၂၀၁၃ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးမှာ ဘာတွေ ထူးထူးခြားခြားတွေ့ရမလဲ

Monday, December 22, 2014





 မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးက တဖြည်းဖြည်းနီးလာပါပြီ။ လာမယ့် ဒီဇင်ဘာလ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးက ခါတိုင်းနှစ် ကျင်းပနေကျ အကယ်ဒမီပေးပွဲ တွေနဲ့ မတူဘဲကွဲပြားထူးခြားနေမယ့် နှစ်လို့ ဆိုနိုင်ပါတယ်။

နှစ်စဉ်နှစ်တိုင်းကျင်းပမြဲအကယ်ဒမီပွဲတွေမှာ နိုင်ငံတော်အစိုးရက ကျင်းပပြုလုပ်ပြီး ထူးချွန်ဆုတွေကို အစိုးရအဖွဲ့ကရွေးချယ်ပေးအပ်ခဲ့ပေမယ့် ဒီနှစ်ကတော့ NGO (Non-Government Organization)တခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရုပ်ရှင်အစည်းအရုံးကတာဝန်ရှိသူတွေကိုယ်တိုင် ဦးစီးဆောင်ရွက် ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီထူးချွန်ဆုတွေကို စိစစ်ရွေးချယ် ချီးမြှင့်မယ့်နေရာမှာလည်း ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေကိုယ်တိုင် ဝင်ရောက်ပါဝင်ဦးစီးလုပ်ကိုင်ဆောင်ရွက်မှာဖြစ်ပြီးအကယ်ဒမီပေးပွဲကိုတော့ ခါတိုင်းကျင်းပနေကျ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတို့၊ နေပြည်တော်တို့မှာမကျင်းပတော့ဘဲရန်ကုန်မြို့ စမ်ေးချာင်းမြို့နယ်မှာရှိတဲ့ M.E.P (Myanmar Event Park) ဝင်းထဲမှာကျင်းပမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အကယ်ဒမီဆုပေးပွဲကို ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ အရင့်အရင်နှစ်တွေကလို ကိုယ်တိုင် သွားရောက် အားပေးကြည့်ရှုခံစားနိုင်တဲ့ အခွင့်အရေးကတော့ ဒီနှစ်မှာမရနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်အကယ်ဒမီပေးပွဲကအခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးကြောင့် ပရိသတ်တွေအတွက် ထိုင်ခုံနေရာ၊ လက်မှတ်ရောင်းချတာမျိုးရှိမှာမဟုတ်ဘဲဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့  အနုပညာရှင်တွေ၊ စာနယ်ဇင်း ရုပ်သံမီဒီယာသတင်းသမားတွေသာသွားရောက်နိုင်မယ့် အနေအထားမျိုးဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးအနေနဲ့ မြန်မာတပြည်လုံးတိုက်ရိုက်ကြည့်ရှုနိုင်ဖို့  ရုပ်သံ Channel အသီးသီးကနေ ပြသသွားမှာဖြစ်တယ်လို့ ကြားသိရပါတယ်။

ဒီလိုမျိုးခါတိုင်းနှစ်တွေနဲ့ မတူညီတဲ့ ပြောင်းလဲမှုတွေကဒါတင်မကသေးပါဘူး။ နှစ်စဉ် အကယ်ဒမီပေးပွဲတွေမှာအကယ်ဒမီဗန်းကိုင်ဖို့အတွက် လှပျို ဖြူအမျိုးသမီးတွေကိုသာ လျှောက်လွှာ ခေါ်ယူခဲ့ပေမယ့် ဒီနှစ်မှာတော့ အမျိုးသားအကယ်ဒမီဗန်းကိုင်တွေကိုပါ ခေါ်ယူခဲ့ပြီးဒီနှစ်ကစလို့ အကယ်ဒမီ ဗန်းကိုင်တွေကိုအကယ်ဒမီရွှေကြိုလို့  စတင်ပြောင်းလဲခေါ်ဝေါ်တာကလည်း အနုပညာလောကသားတွေ၊ မီဒီယာကစာနယ်ဇင်းပုဂ္ဂိုလ်တွေနဲ့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အံ့ဩဆန်းကြယ် စိတ်ဝင်စားဖွယ် အကယ်ဒမီဆုပေးပွဲတရပ် ဖြစ်လို့နေပါတယ်။

အကယ်ဒမီရွှေကြို ရွေးချယ်မှု အဆင့်ဆင့်ကိုထပ်ဆင့်အကယ်ဒမီရန်အောင်၊ ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်၊ ထပ်ဆင့်အကယ်ဒမီမေသန်းနု၊ ထပ်ဆင့်အကယ်ဒမီမျိုးသန္တာထွန်း၊  ဒါရိုက်တာအိအိခိုင်၊ ဒါရိုက်တာဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊  ဦးမိုးမင်း၊ ကိုမျိုး (မြန်မာစာ)နဲ့ ရုပ်ရှင်အစည်းအရုံးတာဝန် ရှိသူတွေကအကဲဖြတ်  ဒိုင်လူကြီးများ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အကယ်ဒမီရွှေကြို လျှောက်လွှာပေါင်း ၅၀ဝ ကျော်ထဲကမှ ပထမအဆင့် အမျိုးသား၊ အမျိုးသမီးအယောက် ၄၀ စီဆန်ခါတင်၊ အဲဒီနောက် တယောက်ချင်းစီကိုအမှတ်ပေးစနစ်နဲ့ နောက်ဆုံးအဆင့် ဆန်ခါတင် ရွှေကြို အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်စီရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာထူးထူးခြားခြားဆိုသလိုပဲ နိုင်ငံတကာနဲ့ ပြည်တွင်းအလှမယ်ပြိုင်ပွဲတွေမှာ သရဖူတွေ၊ ဆုတွေ အသီးသီးရရှိထားတဲ့ အလှမယ်တွေဖြစ်တဲ့ Miss Asia Pacific World 2014 သရဖူဆုရှင်အလှမယ်မေမြတ်နိုး၊ Miss Myanmar International 2013သရဖူဆုရှင် အလှမယ် ဂုဏ်ရည်အေးကျော်၊ Miss Universe Myanmar 2014  ပြိုင်ပွဲရဲ့ 1st Runner up ကစဆုရရှိထားတဲ့ အလှမယ် ယွန်းမီမီကျော်၊ Miss Oramin-F ပြိုင်ပွဲမှာ ဆယ်ကျော်သက်အလှ ဘုရင်မဆုရရှိထားတဲ့ မော်ဒယ်လ် ခိုင်သုဇင်ငုဝါ၊ Miss Now How 2014 ပြိုင်ပွဲမှာ 1st Runner up ကစဆုရရှိထားတဲ့ မော်ဒယ်လ်နန်းစန္ဒာလှထွန်းစတဲ့ အလှမယ်တွေနဲ့ နာမည်ရမော်ဒယ်လ်တွေကို တက်သစ်စ မျက်နှာသစ် မော်ဒယ်လ်တွေနဲ့ အတူဒီနှစ်အကယ်ဒမီရွှေကြိုနေရာကိုယှဉ်ပြိုင် လျှောက်ကြတာ တွေ့ရပါတယ်။

နောက်ဆုံးအဆင့် ရွေးချယ်ထားတဲ့ အမျိုးသမီးရွှေကြိုဆန်ခါတင် ၁၀ ဦးကတော့ ဆုနန္ဒာအောင်၊ မေမြတ်နိုး၊ ဂုဏ်ရည်အေးကျော်၊ နန်းစန္ဒာလှထွန်း၊ ဖြူသန့်ချော၊ အမရာငြိမ်း၊ စံထိပ်ထားခင်၊ သံသာမိုးသိမ့်၊ ယွန်းမီမီကျော်၊ ခိုင်သဇင်ငုဝါတို့ပဲ ဖြစ်ပါတယ်။

ဒီလိုနောက်ဆုံးအဆင့် ဆန်ခါတင် ရွေးချယ်ထားတဲ့ အမျိုးသမီး ၁၀ ဦးထဲမှာအလှမယ်တွေ ပါဝင်တာနဲ့ပတ်သက်ပြီးပရိသတ်တချို့နဲ့ အနုပညာရှင်တချို့အကြားမှာမတူညီတဲ့အမြင်၊ ဝေဖန်ချက်တွေ ရှိနေပါတယ်။

ဒီလိုဝေဖန်ချက်တွေ ရှိတဲ့အပေါ်ကိုတော့ ရွှေကြိုရွေးချယ်ရေးအဖွဲ့ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူတွေက ဒီလိုနာမည်ရအလှမယ်တချို့နဲ့ ပရိသတ်သိပြီးသားမော်ဒယ်လ်တချို့ကိုရွေးချယ်ဖြစ်တာဟာသူတို့အရင်က ပြိုင်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲတွေမှာရရှိထားတဲ့ ဆုတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ရွှေကြိုရွေးချယ်တဲ့ ပြိုင်ပွဲတလျှောက်မှာသာသတ်မှတ်ထားတဲ့ စံနှုန်း၊ အရည်အချင်းပြည့်မီသူတွေကိုအမှတ်ပေးစနစ်နဲ့ အဆင့်ဆင့် သေချာစိစစ်ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Miss Asia Pacific World သရဖူဆုရှင် အလှမယ် မေမြတ်နိုးက“မြတ်နိုးရွှေကြို ပွဲမှာဝင်လျှောက်ဖြစ်တာက သရုပ်ဆောင်တွေကိုဂုဏ်ပြု တဲ့ပွဲမှာတထောင့်တနေရာကနေပါဝင်ချင်လို့ပါ။ ဒီပွဲဝင်ပြိုင်လို့ သရဖူရထားတဲ့ အလှမယ် တယောက်အပေါ်ဝေဖန်မှုတွေရှိနေတဲ့အပေါ်ပြောရရင် အဲဒါတွေကတွေးခေါ်မှု မှားနေတယ်လို့ပဲပြောပါရစေ။

ဒီလိုထူးချွန်တဲ့ သရုပ်ဆောင်တွေကိုချီးမြှင့်တဲ့ ပွဲမှာ မြတ်နိုးလည်းသရုပ်ဆောင် တယောက်အနေနဲ့ တထောင့်တနေရာကဝင်ရောက်ပါဝင်တာဟာ မြတ်နိုးရတဲ့ Crownနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ပါတယ်။ မြတ်နိုးတို့လည်းသူများနဲ့တန်းတူဖောင်တင်တယ်။ အားလုံးနဲ့တန်းတူအားလုံးရှေ့မှာဝင်အရွေးခံခဲ့တယ်။ အဲဒီအထဲကမှ သင့်လျော်တဲ့သူကိုရွေးလိုက်တာပါ။ မေးခွန်းတွေမှာလည်းဖြေနိုင်တဲ့သူရှိသလိုမဖြေနိုင် တဲ့သူလည်းရှိပါတယ်။ မြတ်နိုးကသရဖူရထားတဲ့ အလှမယ်မို့လို့ အရွေးခံခဲ့ရတာမျိုးမဟုတ်ပါဘူး”လို့ ဧရာဝတီကိုပြောပါတယ်။

Miss Universe Myanmar 2014 ပြိုင်ပွဲရဲ့ 1st Runner up စဆုရရှိထားတဲ့ အလှမယ် ယွန်းမီမီကျော် ကလည်း“ညီမရွှေကြိုရွေးပွဲမှာဝင်ပြိုင်ဖြစ်တာကအကယ်ဒမီပေးပွဲကိုညီမ နှစ်တိုင်းအိမ်ကနေပဲအားပေးခဲ့တာ။ အဲဒီမှာကြည့်ရင် အကယ်ဒမီဗန်းကိုင် အစ်မတွေကိုအရမ်းအားကျတယ်။ သူတို့ဆိုရင် သူတို့လျှောက်လှမ်းနေတဲ့ အနုပညာလောကမှာနေရာတွေရနေကြပြီ။ ဒါကြောင့် ဒီနှစ်ဝင်လျှောက် ဖြစ်တာပါ။ ပြိုင်ပွဲကို Miss တယောက် အနေနဲ့ ဝင်ပြိုင်ပြီးအရွေးခံရတာ ဘယ်လိုခံစားမိလဲဆိုတော့ ကိုယ်သည် ပြိုင်ပွဲတလျှောက် ကိုယ့်ကိုယ်ကိုယ် miss တယောက်ဆိုတာခေါင်းထဲထည့်မထားဘူး။ ကိုယ်သည် သူများတွေနဲ့တန်းတူ ပြိုင်ပွဲဝင်တယောက်ပဲ။ အမှန်အတိုင်းပြောရရင် ဒီဆယ်ယောက်ထဲမှာအရွေးခံရပါ့မလားဆိုပြီးရင်တုန်ခဲ့ပါတယ်။ ပွဲမှာလည်းအကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် အရွေးခံရတယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

ဒီနှစ်မှ ပထမဆုံးစတင်ခေါ်ယူတဲ့ အမျိုးသားအကယ်ဒမီရွှေကြိုမှာဆိုရင်လည်းလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်နေသူသရုပ်ဆောင် ဘုန်းရှိန်ထက်၊ လင်းမြတ် စတဲ့ သရုပ်ဆောင်တွေအပြင်၊ ပရိသတ်တွေမစိမ်းတဲ့ ပိုင်တံခွန်၊ သုတ၊ ချမ်းမြေ့ ညီညီ၊ ထက်အောင်ဝေစတဲ့ အမျိုးသားဓာတ်ပုံမော်ဒယ်လ်တွေနဲ့ တခြားမျက်နှာသစ် တက်သစ်စ အမျိုးသား မော်ဒယ်လ်တွေလည်းအများအပြားလျှောက်ထားကြတယ်လို့ သိရပါတယ်။

နောက်ဆုံးအဆင့် ဆန်ခါတင် ရွေးချယ်ထားတဲ့ အမျိုးသားရွှေကြို ၁၀ ယောက်ကတော့ ဘုန်းရှိန်ထက်၊ ပိုင်တံခွန်၊ လင်းမြတ်၊ ထက်အောင်ဝေ၊ သုတ၊ ရန်နောင်ဇော်၊ အောင်ထွဋ်စံ၊ စိုးသီဟ၊ မင်းတော်ဝင်၊ ချမ်းမြေ့ညီညီတို့ပဲ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာပထမဆုံးဒီနှစ်မှာ ထူးထူးခြားခြားရွေးချယ်တဲ့ ယောကျာ်းလေး အကယ်ဒမီရွှေကြိုကို သတင်းစာကနေ၊ Channelတွေကနေတွေ့ပြီးကျနော်လျှောက်ဖြစ်တာပါ။ အရင်ကတည်းက နှစ်တိုင်းအကယ်ဒမီရွှေကြိုဆိုရင် မိန်းကလေးပဲရွေးတယ်၊ တနှစ်တလေများရွှေကြိုကိုယောကျာ်းလေးတွေ ရွေးရင်လည်းအရမ်းကောင်းမှာပဲဆိုပြီးစိတ်ကူးလေးရှိခဲ့တယ်။ အခုကျနော့်စိတ်ကူးနဲ့ ထပ်တူကျပြီးတော့ ယောကျာ်းလေးရွှေကြိုခေါ်တဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်ပြီးဝင်ပြိုင်ဖြစ်တာပါ”လို့ နောက်ဆုံးဆန်ခါတင်အဆင့်မှာရွေးချယ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်ကဧရာဝတီကိုပြောပါတယ်။

အမျိုးသားရွှေကြို လျှောက်ထားသူတွေထဲမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mr. Asia Contest 2014  ပြိုင်ပွဲမှာ2nd Runner up ဆုရရှိခဲ့တဲ့ မော်ဒယ်လ် ခါရာကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးသူဟာ နိုင်ငံကိုယ်စားပြု အလှမောင်တယောက် ဖြစ်တာကြောင့် သူ့ရဲ့အဖွဲ့အစည်းMiss Golden Land Myanmar က ခွင့်မပြုတဲ့အတွက် ဆန်ခါတင်စာရင်းရွေးချယ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကိုတွေ့ခဲ့ရပါတယ်။

MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ The Sign of Love  မြန်မာရုပ်သံဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် ဘုန်းရှိန်ထက်ကလည်း ရွှေကြိုကိုလျှောက်ဖြစ်ခဲ့တာက ဒီနှစ်အကယ်ဒမီပေးပွဲဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပထမဦးဆုံးဦးစီးကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲဖြစ်ပြီး အမျိုးသား အကယ်ဒမီ ရွှေကြိုကိုလည်းပထမဆုံးစခေါ်တဲ့ပွဲဖြစ်တာကြောင့် စိတ်ဝင်စားပြီးလျှောက်ဖြစ်သွားတာဖြစ်တယ်လို့ ဧရာဝတီကိုပြောပြပါတယ်။ သူကအခုလက်ရှိမှာကိုယ့်ရဲ့ အနုပညာဝမ်းစာကို ဖြည့်နေချိန် ကြိုးစားနေဆဲ အနေအထားသာဖြစ်ပြီး ရွှေကြိုကနေတဆင့် အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်တဲ့ အနုပညာရှင် တယောက် ဖြစ်လာဖို့ဆိုတာကိုယ့်ကြိုးစားမှု အပေါ်မှာလည်းအများကြီးမူတည်တယ်လို့လည်းဆိုပါတယ်။

၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီရွှေစင်ရုပ်တုအတွက် အကယ်ဒမီ တစ်ပြေးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ဒါရိုက်တာကိုဇော်  (အရုဏ်ဦး)  ရိုက်ကူးထားတဲ့ “အဖြူရောင်ရဲတိုက်”နဲ့ “ကိုယ့်အထာနဲ့ကိုယ်”၊ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ “နင်စေရင်”နဲ့     “စေတန်ရဲ့ ကချေသည်” ၊ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးထားတဲ့ “စုန်းပြူး” ၊ ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးထားတဲ့ “ကြယ်စင်မော်ကွန်း”စတဲ့ ဆန်ခါ တင်ရုပ်ရှင်ဇာတ်ကား ၆ ကားပဲ ဖြစ်ပါတယ်။
ပရိသတ်ခန့်မှန်းထားတဲ့ ဖြစ်နိုင်ခြေအရှိဆုံးမင်းသမီးတွေကတော့ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့၊ ဝတ်မှုံရွှေရည်လို့ သိရပြီးမင်းသားတွေကတော့ အကယ်ဒမီနေတိုးနဲ့ အကယ်ဒမီပြေတီဦး တို့ကိုခန့်မှန်းထားကြတယ်လို့ ကြားသိရပါတယ်။

ဒီနှစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မှာကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲမှာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ထူးချွန်ဆု၊ အကယ်ဒမီဆုများကိုပေးအပ် ချီးမြှင့်သွားမှာဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပထမဆုံးကိုယ်တိုင်ဦးစီးတဲ့ ဒီနှစ် အကယ်ဒမီပေးပွဲကြီးမှာအကယ်ဒမီဗန်းကိုင်ကနေအကယ်ဒမီရွှေကြိုလို့ ပြောင်းလဲခေါ်ဆိုတာ၊ ရွှေကြိုကိုအမျိုးသမီးတွေသာမကအမျိုးသားတွေကိုပါ ရွေးချယ်ခေါ်ယူတာ၊ အကယ်ဒမီပွဲ ကျင်းပမယ့်နေရာကို M.E.P မှာပထမဆုံးစတင်ကျင်းပပြုလုပ်မှာ၊ ခါတိုင်းနှစ်တွေလို မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေကိုယ်တိုင်လာအားမပေးနိုင်တာစတဲ့ စတဲ့ ပြောင်းလဲမှုတွေနဲ့အတူ ဒီနှစ်အခမ်းအနား တင်ဆက်မှုကခါတိုင်းနှစ်တွေထက် ခမ်းနား၊  မခမ်းနား၊  ဆုရွေးချယ် ချီးမြှင့်မှုတွေ တရားမျှတ ခြင်းရှိ၊ မရှိ၊  ပရိသတ်တွေ  မျှော်မှန်းထားတာနဲ့ တထပ်တည်း ကျ၊ မကျ အစရှိတာတွေကော ဘယ်လိုထူးထူးခြားခြား ပြောင်းလဲသွားမလဲဆိုတာကိုတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့ မှာ ဖန်သားပြင်အသီးသီးကနေစောင့်မျှော် ကြည့်ရှုကြပါလို့ပဲ ...။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved