ပဲရစ် အကြမ်းဖက်သမား ၃ ဦးထဲက ၁ ဦး အဖမ်းခံဟု ဆို

Thursday, January 8, 2015


လူ ၁၂ သေဆုံးသွားခဲ့ရတဲ့ မနေ့တုန်းက ပဲရစ်မြို့က အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယ
ဖြစ်သူ မျက်နှာဖုံး စွပ်သမား ၃ ဦးအနက် အငယ်ဆုံးတဦးဟာ ရဲထံမှာ အဖမ်းခံလိုက်ပြီလို့ သတင်းတွေ အရ သိရပါတယ်။ 


တရားခံပြေးများဟု သံသယဖြစ်ဖွယ် လူနှစ်ဦး

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ သရော်စာ မဂ္ဂဇင်းတိုက် Charlie Hebdo ရဲ့ရုံးချုပ်ကို မွတ်စလင် အစွန်းရောက် သမားတချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရပြီး နောက် နိုင်ငံ အရှေ့
မြောက်ပိုင်းမှာ အကြမ်းဖက် စစ်ဆင်ရေး အရာရှိတွေရဲ့ စစ်ဆင်ရေး တခုအတွင်း ဒီသတင်း ထွက်ပေါ် လာတာဖြစ်တယ်လို့ Sky News သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ 

ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ သံသယဖြစ်သူတွေအနေနဲ့ အသက် ၃ဝ နှစ်အရွယ် ၀န်းကျင်ရှိကြတဲ့ Kouachi နဲ့ Cherif Kouachi တို့ ညီအကို ၂ ဦးနဲ့ နောက်တဦးတို့ ဖြစ်တယ်လို့ ပုံဖော်ထား ကြပါတယ်တဲ့။ 

နောက်တဦးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဆိုသူဟာ သူ့ကိုယ်သူ ရဲထံမှာ အဖမ်းခံ တာဖြစ်မယ်လို့ ယုံကြည်ရတယ်လို့ စကိုင်း နယူးစ်သတင်းက ဆိုပါတယ်။ 

ပြင်သစ် ရဲအရာရှိတွေအဆိုအရ အခု သံသယဖြစ်သူတွေဟာ ယီမင်နိုင်ငံက အကြမ်းဖက် ကွန်ရက်နဲ့ အဆက်အစပ်ရှိတယ်လို့ ဆိုပါတယ်။ 

Cherif Kouachi ဆိုသူဟာ ၂၀၀၈ ခုနှစ်တုန်းက အီရတ်မှာရှိတဲ့ သောင်းကျန်းသူတွေကို အားပေးကူညီခဲ့မှု တခုနဲ့ ထောင် ဒဏ် ၁၈ လ ကျခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

မနေ့တုန်းကတော့ မျက်နှာဖုံး စွပ် သေနတ်သမား ၃ ဦးဟာ တမန်တော် မိုဟာမက်ရဲ့ ပုံကို ဖော်ပြခဲ့တဲ့ Charlie Hebdo ဆိုတဲ့ သရော်စာ မဂ္ဂဇင်းတိုက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာပါ။ 

သေဆုံးသွားသူတွေထဲမှာ မဂ္ဂဇင်းတိုက်က အယ်ဒီတာတွေ၊ ကာတွန်းဆရာ၊ မဂ္ဂဇင်းတိုက် ဝန်ထမ်းတွေနဲ့ ရဲတို့ဖြစ်ကြပါတယ်။ 

အကြမ်းဖက်သမားတွေဟာ သတင်းအစည်းအဝေးလုပ်နေချိန် နာမည်တွေအော်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြ တာပါ တဲ့။ 

 သေဆုံးသူတွေအတွက် ပြင်သစ်နိုင်ငံတဝှမ်း ၀မ်းနည်းခြင်းဆုတောင်းပွဲတွေလည်း လုပ်နေပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒ်ကလည်း အထူးဝမ်းနည်းကြောင်းပြောဆိုထားပြီး အကြမ်းဖက်သမားတွေ ဖမ်းဆီးရမိရေး ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။ 

ကား အနက်တစီးနဲ့ မဂ္ဂဇင်း တိုက်ဝန်းထဲ ရောက်လာတဲ့ သူတို့ ၃ ဦးဟာ အေကေ မောင်းပြန် ရိုက်ဖယ်
သေနတ်တွေ
ကိုင် ဆောင်ထားပြီး ဗုံးသီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ ကြတာပါ။ 

ရဲတဦးကိုလည်း ပစ်ခတ်ခဲ့ပြီး ဒဏ်ရာနဲ့ လဲနေချိန်မှာ မျက်နှာဖုံးသမားတဦးက ပြေးသွားပြီး အနီးကပ် 
သေနတ် နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဗွီဒီယိုလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

အကြမ်းဖက်သမားတွေဟာ အမည်းရောင် Citroen ကားကို ပဲရစ်အရှေ့မြောက်ပိုင်းနေရာတခုမှာ စွန့်ပစ် ထား ခဲ့ပြီး အဖြူ ရောင် Renault Clio ကားတစီးကို ပြန်ပေးဆွဲသွားကာ ဆက်လက် ထွက်ပြေးသွားတယ် လို့သတင်းက ဆိုပါတယ်။ 

အခုဆိုရင် ပြင်သစ်နိုင်ငံမှာ လုံခြုံရေးတိုးမြှင့်ထားပြီး အကြမ်းဖက်သမားတွေ ဆက်လက်ဖမ်းဆီးရမိရေး အပူ တပြင်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 



အိမ့်သံစဉ် ~


ကိုးကားသတင်း။  ။ http://news.sky.com/story/1403975/paris-terror-attack-suspect-surrenders-to-police





 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved