ဗိုလ်ချုပ်အောင်ဆန်းကို လမ်းလျှောက် ဂုဏ်ပြုသူ ပြည်မြို့ရောက်ပြီ

Thursday, January 29, 2015



ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ

 ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာပြည်အောက်ပိုင်း တနင်္သာရီတိုင်း မြိတ်မြို့ကနေ မြန်မာပြည်အလယ်ပိုင်း (အညာဒေသ)မကွေးတိုင်း နတ်မောက်မြို့အထိ မိုင်တထောင်ကျော်ကို တကိုယ်တော် လမ်းလျှောက်နေတဲ့ ဦးအောင်သူဟာ ဒီကနေ့မနက်ပိုင်းမှာ ပြည်မြို့ကို ရောက်ရှိလာပါပြီ။

လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နှစ်တရာပြည့်မွေးနေ့ဖြစ်တာကြောင့် ဗိုလ်ချုပ်နဲ့ ပတ်သက်တာတွေကို ဒီကနေ့ခေတ် လူငယ်တွေကို သိစေချင်အတုယူစေချင်လို့ အခုလို လမ်းလျှောက်ရခြင်းဖြစ်တယ်လို့ ဦးအောင်သူက ပြောပါတယ်။

“ဗိုလ်ချုပ်ကို ချစ်လည်းချစ်တယ် ဂုဏ်လည်းယူတယ် ပြီးတော့ အခုနောက်ပိုင်း ကလေးလေးတွေက ဗိုလ်ချုပ်ဆို သိပ်မသိကြတော့ဘူး။ နောက်လာမယ့် နောင်လာနောက်သားတွေအတွက် ဗိုလ်ချုပ်ကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ” လို့ သူက ဆိုပါတယ်။

ဦးအောင်သူဟာ အခုလက်ရှိမှာ မိုင်ပေါင်း ၈၀၀ ကျော်ကို လမ်းလျှောက်လာခဲ့ပြီးဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြို့ဖြစ်တဲ့ နတ်မောက်မြို့ကို ရောက်ဖို့ မိုင် ၂၀၀ ကျော်ခရီးသာကျန်ပါတော့တယ်။ သူရဲ့ခရီးစဉ်ကိုတော့ ဇန်န၀ါရီလ (၁)ရက်နေ့မှာ မြိတ်မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး ချီတက်လာရာလမ်းကြောင်းတစ်လျှောက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ တစ်စုံတစ်ရာတားမြစ် စစ်ဆေးမေးမြန်းခြင်းမရှိတဲ့အပြင် လုံခြုံရေးယူပေးတာမျိုးတွေ၊  ဖြတ်သန်းသွားတဲ့ မြို့ရွာများတစ်လျှောက်က ပြည်သူတွေကလည်း ပူးပေါင်းပါဝင်လာတာမျိုးတွေပါ ရှိခဲ့ကြောင်း သူကဆက်ပြောပါတယ်။





သူဟာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ဖြတ်သန်းခဲ့တာပါ။ ကျန်ရှိတဲ့ မိုင် ၂၀၀ ကျော်ကိုတော့ ရာပြည့်ပွဲအမီ နတ်မောက်မြို့ကို ဆက်လက်ချီတက်မှာဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာရေးကောင်းမွန်စွာ ရှိနေသေးတယ်လို့လည်း သူကဆိုပါတယ်။

တကိုယ်တော်လမ်းလျှောက်ချီတက်သူ ဦးအောင်သူဟာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပြီး အရင် ဆီးဂိမ်းအားကစားပွဲတော် ကာလတုန်းကလည်း ဆီးဂိမ်းပွဲကို
ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၄ ဇူလိုင်လက မြိတ်မြို့ကနေ နေပြည်တော်ခရီးစဉ်ကို လမ်းလျှောက်ခဲ့ကာ၂၀၁၄ အောက်တိုဘာလမှာတော့ ကောာ့သောင်း-မန္တလေး-နေပြည်တော် ခရီးစဉ်များအား ခရီးရှည်လမ်းလျှောက်ခဲ့သူလည်းဖြစ်ပါတယ်။ အခုတကြိမ်ကတော့ သူရဲ့တတိယအကြိမ်မြောက် ခရီးရှည် လမ်းလျှောက်ခြင်းဖြစ်ပါတယ်။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved