နီပေါလွှတ်တော်အမတ်များရဲ့ ပြဿနာ ဖြေရှင်းနည်း

Thursday, January 22, 2015



နီပေါ လွှတ်တော်အစည်းအဝေးအတွင်း အားကြိုးမာန်တက် လှုပ်ရှားဆောင်ရွက်မှုတစ်ခုကို အင်္ဂါနေ့က ဤသို့ တွေ့ရသည် (Photo: Reuters)

 နီပေါနိုင်ငံ အင်္ဂါနေ့ လွှတ်တော်အစည်းမှာ အတိုက်အခံ အမတ်တွေက ထိုင်ခုံ၊ မိုက်ကရိုဖုန်း၊ ရှူးဖိနပ်တွေနဲ့ပစ်ပေါက်တိုက်ခိုက် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အတွက်  လုံခြုံရေးဝန်ထမ်း ၃ ဦး အနည်းဆုံး ဒဏ်ရာရသွားကြပါတယ်။

အခြေခံဥပဒေသစ်အကြောင်း ငြင်းခုန်ရင်းနဲ့ ဖြစ်သွားကြတာပါ လို့ http://www.irrawaddy.org/asia/brawl-nepal-parliament-clock-ticks-new-constitution.html မှာ ရေးထားပါတယ်။

မြန်မာပြည်မှာတော့ ဒါမျိုး ဖြစ်စရာအကြောင်း သိပ်မရှိပါဘူး။
လွှတ်တော်ထဲ စစ်ဗိုလ် တမတ်သား ထည့်ထားတဲ့အတွက် နည်းနည်းပါးပါး အခြေအတင်ဖြစ်ရင်ပဲ အဲဒီ စစ်ဗိုလ်တွေက  ငြိမ်ဝပ်ပိပြားသွားအောင် စီစဉ်နိုင်ချေရှိပါလိမ့်မယ်လို့ ဆိုသူက ဆိုပါလိမ့်မယ်။

မြန်မာပြည် လွှတ်တော်မှာ အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်လာရင်လည်း ခုံကောက်ကိုင်ပြီး ပစ်ပေါက်သူတွေဟာ အဲဒီစစ်ဗိုလ်တွေကိုယ်တိုင်ဖြစ်မယ်လို့ ဆိုသူက ဆိုပါလိမ့်မယ်။
မိုးပေါ် ထောင်မပေါက်ဘူး၊ တည့်တည့်ပေါက်တယ် ဆိုပြီး အော်ဟစ် ပစ်ပေါက်တာမျိုးပေါ့လေ။

ဖြစ်လာနိုင်ချေတွေ ခဏထားပြီး နီပေါ အကြောင်း ဆက်ရရင် ....  နီပေါမှာ အတိုက်အခံ ပါတီတွေကို ကိုယ်စားပြုတဲ့ အမတ်များက တိုင်းရင်းသားနယ်မြေတွေအလိုက် ပြည်နယ် ဆယ်ခု ပါဝင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပုံစံ သွားချင်တယ်။

ညွန့်ပေါင်းအစိုးရကတော့ အဲဒီလို သတ်မှတ်လိုက်ရင် ပြည်နယ်တွေကို အထောက်အပံ့ပေးဖို့ လုံလောက်တဲ့ အင်အား မရှိတဲ့အပြင် ဒေသအသီးသီးမှာ ပဋိပက္ခတွေ ပေါ်ပေါက်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားမယ်လို့ ဆိုပါတယ်။

နီပေါက ပြည်ပ အကူအညီနဲ့ ခရီးသွားလုပ်ငန်းကိုပဲ အားကိုးနေရတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။

ဒီအတောအတွင်း နိုင်ငံအနှံ့ မငြိမ်မသက်မှုတွေ အဓိကရုဏ်းတွေလည်း  လမ်းပေါ်မှာ ဖြစ်နေရာမှာ ရဲတပ်ဖွဲ့က လူ ၃၀ ကို ထိန်းသိမ်းလိုက်ရတယ်လို့ ဆိုတယ်။
ဈေး၊ ကျောင်း၊ ရုံးတွေကိုလည်း ပိတ်ထားရပါတယ် တဲ့။

ပြည်တွင်းစစ် ရပ်စဲလိုက်တဲ့ ၂၀၀၆ နောက်ပိုင်း ရွေးကောက်ပွဲ ၂ ကြိမ် လုပ်ခဲ့ပြီးပါပြီ။ ၀န်ကြီးချုပ် ၆ ကြိမ် ပြောင်းပြီးပါပြီ။

သဘောထား တင်းမာတဲ့ ပါတီတွေကြားထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတော့ သိပ်မရသေးဘူးလို့ ဆိုရပါမယ်။


ဇာနည်ဝင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved