ပဉ္စမအကြိမ် ကလေးပန်းချီပြပွဲ ပြုလုပ်မည်

Thursday, January 22, 2015





 ၂၀၁၁ ခုနှစ်က စပြီး နှစ်စဉ်ပြုလုပ်လာခဲ့တဲ့ ကလေးပန်းချီပြပွဲကို ဒီနှစ် မေလ ၇ ရက်ကနေ ၉ ရက်နေ့အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်က လောကနတ် ပန်းချီပြခန်း မှာ ပြုလုပ်မှာပါ။

ကလေးငယ်တွေရဲ့ အနုပညာနဲ့ပတ်သက်လို့ ခံစားမှုအားကောင်းစေရန်နဲ့ ဖန်တီးမှုအားကောင်းစေရန် ရည်ရွယ်ပြုလုပ်တဲ့ ဒီပြပွဲဟာ ပလုတ်တုတ်ကလေးဂျာနယ်ရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ် အဖြစ် ပြုလုပ်တာ လည်းဖြစ်ပြီး အခု တကြိမ်နဲ့ပါဆို ပဉ္စမအကြိမ်တိုင်ခဲ့ပါပြီ။

ဒီမှာ အသက် ၅ နှစ်ကနေ ၁၆ နှစ်အထိ ကန့်သတ်ထားတဲ့ ဒီကလေးပန်းချီပြပွဲမှာ သတ်မှတ်ထားတဲ့ အခြား စည်းကမ်းချက်တွေအနေနဲ့ ပြိုင်ပွဲဝင် ပန်းချီကားအရွယ်အစားတွေကို တစ်ဆယ် - ဆယ့်ငါးလက်မ ဆိုဒ် ဒါမှမဟုတ် ဆယ်ခြောက် - ဆယ်နှစ်လက်မ ဆိုဒ် စသဖြင့် သတ်မှတ်ထားပါတယ်။ ဘယ်လို အကြောင်းအရာ မျိုးကိုမဆို ရေးဆေးဖြစ်ဖြစ် ဆီဆေးဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ ရေးဆွဲနိုင်ကာ ပြိုင်ပွဲဝင်ကလေးငယ်တဦးကို ပန်းချီကား နှစ်ကားအထိ ရေးဆွဲပေးပို့နိုင်ပါတယ်။

ပြပွဲဝင်မယ့် ကလေးငယ်များအနေနဲ့ မိမိပန်းချီကားမှာ အဖအမည်၊ မွေးသက္ကရာဇ်၊ အတန်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ် တို့နဲ့တကွ မိမိ ဓာတ်ပုံနှစ်ပုံတို့ကိုပါ ထည့်သွင်းပြီး ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားလို့ တူဒေး စာအုပ်တိုက်သို့ ပေးပို့ကြရမှာပါ။ ဒါ့အပြင် မိမိ ပန်းချီကားတွေကို နှစ်သိန်းထက်မကျော်တဲ့ ဈေးနှုန်းကိုပါ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

အရင်နှစ်တွေမှာရော ဘယ်လို၊ ဘယ်နေရာက ကလေးငယ်တွ ဒီပန်းချီပြပွဲမှာ ၀င်ရောက်လာကြပြီး သူတို့လေးတွေရဲ့ ပန်းချီပညာရပ်အပေါ် စိတ်ဝင်စားမှုအတိုင်းအတာ ဘယ်လောက်အထိ ရှိခဲ့လည်းလို့ဆိုတော့..

“များသောအားဖြင့် ပန်းချီသင်တန်းတွေက ၀င်ပြိုင်တယ်။ နောက် ပန်းချီကျောင်းတွေက ၀င်ပြိုင်တယ်။ နောက် အင်ဒိုနီးရှားကျောင်းတွေကလည်း ၀င်ပြိုင်တယ်။ နယ်တွေကလည်း ပို့ပေးတယ်။ နယ်ဆိုတာလည်း အစုံပဲ။ ၀ါသနာပါတဲ့ ကလေးတွေအကုန်လုံးပဲ။ ကလေးတွေက စိတ်ဝင်စားတယ်။ တချို့ဝါသနာပါတဲ့သူတွေလည်း ပွဲကို လာကြည့်ကြတယ်။ ပန်းချီကို စိတ်ဝင်စားတဲ့ ကလေးတွေလည်းလာကြတယ်။ အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်ပေါင်း ၁၀၀ လောက်ရှိပါတယ်။” လို့ ပလုတ်တုတ်ကလေးဂျာနယ်က လက်ထောက် အယ်ဒီတာ ဒေါ်ဆွေဆွေလတ်က ဧရာဝတီဘလော့ဂ်ကို ပြောပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved