.
ဆယ်တန်းအောင်ဖို့မလို၊ လူလိုသိဖို့လိုတယ် ဆိုတဲ့စကား မကြာခဏ ကြားရပါတယ်။
ဆယ်တန်းလေး အောင်ဖို့ အင်မတန် အရေးကြီးတဲ့ကာလမှာ လူလိုသိဖို့က ပို၍ပို၍ အရေးကြီးကြောင်း၊ လူ့ကျင့်ဝတ် နားလည်ဖို့၊ ကိုယ်ချင်းစာဖို့ အရေးကြီးကြောင်း အသားပေးပြောဆိုတဲ့သဘောပါပဲ။
မြန်မာပြည်ကို နှစ်ပေါင်း ၂ဝ ဝန်းကျင် စိုးမိုးသွားတဲ့ ယခင်ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ဆယ်တန်းအောင်ပါသလား။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာတော့ သူ့ကို ၃ တန်းအောင်တဲ့သူအဖြစ် ရေးသားပြောဆိုနေကြပါတယ်။
သူဟာ ဆယ်တန်းအောင်သူဖြစ်တယ်၊ ၁ဝ နေရာမှာ ၃ လို့ ပြင်ပြီး ဖြန့်ဝေနေကြတာလို့ ဒီကနေ့တော့ တယောက်က ရှင်းလင်း ရေးသားလိုက်ပါတယ်။
ပြင်ဆင်တာ အတုလုပ်တာ အင်မတန် လွယ်ကူနေတဲ့ခေတ်မှာ ၁ဝ ကို ၃ လို့ ပြောင်းရတာလည်း လွယ်ပါတယ်။
သူ့ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းကို ကူးယူ ပြု ပြင်ပြီး အွန်လိုင်းထဲ တင်ထားကြတာပါ။
အဲဒီကိုယ်ရေးအကျဉ်းကရော စစ်မှန်ရဲ့လားလို့ မေးစရာ ရှိပါတယ်။ အစစ်အမှန်ပဲ၊ စာအုပ်တအုပ်ထဲမှာ အဲဒီလိုပဲ ပုံနှိပ်ထားတယ် ဆိုရင်တော့ အဲဒီစာအုပ်က မဆလ ပါတီ (ဦးနေဝင်းတို့ ထူထောင်ခဲ့တဲ့ ပါတီ) ၁၉၈၁ မှာ ထုတ်ဝေတဲ့ စာအုပ် ဖြစ်ပါလိမ့်မယ်။
အဲဒီမှာ သူ့အသက် ၄၈၊ မွေးသက္ကရာဇ်က ဖေဖော်ဝါရီ ၂၊ ၁၉၃၃ လို့ ရေးထားတာကို တွက်ကြည့်ခြင်းပါ။
၁၉၈၁ သူ့ရဲ့ ပါတီ တာဝန်က စစ်တပ်ထဲ တပ်မ စည်းကော်မတီဥက္ကဋ္ဌအဆင့်လို့ အဲဒီမှာ ရေးထားပါတယ်။ မဆလခေတ်မှာတော့ အကြီးစားရာထူး အရေးပါတဲ့ရာထူးပါပဲ။
၃ တန်းအောင် လို့ ပြင်ဆင် ရေးသားခံရတာလည်း သိပ်တော့ ခံရခက်စရာ မလိုဘူးထင်ပါတယ်၊ အဲဒီခေတ်က စာသင်ခန်းပညာရေးအခြေအနေက ကောင်းပါသေးတယ်။
သေစာရှင်စာဖတ်တတ် ရေးတတ်ရုံထက် သာလွန်ပါသေးတယ်။
ဆယ်တန်းအောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အဲဒါထက် ပို၍ပို၍ အရေးကြီးတာတွေ၊ အလေးထား ပြောရမှာတွေ ရှိပါတယ်။
ပြီးခဲ့သော အနှစ် ၂ဝ အတွင်း ဦးသန်းရွှေရဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်တွေထဲမှာတော့ ပြင်ဆင်ရ အင်မတန်ခက်ခဲအောင် စနစ်တကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေ ပေါ်ပေါက်ရေးလည်း ပါဝင်ပါတယ်။
အဲဒါတွေက ဆယ်တန်း အောင်တာ၊ မအောင်တာထက် ပိုပြီး ပြောစရာဖြစ်နေပါတော့တယ်။
စည်သူလင်း

ဆက်စပ်သတင်း
http://blog.irrawaddy.org/2014/09/blog-post_448.html
.
0 comments :
Post a Comment