ဖက်ရှင်ကျကျ“ဝ”နိုင်ကြဖို့

Monday, January 19, 2015



ဓာတ်ပုံများ - တင်ထက်ပိုင် / The Irrawaddy

 ဒီနေ့ခေတ်လူနေမှုဘဝပုံစံတွေမှာ ဝတ်စားဆင်ယင်တဲ့အခါ ဖက်ရှင်ကျနမှုကအရေးပါပါတယ်။ ဖက်ရှင်ကျကျ ဝတ်ဖို့ဆိုတဲ့နေရာမှာ အဝတ်အစားရဲ့ ဒီဇိုင်းက ဆန်းသစ်ထူးခြားလှပနေဖို့ လိုအပ်သလို ခန္ဓာကိုယ် အချိုးအစား လည်းလှပဖို့လိုတယ်လို့ ခင်ဗျားတို့ ကျနော်တို့ ယူဆထားကြတယ်မဟုတ်လား။

ခန္ဓာကိုယ်အချိုးအစားက မပိန်၊မဝ အနေတော်ကိုမှ လှတယ်လို့ပြောကြပေမယ့် ပိန်သူတွေရောဝသူတွေအတွက်ပါ ဖက်ရှင် ကျကျ လှလှပပဝတ်နိုင်တဲ့ အဝတ်အစားတွေကို ဒီနေ့ခေတ်မှာ ဝယ်ယူဝတ်ဆင်လို့ရနေပါပြီ။




ခန္ဓာကိုယ်ဝလို့ ဖက်ရှင်ကျကျ ဝတ်လို့မရနိုင်ဘူးဆိုတဲ့ အတွေးမျိုးတွေရှိနေရင် အဝေးမှာသာ ထားခဲ့ လိုက်ပါတော့။ ဒီနေ့ခေတ်မှာ ခန္ဓာကိုယ်ဝပေမယ့် ဖက်ရှင်ကျနေတဲ့ လေဒီအမိုက်စားတွေ တပုံတပင်ပါ။ (ဒါပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ ခန္ဓာကိုယ်ကိုမပိန်လွန်း မဝလွန်းအောင်၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ကိုယ်အလေးချိန်မှာရှိအောင်ထိန်းသိမ်းထားသင့်တယ်လို့အကြံပြုတိုက်တွန်းချင်ပါတယ်)

အစားအသောက်ကြောင့်ပဲ ဖြစ်ဖြစ်၊ မျိုးရိုးကြောင့်ပဲဆိုဆို၊ ကိုယ့်ရဲ့နေထိုင်မှုပုံစံကြောင့်ပဲပြောပြော ခန္ဓာကိုယ် ဝဖြိုးကြီးမားတဲ့ ပျိုမေတွေအတွက် အခုအခါမှာ ဖက်ရှင်ကျကျလှပနိုင်ဖို့ သတင်းကောင်းလေးတခုရှိနေပါပြီ။ မမဝ၀တွေ အဝတ်အစားတွေဝယ်တဲ့အခါ Size ရှာမရတာ၊ Size မရှိတာ အစရှိတဲ့အခက်အခဲ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် စက်ချုပ်ဆိုင်မှာ အပ်ပြီး ချုပ်ဝတ်တဲ့အခါမှာလည်း ရက်ချိန်းမမှန်တတ်တာ တွေကြောင့် စိတ်အလိုမကျမှုတွေ ဖြစ်ရပြန်ပါရော။ အခုတော့ အဲဒီပြဿနာပြေလည်စေဖို့ မိန်းကလေး တွေအတွက် ဆိုဒ်အကြီးသီးသန့်ရောင်းတဲ့ ဖက်ရှင်ဆိုင်တွေ တွေ့မြင်လာရပါပြီ။




အသက်၂၁နှစ်အရွယ်၊ အမေရိကန်နိုင်ငံသူကမ္ဘာကျော် တေးရေး၊တေးဆို အမျိုးသမီး Meghan Trainor ရဲ့ “All About That Bass” ဆိုတဲ့သီချင်းလေးအကြောင်းလည်း ဒီနေရာမှာကြုံလို့ပြောပြချင်ပါသေးတယ်။ ၂၀၁၄ခုနှစ်အတွင်းမှာဆိုရင် ဒီသီချင်းဟာBillboard Hot100 ရဲ့ နံပါတ်တစ်နေရာမှာ အချိန်အတော်ကြာ အောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ သီချင်းအကြောင်းအရာကတော့ ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ဝတဲ့သူတွေအနေနဲ့ စိတ်ဓာတ်မကျဖို့ အကြောင်းကို မြူးမြူးကြွကြွ Beatတွေနဲ့ ရေးစပ် သီဆိုထားတဲ့သီချင်းတပုဒ်ပါ။





 ဒါကြောင့်မို့လို့ လေဒီတွေအနေနဲ့ မိမိတို့ခန္ဓာကိုယ် ဝနေတယ်ဆိုပြီး စိတ်ဓာတ်ကျမနေဘဲ ဝနေတဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်လှပမယ့် အဝတ်အစားတွေ ဝတ်ဆင်လို့ ဖက်ရှင်ကျကျလှပနိုင်အောင်၊ အလှအပနဲ့ကိုယ့်ရဲ့ယုံကြည်မှု ကို တည်ဆောက်နိုင်အောင် ဖက်ရှင်ကျကျ ဒီဇိုင်းလှလှ X+sizeတွေဖြစ်တဲ့ XL, XXL, XXXLဂါဝန် ၊ အင်္ကျီ၊ စကတ်၊ ဘောင်းဘီ၊ Dress စတာတွေကို ရွေးချယ်ဝယ်ယူဝတ်ဆင်နိုင်ပါပြီ။





ဒါကြောင့်ဒီတပတ်မှာတော့ ဧရာဝတီရဲ့ခေတ်ရေစီးကဏ္ဍကနေ စာဖတ်ပရိသတ်တွေထဲက ခန္ဓာကိုယ်ဝတဲ့ အမျိုးသမီးတွေဖက်ရှင်ကျကျ ဝတ်ဆင်နိုင်ဖို့ခေတ်မီပြီး အထာကျတဲ့ X+size အဝတ်အထည်တွေကို ရိုက်ကူးရေးသား ဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ Size ကြီး အဝတ်အထည်တွေကိုတော့ ရန်ကုန်မြို့ဒဂုံမြို့နယ်၊ ဗိုလ်ရာညွှန့်လမ်း၊ အမှတ် (၂၂)A၊ မြေညီထပ်၊သဇင်ကွန်ဒိုမှာရှိတဲ့ XXL Fashion Shop မှာသွားရောက် ရိုက်ယူထားပါတယ်။

သီဟတိုး




"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ် ၃ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved