Beef Steak ကောင်းကောင်းရတဲ့ Fat Man Steak Bistro & Café

Friday, January 2, 2015





 အာရှတိုက်သားအများစုက ကိုယ့်ဒေသတွင်းစာဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားအစရှိတဲ့ အရှေ့တိုင်းအစားအစာတွေကို ပိုမိုခံတွင်းတွေ့လေ့ရှိပေမယ့်၊ တခါတလေ အရှေ့တိုင်းအစားအစာတွေချည်း စားရတာ ရိုးအီလာရင် အနောက်တိုင်းအစားအစာတွေဖြစ်တဲ့ အမေရိကန်၊ ဥရောပအစားအစာတွေကို မြည်းစမ်း စားသုံးလေ့ရှိကြပါတယ်။

အနောက်တိုင်းသားတွေ အများစုစားတဲ့ Beef (အမဲသား) ကို နှပ်ပြီး ကင်ထားတဲ့ Beef Steak ကို မြန်မာတွေလည်း မြည်းစမ်းလို့ စားလာကြ၊ ခံတွင်းတွေ့လာကြပါပြီ။

ဒီတပတ်မှာတော့ ဥရောပအစားအစာ နှစ်သက်သူတွေအတွက် ဈေးနှုန်းအသင့်အတင့်နဲ့ အရသာ ကောင်းကောင်းစားနိုင်မယ့် ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ နဝဒေးလမ်းနဲ့ ဗိုလ်ရာညွန့်လမ်းထောင့် မှာရှိတဲ့ Fat Man Steak Bistro & Café Oa & my ဥရောပအစားအစာဆိုင်ကို ညွှန်းဆိုချင်ပါတယ်။

ဆိုင်ကအနည်းငယ်ကျဉ်းတယ် ဆိုပေမယ့် ဆိုင်အပြင်ဘေးဘက်မှာလည်း ခုံတွေချထားတဲ့အတွက် ဆေးလိပ် သောက်တတ်သူတွေဆိုရင်လည်းအဆင်ပြေပါတယ်။ အပြင်မှာညနေခင်းဘက် အေးအေးဆေးဆေး ညစာ စားရင်း သဘာဝ Night Life အရသာကိုခံစားနိုင်လို့ပဲ ဖြစ်ပါတယ်။

ဆိုင်အတွင်းမှာ ဘားတခုရှိတဲ့အတွက် Bar Tender ဆီမှာကိုယ်သောက်ချင်တဲ့ Cocktail, Mock tail စတာတွေကို မှာယူသောက်သုံးနိုင်ပါသေးတယ်။




 ဆိုင်ရဲ့အတွင်း၊ အပြင်မှာနေရာချထားတဲ့ စားပွဲဝိုင်းတွေက လေးထောင့်ပုံစံသစ်သားထိုင်ခုံ၊ သစ်သားစားပွဲတွေ ဖြစ်ပြီးအနည်းငယ်သေးတဲ့အတွက် လူနှစ်ယောက်၊ သို့မဟုတ် သုံးယောက်သာ ထိုင်စားနိုင်မှာ ဖြစ်ပြီး သုံးယောက်ထက် ပိုမယ်ဆိုရင်တော့ စားပွဲနှစ်ဝိုင်း၊ သို့မဟုတ် လိုအပ်သလောက် ထပ်ဆက်ပြီးစားနိုင်ပါတယ်။

ဆိုင်မှာလာစားတဲ့သူ အတော်များများကတော့ တယောက်သမား၊ နှစ်ယောက်သမားတွေ အလာများပြီး အေးအေးဆေးဆေး သောက်ရင်းစားလိုသူတွေ ဖြစ်ပါတယ်။
ဆိုင်အတွင်း Decoration ကတော့ အနောက်တိုင်းဆန်ဆန် ပြင်ဆင်မှုမျိုးတွေဖြစ်ပြီးဆိုင်မှာအလှဆင်ထားတဲ့ အရုပ် သေးသေးလေးတွေကြောင့်လည်း ဥရောပဆန်တဲ့ အငွေ့အသက်ကို ရရှိခံစားစေမှာပါ။

မီးရောင်ကမှိန်ဖျော့ဖျော့၊ ဖွင့်ထားတဲ့ သီချင်းသံကလည်း စာသားမပါဘဲတီးလုံးချည်း သက်သက်မို့ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဘားမှာသောက်စရာတခုခုမှာသောက်ရင်း ညစာကိုစားသုံးနိုင်ပါတယ်။

ဆိုင်ရဲ့ အစားအသောက် မီနူးလာချတော့ Fat Man ဆိုင်ရဲ့  Icon လည်းဖြစ်၊ စားသုံးသူတွေ အမှာ အများဆုံးအစားအစာတခုလည်းဖြစ်တဲ့  Fat Man Beef Steak ကို Main Course အဖြစ် အရင်မှာလိုက်ပါတယ်။ ပြီးတော့ Beef Steak နဲ့ အတူတွဲသောက်ဖို့ Mushroom Soup နဲ့  Appetizer အဖြစ် Caesar Salad တို့ကိုမှာလိုက်ပြီး ဒီဆိုင်ရဲ့ ဟမ်ဘာဂါ အရသာကိုလည်း မြည်းစမ်းချင်တာကြောင့် Cheese Pork Burger တလုံးပါ တွဲမှာလိုက်ပါတယ်။

ထပ်မံပြီးတော့ ဥရောပအစားအစာတွေကို စားရင်း အေးအေးလူလူ သောက်ဖို့ ဘားကနေ နာမည်ဆန်းဆန်း Pink Lady Cocktail နဲ့  Fat Man Frozen Mocktail တခွက်စီမှာလိုက်ပါတယ်။ Cocktail, Mocktail တွေနဲ့ အတူတွဲစားဖို့ကောင်းတာကတော့ ဆိုင်ရဲ့နာမည်ကြီး ဆာတေးအကင်တွေ ထဲက Terriyaki sauce နဲ့ Beef Satay တို့ကို ညွှန်းချင်ပါတယ်။


mocktail နဲ့ တွဲဖက်ထားတဲ့ Cheese Pork Burger

အစားအသောက်တွေရဲ့ ဈေးနှုန်းက Beef Steak တွေဆိုရင် တပွဲကိုကျပ် ၆၀ဝ၀ နှုန်းကျသင့်မှာဖြစ်ပြီး soup တပွဲ ကျပ်၂၅၀ဝ ကျပ်၊ အသီးအရွက်  Salad ကျပ် ၃၅၀ဝ၊ ၄၀ဝ၀၊ Burger က ကျပ် ၅၅၀ဝ၊ ဆာတေးကျပ် ၄၀ဝ၀ နှုန်းစသဖြင့် ကျသင့်တာမို့ ဈေးသင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။ သောက်စရာ Cocktail, Mocktail တွေ ဆိုရင် ကျပ် ၃၀ဝ၀၊ ၄၀ဝ၀ ကနေ ၇၀ဝ၀ အထိရှိပါတယ်။

Fat Man Beef Steak အတွက် အမဲသား (မိုးခိုသား)ကိုအသုံးပြုထားပြီး Red Wine Sauce, Sauce pepper တိုနဲ့ နှပ်ထားတာကြောင့် အနံ့ကောအရသာပါ စွဲမက်ဖွယ်ကောင်းမွန်တာ တွေ့ရတယ်။ Steak နဲ့ အတူတွဲ စားတဲ့ ပဲသီး၊ အာလူး၊ ပြောင်းဖူး၊ Broccoli (ပန်းမုန်လာ) စတာတွေကလည်းအစပ်အဟပ် တည့်လှတယ်လို့ ဆိုရမှာပါ။


cocktail

Steak လှီးစားရင်း မချိုလွန်း မအီလွန်းဘဲ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ Mushroom Soup ခပ်ပျစ်ပျစ်က အတွဲအဟပ် ညီသွားတယ်လို့ ပြောရမလားပဲ။ Caesar Salad ကတော့ ဆလတ်ရွက်နဲ့ မုန်ညင်းရွက်  အရွက်ပြား ခပ်ကြီးကြီးကို ချိစ်၊ Mayonnaise တို့နဲ့ သုတ်ထားပြီး Steak စားရင်း အအီပြေအောင် တွဲစားနိုင် ပါတယ်။

Pork Cheese Burger ကို မြည်းစမ်းကြည့်တဲ့ အခါမှာတော့ စားဖူးနေကျ ဘာဂါတွေလို အရွယ်အစား အရမ်းကြီးလွန်းတာမျိုးမဟုတ်ဘဲ အရွယ်အစားကအနေတော်ပဲ ဖြစ်တာကြောင့် စားတဲ့အခါ ဟန်လည်း မပျက်ဘဲ စတိုင်ကျကျ စားနိုင်ပါတယ်။ Pork Burger ဖြစ်ပေမယ့် အီမနေပါဘူး။

Beef Steak, Beef Satay တို့စားရင်းအအီပြေ Cocktail သောက်တဲ့အခါ Cocktail ရဲ့ အရသာကအနံ့ချိုချို အီအီနဲ့ အရသာရှတတလေးချိုအီမွှေးနေပါတယ်။  Cocktail မသောက်နိုင်ရင်တော့ Alcohol မပါတဲ့ သစ်သီးတွေချည်း ဖျော်စပ်ထားတဲ့ Mocktail ကိုသောက်နိုင်ပါတယ်။




မီနူးမှာ ပါဝင်တဲ့ ဘာဂါ၊ ပါစတာ၊ စပါဂတ်တီ၊ အာလူးကြော် အစရှိတာတွေက နေ့ခင်းဘက် အဆာပြေ ဝင်စားမယ်ဆိုရင် အဆင်ပြေတဲ့ အစားအစာတွေပါ။ ဒီဆိုင်မှာ လာရောက်စားသုံးသူ အများစုက နိုင်ငံခြားသား တွေဖြစ်ပြီး ညဘက်မှာ ညစာစားရင်း အေးအေးလူလူ ဘားမှာ လာသောက်လေ့ ရှိကြတယ်လို့ သိရပါတယ်။ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့ညတွေမှာဆိုရင်  Solo ဖျော်ဖြေမှုနဲ့ Band ဖျော်ဖြေမှုတွေရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ပြီးနားဆင်လိုတဲ့  အင်္ဂလိပ်သီချင်းတွေ  တောင်းဆိုနားဆင်ရင်းညစာစားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

ဆိုင်မှာစားတဲ့ နိုင်ငံခြားသားတွေထဲမှာ ၅၀ ရာခိုင်နှုန်းအထက်ကBeef Steak ကိုအများဆုံးမှာစားကြပြီး Local Beef ကို Homemade အရသာကောင်းကောင်း၊ ဈေးအသင့်အတင့်နဲ့ ရရှိနိုင်တာကြောင့် လာစားကြတာ ဖြစ်တယ်လို့ ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ မဖြူဖြူသန့်က ပြောပါတယ်။

ဆိုင်နာမည်ကို Fat Man လို့ ပေးဖြစ်တာကတော့ ဆိုင်မှာအသုံးပြုတဲ့ မီနူးကိုဆိုင်ရဲ့ Shareholder တဦးလည်း ဖြစ်၊ မီနူးတွေ ကိုယ်တိုင် စီစဉ်ခဲ့တဲ့ Chef တဦးလည်းဖြစ်တဲ့ ကိုမိုက်ကယ်လ်ရဲ့ ပုံပန်းသဏ္ဌာန်ကို အစွဲပြုပြီး ခပ်ဝ၀လူကြီးဆိုတဲ့  Fat Man နာမည်ကိုပေးခဲ့တာလို့ သူကအရွှန်းဖောက်ပြီးရှင်းပြပါတယ်။

စားသုံးသူတွေရဲ့ ဆန္ဒအရ ကိုမိုက်ကယ်လ် ကိုယ်တိုင်  Chef တွေနဲ့တိုင်ပင်ပြီး အစားအသောက် မီနူးတိုးချဲ့တာမျိုးတွေ ပြုလုပ်ပြီးဟင်းချက်ရာမှာလိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ပြည်တွင်းကပဲဝယ်ယူအသုံးပြု ချက်ပြုတ်တယ်လို့ သိရပါတယ်။

ဆိုင်ရဲ့ အဓိကအစားအစာအမဲသားကိုလည်းအဆင့်ဆင့် သန့်ရှင်းလတ်ဆတ်မှု အပြည့်အဝရှိအောင် သေချာစီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Fat Man ဥရောပအစားအစာဆိုင်ကိုဖွင့်လှစ်ခဲ့တာ ၂ နှစ်ကျော်ပြီဖြစ်ပြီး တခြားဆိုင်ခွဲတွေ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ နိုင်ငံခြားသားခရီးသည်တွေ အသွားများတဲ့ ရှမ်းပြည်နယ်၊ အင်းလေဒေသမှာ ဆိုင်ခွဲသွားရောက်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ်  ဧရာဝတီဂျာနယ် အမှတ်စဉ် ၅၂ မှ ကူးယူဖော်ပြသည်" 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved