လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ဟာ ချစ်သူစုံတွဲ အသစ်လား

Friday, January 16, 2015

ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနား တို့ ၂ ဦး ချိန်းတွေ့ကြပြီ ဆို တဲ့ ကောလဟာလတွေ ပေါ်ထွက်လာနေပါတယ်။ 

 ဓာတ်ပုံ- urbanislandz.com

ဒါဟာ ပြီးခဲ့တဲ့ စနေနေ့က Playboy Mansion မှာ လုပ်တဲ့ ဒီဇိုင်နာ Nikki Erwin ရဲ့ မွေးနေ့ ပါတီပွဲမှာ သူတို့ ၂ ဦးကို အတူတွဲပြီးတွေ့ခဲ့ရပါသေးတယ်တဲ့ ။ 

အဲဒီ့နောက်ပိုင်း အခုလို ခန့်မှန်းပြောဆိုချက်တွေ ပေါ်ထွက်လာတာဖြစ်နိုင်တယ်လို့ သတင်းက ဆိုတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း ၂၀၁၅ ခုနှစ် နှစ်သစ်ကူးအကြိုညတုန်းကလည်း St. Barts မှာ သူတို့ ၂ ဦး အတူရှိခဲ့ကြတယ်ဆိုတဲ့သတင်းတွေလည်း နောက်ဆက်တွဲ ထွက်လာခဲ့ပါတယ်။ 

အခုတော့ အနောက်နိုင်ငံ အဝါရောင် မဂ္ဂဇင်း ဂျာနယ်တွေမှာတော့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ ၂ ဦးကို အသစ် စက်စက် အတွဲအဖြစ် ရေးသားဖော်ပြနေကြပါတယ်။ 

လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ဟာ အရမ်းကို နီးနီးကပ်ကပ်ရှိလာနေတယ်၊ ရီဟားနားကလည်း သူ့ကို စိတ်ဝင်စားနေတယ်၊ သူတို့ မိတ်ဆွေသူငယ်ချင်းတွေကြားမှာတော့ ရီဟားနားက လီယိုနာဒိုကို သူ့ ချစ်သူအမျိုးသားတဦးအဖြစ် မြင်ချင်ပုံရတယ်ဆိုတာတွေလည်း ပြောနေကြတယ်" လို့ သတင်းရင်းမြစ် တွေ က Dish Nation သတင်းကို ပြောဆိုထားတာလည်း ရှိနေပါတယ်။

တချို့ သတင်းရင်းမြစ်တွေက ပြောတာကလည်း သူတို့ ၂ ဦးဟာ တကယ့်ချစ်သူတွေလိုပါပဲတဲ့။ သူတို့ ၂ ဦး တဦးကို တဦး နမ်း ကြတာတွေဟာ သာမန်မဟုတ်ပဲ တယောက်နဲ့ တယောက်စွဲမက်တဲ့ အနမ်းတွေ ဖြစ်ကြ တယ်ဆိုတာ မိတ်ဆွေတွေက သတိထားမိကြပါတယ်လို့လည်း သတင်းက ဆိုပါတယ်။

အနောက်နိုင်ငံ သတင်းမုဆိုးတွေလည်း သူတို့ ၂ ဦးရဲ့ အတူ တွဲပြီး ရှိနေတဲ့ သတင်းကို ဓာတ်ပုံနဲ့ တကွ အတိအကျ ဖော်ပြ နိုင်ဖို့ အသည်းအသန် ကြိုးစားနေကြတယ်လို့ ဆိုနေကြပါတယ်။ 

မြန်မာပရိသတ်တွေအနေနဲ့လည်း တိုက်တန်းနစ် ဇာတ်ကားနဲ့ နာမည်ကျော် မင်းသား လီယိုနာဒို ဒီကာ ပရီယိုကို သိထားပြီးသား ဖြစ်သလို အဆိုတော် ရီဟားနားကိုလည်း ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ 

ဒါကြောင့် အခု သူတို့ ၂ ယောက်ကို အတွဲသစ် အဖြစ် ဧရာဝတီဘလော့ဂ် ပရိသတ်တွေအနေနဲ့ ဘယ်လို ရှုမြင်ကြလဲ ဆိုတာလည်း လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူးဆိုတာမျိုးပေါ့။ 




အိမ့်သံစဉ် ~ 



ကိုးကား သတင်း။  New Couple: Rihanna And Actor Leonardo DiCaprio Dating


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved