ဇင်းမယ်မှာ သူတောင်းစား စစ်ဆင်ရေး စတင်နေ

Friday, January 30, 2015


ထိုင်းနိုင်ငံ မြောက်ပိုင်း ဇင်းမယ်လို့ တချိန်က ခေါ်ခဲ့ကြတဲ့ ချင်းမိုင်ခရိုင်တွင်းက သူတောင်းစားတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပြီး အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ချင်းမိုင်နယ်ထဲမှာ တောင်းရမ်း စားသောက်နေမှုတွေကို ထိန်းချုပ်ကိုင်တွယ်သွားတော့မှာလို့ တနင်္လာနေ့က ခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးမှာ ဆွေးနွေးကြပါတယ်။ 

 ဓာတ်ပုံ- ချင်းမိုင် စီးတီး နယူးစ်

လူမှုဖွံ့ဖြိုးရေးနဲ့ လူသား လုံခြုံရေးဆိုင်ရာ ချင်းမိုင်ရုံးက တာဝန်ရှိသူတွေ၊ ချင်းမိုင်ရဲတပ်ဖွဲ့၊ ချင်းမိုင် လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေနဲ့ အခြား တာဝန်ရှိသူတွေဟာ လူမှုဖွံ့ဖြိုးရေးနဲ့ လူသား လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဌာန က ရဲဗိုလ်ချုပ်ကြီး Adul Saengsingkaew ချမှတ်ခဲ့တဲ့ မူဝါဒ အသစ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြတာလို့ ချင်းမိုင် စီးတီး သတင်းက ဆိုပါတယ်။ 

အခု မူဝါဒ အသစ်အရ ဘယ်လို သူတောင်းစာတွေကို မဆို ထိုင်းရဲတွေက တွေ့တာနဲ့ ဖမ်းဆီးခံရမှာဖြစ်ပြီး အရေးယူခံရမှာလည်း ဖြစ်ပါသတဲ့။ 

ဒီနေရာမှာ သူတောင်းစားတွေက ထိုင်းနိုင်ငံသား ဖြစ်နေရင် သူတို့ရဲ့ ကျန်းမာရေးကို စစ်ဆေးမယ်၊ ပြီးရင် သူတို့ရဲ့ မိသားစုတွေဆီ ပြန်ပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။

 ဆွေမျိုးမရှိတဲ့ ထိုင်းနိုင်ငံသား သူတောင်းစားဆိုရင်တော့ လူမှု ထိန်းသိမ်းစောင့်ရှောက်ရေး အိမ်ယာစခန်း
တွေ ကို ပို့ဆောင် မှာဖြစ်ပါသတဲ့။ 

သူတောင်းစားတွေကိစ္စဟာ လူမှောင်ခိုကူးမှုနဲ့လည်း ပတ်သက်မှုတွေ ရှိနေတယ်ဆိုတဲ့ ကောက်ချက်တွေ လည်းချမှတ်ထားတယ်လို့ ဆိုပြန်ပါတယ်။ 

မူဝါဒအသစ်အရ တောင်းရမ်းစားသောက်တဲ့ ဘယ်လို နိုင်ငံခြားသားကို မဆို ဖမ်းဆီးပြီး ပြည်နှင်ဒဏ် ပေး မှာဖြစ်ပါတယ်တဲ့။ 

 တနင်္လာနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချခဲ့တာကတော့ အိမ်ခြေမဲ့တွေနဲ့ သူတောင်းစာတွေအပေါ် ပိုမိုတင်းကြပ်တဲ့ ကိုင်တွယ်မှုတွေ ရှိမယ်လို့ ဆိုပါတယ်။ 

အခုဆို ချင်းမိုင်တခွင် လူသွား လူလာများပြားတဲ့ မြို့လယ်နေရာတွေ၊ ဈေးတွေ၊ ညဈေးနဲ့ ကုန်တိုက်တချို့ အနီးမှာ သူတောင်းစားတွေ တွေ့ရင် ဖမ်းဆီးဖို့ ရဲတွေကိုလည်း အမိန့်ပေးထားပြီး ဖြစ်ပါတယ်တဲ့။ 

 ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဈေးတခုနားက အသက် ၆ဝ ဝန်းကျင် ရှိကြတဲ့ မသန်စွမ်း သူတောင်းစား ၂ ဦးကို လည်း ဖမ်းဆီးခဲ့တာမှာ သူတို့က ထိုင်းရဲကို ရှင်းပြခဲ့တာက သူတို့ မိသားစုမှာ အကြွေးတွေ ပိနေလို့ Phayao နယ်ကနေ ချင်းမိုင်ကို တက်လာပြီး တောင်းရမ်းစားသောက်ရင်း တနေ့ ဝင်ငွေ ဘတ် ၁ ထောင် ရကြတယ်လို့ ဆိုထားပါတယ်။

 နိုင်ငံခြားသား ၁ဝ ဦးကိုလည်း တောင်းရမ်းစားသောက်တာ တွေ့ခဲ့ပြီး ၅ ဦးကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေဆီ ကို ပြန်ပို့ခဲ့ပြီး ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ 

မကြာသေးခင်ကလည်း တရုတ်သူတောင်းစားတယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးပြီး အိတ်ထဲမှာ ဘတ် ငွေ ၂ သောင်းကျော်တွေ့ရှိနဲ့ ဖမ်းဆီးခဲ့တာ ထိုင်းနိုင်ငံမှာ နာမည်ကြီး သတင်းဖြစ်ခဲ့ပါသေးတယ်။ 


အိမ့်သံစဉ် ~ 



ကိုးကား သတင်း။     ။ StricterControls on Begging in Chiang Mai Sees Multiple Arrests

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved