Miss Supranational 2014 သရဖူ မြန်မာရမလား

Friday, December 5, 2014




ဘရာဇီးနိုင်ငံအခြေစိုက် Global Beauties ဆိုတဲ့ International Beauty Pageant ကနေ Miss Supranational 2014 သရဖူဆုအတွက် အလှမယ် ၅ ဦး ခန့်မှန်းရွေးချယ်ထားတဲ့ အထဲမှာ မြန်မာကိုယ်စားပြု အလှမယ် ဟန်သီ ပါဝင်နေပါတယ်။


Miss Supranational  2014  အတွက် Global Beauties ရဲ့ Top 5 အလှမယ်များ (ဓာတ်ပုံ- Global Beauties.com)

၁၅ နှစ်တာ သက်တမ်းရှိနေပြီဖြစ်တဲ့ Global Beauties အဖွဲ့အစည်းဟာ Miss Supranational ပြိုင်ပွဲကြီးရဲ့ တရားဝင် သတင်းထုတ်ပြန်မှုများမှာ ပါဝင် လုပ်ဆောင်နေပြီး pageant ပညာရှင်တွေ၊ အလှအပ အဖွဲ့အစည်းတွေပါဝင် ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုပါ။ အဲ့ဒီ အဖွဲ့အစည်းရဲ့ တရားဝင် ၀က်ဆိုဒ် စာမျက်နှာမှာ မြန်မာအလှမယ် ဟန်သီ အပါအ၀င် အလှမယ် ၄ ဦးထဲက တဦးဦး သရဖူရဖို့အတွက် ခန့်မှန်းချက်ကို ထုတ်ပြန်ထားတာပါ။

ဒီအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်တွေဟာ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ သရဖူရဖို့ရန် ဘယ်လောက်ရာခိုင်နှုန်း အထိ မှန်ကန်တိကျနိုင်မလဲလို့ဆိုတော့

“ဒီအဖွဲ့အစည်းက ခန့်မှန်းချက်က ပြိုင်ပွဲတွေမှာ ၈၀ ရာခိုင်နှုန်းလောက် မှန်တတ်ပါတယ်။ ဒီ ငါးယောက်ထဲက တယောက်ယောက်ဟာ ၈၀ ရာခိုင်နှုန်းလောက် သရဖူ ဆောင်းရဖို့ အတွက် မျှော်မှန်းလို့ရတတ်ပါတယ်။” လို့ Miss Supranationl Myanmar Organization မှ ကိုဝေယံအောင်က ဆိုပါတယ်။

Miss Supranationl Myanmar 2014 အလှမယ် ဟန်သီ ကိုဘာကြောင့် အခုလို သရဖူရနိုင်မယ်လို့ ခန့်မှန်းရသလဲ ဆိုတာကိုလည်း ကိုဝေယံအောင်က ဆက်လက်ရှင်းပြပါတယ်။

“အဓိက အကြောင်းပြချက်ကတော့ သူက ပွဲစဉ်တလျှောက်မှာ သေသေချာချာ ပြင်ဆင်မှုရှိတယ်။ ပင်ကိုယ် စွမ်းရည်ပိုင်းအနေနဲ့ ပြောစရာမလိုဘူး။ နောက် သူရဲ့ personality ပိုင်းကိုလည်း ကြိုက်တယ်။ အပြောအဆို၊ အမူအရာ ဒါတွေအားလုံးကို သူတို့စောင့်ကြည့်ပြီးတော့ တလအတွင်းမှာ သူ့ရဲ့ လုပ်ဆောင်မှု အားလုံးကို ကြည့်ပြီး အခုလို သတ်မှတ်ပေးတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။
Global Beauties က Miss Supranationl 2014 သရဖူအတွက် ခန့်မှန်း ရွေးချယ်ပေးထားတဲ့ Top 5 အလှမယ်တွေကတော့ Myanmar အပါအ၀င် Gabon၊ India၊ USA၊ Puerto Rico တို့ဖြစ်ပါတယ်။

“အခုလိုအနေအထားကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက မယ်မြန်မာလေးတွေကို အသိအမှတ်ပြုလာ ကြတယ်။ သူတို့ရဲ့ ခန့်မှန်းချက် မှန်မှန်မမှန်မှန် ဒီ Global Beauties အဖွဲ့အစည်းဆိုတာက ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံးး အလှမယ်တွေအကြောင်းကို အဓိက ရေးသားနေတဲ့ သတင်းမီဒီယာကြီး တခုပါ။ အဲ့ဒီအတွက် ကျနော်တို့အနေနဲ့ သူတို့ရဲ့ ခန်းမှန်းချက် မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အခုလိုသူတိုရဲ့ ခန့်မှန်းချက်မှာ ပါဝင်ခွင့်ရတာကိုက အရမ်းကို ဂုဏ်ယူဖို့ကောင်းပါတယ်။” လို့ ကိုဝေယံအောင်က ၀မ်းသာစကားဆိုပါတယ်။

Miss Supranational Myanmar 2014 အလှမယ် ဟန်သီရဲ့ အမျိုးသားဝတ်စုံ(ဓာတ်ပုံ-Miss Supranational website)


ဒါ့အပြင်  Global Beauties ကနေ ရွေးချယ်ထားတဲ့ Top 10 အမျိုးသားဝတ်စုံ (National Costume) မှာလည်း မြန်မာအလှမယ် ဟန်သီရဲ့ ၀တ်စုံ ပါဝင်နေပါသေးတယ်။

နိုင်ငံပေါင်း ၇၀ ကျော်က အလှမယ်တွေပါဝင်ယှဉ်ပြိုင်နေတဲ့ Miss Supranationl 2014 ပြိုင်ပွဲကြီးကို နိုဝင်ဘာ ၁၄ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ ပိုလန်နိုင်ငံမှာ ကျင်းပနေတာပါ။

ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၂ နာရီမှာ ဖိုင်နယ်ပြိုင်ပွဲကြီးကို ကျင်းပတော့မှာပါ။

ဒီနှစ် Miss Supranational 2014 သရဖူက မြန်မာနိုင်ငံအတွက်များဖြစ်နေမလား ဆိုတာတော့ စောင့်မျှော်လိုက်ကြပါဦးလို့...။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved