မီးသဂြိုလ်စက် အမြန်ပြီးဖို့ လုပ်တဲ့ ပြည်မြို့က ရံပုံငွေ ဖျော်ဖြေပွဲ

Thursday, January 15, 2015



ပြည်မြို့ ရံပုံငွေ ဖျော်ဖြေရေးပွဲမြင်ကွင်း (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)

 ပြည်မြို့က မီးသဂြိုလ်စက်အမြန်အသုံးပြုနိုင်ဖို့အတွက် လိုအပ်နေတဲ့ငွေကြေးတွေရရှိဖို့ နိုင်ငံကျော် အဆိုတော်တွေ၊ ဟာသလူရွှင်တော်တွေ လာရောက်ဖျော်ဖြေတဲ့ ရံပုံငွေရှာဖွေပွဲကို မနေ့က ညနေ ၆ နာရီကနေ ၁၂ နာရီအထိ ပြည်မြို့လွတ်လပ်ရေးကျောက်တိုင်အနီးက အာကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပြည်မြို့မှာ မီးသဂြိုလ်စက်မရှိလို့မဟုတ်ပါဘူး၊ ပြည်မြို့နယ်  စည်ပင်သာယာရဲ့ တခုတည်းသော ဒီဇယ်ဆီအသုံးပြုထားတဲ့ မီးသဂြိုလ်စက်ရှိပါတယ်။ အဲဒိစက်နဲ့ Body တခုကို မီးသဂြိုလ်မယ်ဆိုရင် ဒီဇယ်ဆီငါးဂါလံကုန်ကျတာကြောင့် ကျပ်ငွေ ၂ သောင်း ပေးသွင်းရပါတယ်။ အဲဒီလိုကိစ္စတွေ အဆင်ပြေချောမွေ့စေဖို့ ပြည်မြို့မှာရှိတဲ့ မိုးမေတ္တာပရဟိတအသင်းက ရံပုံငွေတွေရှာဖွေပြီး ထင်းအသုံးပြု မီးသဂြိုလ်စက် ၂ လုံးကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်တည်ဆောက်ခဲ့တာပါ။ 





 ဒီ မီးသဂြိုလ်စက်ကို မကြာခင်မှာ စတင်အသုံးပြုတော့မှာပါ။ အဲဒီလိုအသုံးပြုနိုင်ဖို့ ငွေကြေးတွေဟာ ထင်မှတ်ထားတာထက် ပိုကုန်ကျခဲ့တဲ့အတွက် အခုလို ရံပုံငွေရှာဖွေပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနဲ့ မီးသဂြိုလ်စက်ဟာ မိုးမေတ္တာကပိုင်ဆိုင်တဲ့စက်မဟုတ်ပဲ အများပြည်သူပိုင်သာဖြစ်တယ်လို့ အဲဒီအသင်းက အတွင်းရေးမှူး ကိုညီညီအောင်က ပြောပါတယ်။

“ကျနော်တို့ ဒီရံပုံငွေပွဲပြီးတာနဲ့ လွှဲတော့မှာပါ။ ဒါမိုးမေတ္တာက ပိုင်တာမဟုတ်ပါဘူး။ အများပြည်သူပိုင်ပါ၊ ဆက်လက်လည်ပတ်နိုင်ဖို့ဆိုတာကလည်း ပြည်မြို့က ဒေသခံတွေရဲ့ ပါဝင်လှူဒါန်းမှုတွေနဲ့သာ လည်ပတ်နိုင်မှာပါ။ တရက်ကို Body ဆယ်ခုလောက်တော့ သဂြိုလ်နိုင်ပါတယ်။ ကွယ်လွန်သွားတဲ့လူတွေရဲ့ မိသားစုဝင်တွေ ငွေ ၂ သောင်း သက်သာစေချင်တာလည်းပါသလို တခြားတခြားသော အခက်အခဲတွေကိုလည်း အဆင်ပြေစေချင်လို့ပါ။” ဟု ကိုညီညီအောင်က ပြောပါတယ်။



ဒီဇယ်ဆီအသုံးပြုတဲ့ စည်ပင်ရဲ့မီးသဂြိုလ်စက်ဟာ Body နှစ်ခုကိုပေါင်းပြီး မီးသဂြိုလ်မှုတွေ ပြုလုပ်တာတွေရှိတယ်လို့ လွန်ခဲ့တဲ့ ၂ လခန့်က ဒေသခံတဦးက စွပ်စွဲပြောဆိုဖူးပါတယ်။ အခုလို အခမဲ့မီးသဂြိုလ်စက်တွေရှိလာတဲ့အခါ အဲ့ဒီလိုပြဿနာတွေ ပြေလည်သွားနိုင်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

မီးသဂြိုလ်စက်အမြန်ပြီးမြောက်ရေးအတွက် ရံပုံငွေအဖြစ် နာမည်ကြီးအဆိုတော်တွေနဲ့ လူရွှင်တော်တွေက လာရောက် ဖျော်ဖြေခဲ့ကြပါတယ်။ The Trees Band နဲ့ အတူ အဆိုတော်တွေကတော့ ခိုင်ထူး၊ Rဇာနည်၊ ဝေလ၊ ချမ်းချမ်းနဲ့ အိမ့်ချစ်တို့ဖြစ်ပြီး၊ ဟာသလူရွှင်တော်တွေကတော့ မိုးကျော်၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေကိုတော့ Dagon Charity Music Tour 2015 အစီအစဉ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီး ရရှိလာတဲ့အကျိုးအမြတ်တွေအားလုံးကို ပြန်လည် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။


ကောင်းမြတ်မင်း




























2 comments :

  1. Unknown said... :

    ဧရာဝတီကို စာပို့ခြင်ရင် ဘယ်လိုပို့ရမလဲ ခင်ဗျာ...

  1. Unknown said... :

    ပို့စ် ဘယ်လိုတင်ရမလဲခင်ဗျာ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved