောပါတယ်။

အဆိုကိုတော့ ဂီတမိတ်မှ ကိုသားငယ်က ပါဝင်သီဆို ပေးထားတာဖြစ်ပြီး ဂျာမန်သီချင်း “Wenn Ich Ein Voglein War” (I wanna play) ဆိုတဲ့ သီချင်းကို ကိုသားငယ်က ဂျာမန်ဘာသာနဲ့ပဲ သီဆိုပေးခဲ့ပါတယ်။ သူ ကိုယ်တိုင်ရေးစပ်ထားတဲ့ Jazz အမျိုးအစား၊ မြန်မာသီချင်း “စမ်းချောင်းလေး” ကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ ကိုသားငယ်ရဲ့ အဆိုပိုင်နိုင်မှုနဲ့ ဂီတပါရမီကတော့ ကြားခဲ့ရသူတိုင်းကို အံ့သြရှုမောသွားစေပါတယ်။ သူ သီဆိုအပြီးမှာတော့ လက်ခုပ်သံတွေ မစဲနိုင်အောင်ဘဲ ဖြစ်နေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ Jazz ဂီတကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့သူတွေ လက်ချိုးရေတွက်လို့ ရတဲ့အထဲမှာ ကိုသားငယ် ပါဝင်နေတယ်ဆိုတာ မေးခွန်းထုတ်စရာတောင် လိုမှာ မဟုတ်ပါဘူး။

ဒီ ဂျာမန်- မြန်မာ နှစ်နိုင်ငံ Jazz အဖွဲ့ဟာ မန္တလေးမြို့မှာလည်း “An Evening Jazz” ဆိုတဲ့ ပွဲခေါင်းစဉ်လေးနဲ့ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ သွားရောက်ဖျော်ဖြေဦးမယ်လို့ ကိုသားငယ်က ဧရာဝတီကို ပြောပါတယ်။

ပွဲတောက်လျှောက်မှာ တင်ဆက်မှု တခုနဲ့တခုကြား ပရိသတ်တွေအတွက် အားလပ်ချိန်လည်း ပေးခဲ့ပါတယ်။ စင်မြင့်နဲ့ ပေးထားတဲ့ မီး အနေအထားက ဓါတ်ပုံသတင်း လာယူကြတဲ့ ဓါတ်ပုံဆရာတွေအတွက် နည်းနည်း အခက်ကြုံရတာက လွဲလို့ ပရိသတ်တွေဟာ စည်းကမ်းတကျနဲ့ အေးအေးဆေးဆေး လာရောက် ခံစားခဲ့ကြတဲ့အတွက် ပွဲလေးဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးဆုံးသွားပါတယ်။

ဒီဂီတပွဲတော်ကို မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရော မြန်မာနိုင်ငံက ဂီတချစ်မြတ်နိုးသူတွေရော ကမ္ဘာအနှံ့က ဂီတအမျိုးအစားတွေကို ရှားရှားပါးပါး လာရောက်ခံစားလို့ရအောင်  စီစဉ်ပေးခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ ဂိုထေးအင်စတီကျု့(Goethe Institute) တို့က ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး၊ ဂျပန်နှင့် ဆွစ်ဇာလန်နိုင်ငံ သံရုံးတို့ကလည်း ပါဝင်ကူညီ စီစဉ်ပေးထားတယ်လို့ သိရှိရပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာန ကြီးမှူးလို့ အခုလို ကမ္ဘာ့ဂီတပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့တာလည်း အခုနှစ်နဲ့ပါဆို လေးကြိမ်တိုင်ခဲ့ပါပြီ။

ရှေ့နှစ် ၅ ကြိမ်မြောက် ကျရင်ရော ဘယ်နိုင်ငံက ဂီတပညာရှင်တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ ဂီတတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းအောင် ဘယ်လိုမျိုး စီစဉ်ထားဦးမလဲ ဆိုတာ မလွတ်တမ်း စောင့်ကြည့် ကြရအောင်နော်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved