“အရင်တုန်းကကလေးတို့ဆရာမလုပ်ဖူးတယ်”

Tuesday, January 27, 2015


နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ အနုပညာညီအစ်မနှစ်ယောက် အတူတူတွဲဆိုထားတဲ့  Friend စီးရီးခွေ  MTV က မကြာခင် ထွက်ရှိလာတော့မှာပါ။ စီးရီးခွေတုန်းက ပရိသတ်နားထဲမစွဲတဲ့ တေးသီချင်းတွေရှိခဲ့ပေမယ့် အခု MTV မှာ လူငယ်ပရိသတ်ကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံများနဲ့ သရုပ်ဖော်ထားတာတွေ့ရတာမို့ ပရိသတ် အကြိုက်တွေ့မယ့် MTVအခွေ ဖြစ်လာမယ်လို့ ထင်ရပါတယ်။ နန်းသူဇာဟာ မော်ဒယ်လ် သရုပ်ဆောင် လိုင်းကနေမှတဆင့် အဆိုလိုင်းဘက်ကို ကူးပြောင်းလာတဲ့သူတဦးဆိုရင်လည်း မမှားပါဘူး။ ကျောင်းဆရာမ ဝတ်စုံနဲ့  Gold Roast ကော်ဖီမစ်ကြော်ငြာမှာပရိသတ်တွေ နှစ်သက်အားပေးခြင်းခံယူနိုင်ခဲ့သလို တခြား ကြော်ငြာအတော်များများမှာလည်း နုနုငယ်ငယ် ချစ်စဖွယ်အမူအရာတွေနဲ့ တွေ့မြင်ကြရတဲ့ သရုပ်ဆောင်၊ အဆိုရှင် နန်းသူဇာကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။



ဓာတ်ပုံ - စိုင်းဇော် /The Irrawaddy
  
မေး ။     ။ နန်းသူဇာတို့ ဒီအခွေကAudioထွက်ပြီးဘယ်လောက်ကြာမှ အခု DVDထွက်တာလဲ။

ဖြေ ။    ။ အခွေက တနှစ်ကျော်ကြာမှ အခုDVD ထွက်ဖြစ်တာပါ။

မေး။    ။ နန်းသူဇာက ဒီထဲမှာ ဘယ်နှပုဒ်လောက် သရုပ်ဆောင်ထားတာလဲ။

ဖြေ ။    ။ ညီမကတော့ တော်တော်များပါတယ်။ MTVအဖြစ်ရိုက်ကူးတဲ့ အပုဒ်တွေပါတယ်။ အဲဒီမှာကိုယ်တိုင်ကမဖြစ်မနေသရုပ်ဆောင်ရမယ့် အပုဒ်တွေမှာ ကိုယ်တိုင်လည်းသရုပ်ဆောင်ဖြစ်ရင်းနဲ့  များသွားတယ်။ တခြားပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုနေတိုး၊ ကိုကျော်ထွဋ်ဆွေ၊ ကိုဆာမိ၊ ထက်ဘုန်းနိုင် မင်းသမီးတွေမှာ ဆန်းသစ်လ၊ နွယ်ဒါလီထွန်း၊ နန်းခေးမား၊ ခင်နန်းထိုက်တို့ပါမယ်။

မေး။    ။ Audio ထွက်တုန်းကဘယ်လိုအပိုင်းတွေကို အားမရဘူးလဲ။ ပရိသတ် လက်ခံအားပေးမှုကရော ကိုယ်ထင်သလောက် ရခဲ့လား။

ဖြေ။   ။ ဟုတ်ကဲ့။ အခုကတော့ နန်းသူဇာတို့ သီချင်းအသစ်တွေတော့ မမီတော့လို့ ထပ်မထည့်ထားပါဘူး။ အခုခွေမှာလည်း နန်းသူဇာတို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကို သင်ခန်းစာယူပြီးနောက် အခွေတွေမှာ ဒီထက်ကောင်းအောင် ကြိုးစားကြရမှာပါ။

မေး။   ။ နန်းမြတ်ဖြိုးသင်းနဲ့ ညီမက Gril Band ဖွဲ့ထားတာမဟုတ်ဘူးနော်။ သူနဲ့ ဘယ်လိုတွဲမိတာလဲ။

ဖြေ။  ။ နန်းမြတ်နဲ့က Girl Band ဆိုပြီးဖွဲ့ထားတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာသပ်သပ်စီပါပဲ။ နန်းမြတ် နဲ့ကအရင် မော်ဒယ်လ်လုပ်ကတည်းက ခင်နေတာလေ။ ဒါနဲ့  Shwe FM  ပွဲမှာတယောက်တပုဒ် ဝင်ဆို ကြတယ်။ အဲဒီမှာ နှစ်ယောက်စလုံးက “ဇ” ရှိတယ် ဆိုတာသိသွားကြတယ်။ အဲဒီမှာ နှစ်ယောက်လုံးအခွေ လုပ်ချင်တယ်ဆိုပြီးစကားပြောဖြစ်ရင်းနဲ့ နန်းမြတ်နဲ့ အခွေလုပ်ပါလားလို့ ပြောကြတာနဲ့ လုပ်ဖြစ်ခဲ့တာပါ။

မေး။   ။ နန်းသူဇာတယောက်တည်းရောစီးရီးခွေ လုပ်ဖြစ်ဦးမလား။

ဖြေ။   ။ နန်းသူဇာလည်းတယောက်တည်းအခွေထွက်ဖို့ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ဘယ်တော့လောက် ထွက်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးပေါ့။ အရင်ဆုံးသီချင်းတွေဝယ်မယ်၊ စုမယ်၊ ပြီးရင် ဆိုကြည့်မယ်ပေါ့။ ကိုယ်နဲ့လိုက်ဖက်တယ် အဆင်ပြေတယ်ဆိုရင် အခွေထဲမှာထည့်မယ်ပေါ့။ လုပ်ရင်လည်း သေချာစဉ်းစားပြီး အကောင်းဆုံးပဲလုပ်ဖြစ်မှာပါ။

မေး။  ။ နန်းသူဇာကိုမော်ဒယ်လ် သရုပ်ဆောင်အနေနဲ့ ပရိသတ်ကပိုသိထားကြတယ်။ အဲဒီပိုင်းကိုရော ဘယ်တော့ သေချာပြန်လုပ်ဖြစ်မလဲ။

ဖြေ။  ။ ဟုတ်ပါတယ်။ နန်းသူဇာက Show ပွဲတွေလည်းလျှောက်ပါတယ်။ ကြော်ငြာတွေလည်း လာငှားရင် ရိုက်ပါတယ်။ ရုပ်ရှင်ကားပဲ မရိုက်တာပါ။

မေး။  ။ ရုပ်ရှင်ကားကဘာလို့မရိုက်တာလဲ။

ဖြေ။   ။ ရုပ်ရှင်ကကြော်ငြာတွေ၊ ဓာတ်ပုံတွေရိုက်တာနဲ့ မတူဘူးပေါ့နော်။ သူက ခံစားချက် ပိုထည့်ရတယ်။ လွယ်လွယ်နဲ့လုပ်လို့မရဘူး။ အဲဒီအပိုင်းကို နန်းသူဇာမလုပ်နိုင်သေးလို့ မရိုက်ဖြစ်တာပါ။

မေး။   ။ ပြည်ပခရီးစဉ်တွေ ခဏခဏသွားတာတွေ့ရတော့ အခုလောလောဆယ်ရော ဘာအစီအစဉ်တွေရှိလဲ။

ဖြေ။   ။ ပြည်ပခရီးစဉ်ကလည်းကြော်ငြာတွေကထွက်ရိုက်လို့ပါ။ ပြည်ပခရီးစဉ်ဆိုရင် U-19 အသင်းကို အားပေးဖို့ နန်းသူဇာတို့  We Let Go အစီအစဉ်အနေနဲ့ သွားဖို့ရှိပါတယ်။ နယူးဇီလန်မှာလိုက်အားပေးဖို့ပေါ့။ အရင်ကလည်း We Let Go နဲ့ နန်းသူဇာတို့ ဘရာဇီးကမ္ဘာ့ဖလားမှာသွားပြီး အားပေးခဲ့ဖူးပါတယ်။ ပြည်ပ ခရီးစဉ်အနေနဲ့ ကိုယ့်ဘာသာကိုယ်ဆိုရင် ဘန်ကောက်နဲ့ မော်လ်ဒိုက်ကိုသွားချင်တယ်။ ကြော်ငြာတွေကလည်း ရိုက်ဖို့ အစီအစဉ်တော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီအခွေထဲမှာ တော်တော်ကုန်ထားတော့ အဲဒီအတွက် ပြန်ရှာရဦးမှာလေ။

မေး။  ။ အခုဒီအခွေ ထွက်တော့ရောအကျိုးအမြတ်ကိုဘယ်လောက်ထိမျှော်မှန်းထားမိလဲ။

ဖြေ။   ။ အကျိုးအမြတ်ဆိုတာထက် ပရိသတ် အားပေးမှုကို ပိုမျှော်လင့်ပါတယ်။ ဒါက နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ရဲ့ ဂီတလမ်းအစပေါ့နော်။ ဒီကနေပဲ ရင်းပြီးတော့ နန်းသူဇာတို့ ဂီတလမ်းကို လျှောက်ချင်တယ်။ အကျိုးဆိုရင်တော့ ဒီအခွေလေးကနေ နန်းသူဇာတို့ ပရိသတ်တွေ ပိုတိုးလာစေချင်တာပေါ့။ ပိုတိုးလာရင်လည်းအကျိုးအမြတ် ရတာပဲပေါ့။

မေး။   ။ နန်းသူဇာကိုမေးချင်သေးတာက အခုနောက်ပိုင်းအနုပညာရှင် တော်တော်များများ ပရဟိတ အလုပ်လေးတွေကို တတ်နိုင်သလောက် လုပ်လာကြတယ်။ နန်းသူဇာရော အဲလိုလုပ်ရတာကို စိတ်ဝင်စားလား။

ဖြေ။    ။ ဟုတ်ကဲ့။ ပရဟိတလုပ်ငန်းကို နန်းသူဇာက အခုမှ စိတ်ဝင်စားတာမဟုတ်ပါဘူး။ နန်းသူဇာတို့ ဒီ အနုပညာအလုပ်တွေကို မလုပ်ခင်ကတည်းက လုပ်ဖြစ်ခဲ့ပါတယ်။ နန်းသူဇာနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ တော်တော်များများ သိကြပါတယ်။ British Council တက်တုန်းက နန်းသူဇာက CSI ဆိုတဲ့ အဖွဲ့ထဲကို ဝင်ထားပါတယ်။ အခုတော့ အဲဒီအဖွဲ့နဲ့ ပရဟိတလုပ်တဲ့အခါ သီချင်းတွေ ပါဝင်သီဆိုပါတယ်။ အရင်တုန်း ကတော့ ဆရာမလုပ်တယ်။ စာသင်ပေးခဲ့ဖူးတယ်။ ကိုယ်တတ်တဲ့ အင်္ဂလိပ်စာကိုသင်ပေးတာပါ။  British Council နဲ့ CSI က စာကြည့်တိုက်ထဲက စာအုပ်တွေကိုယူသွားပြီးတော့ တောင်ဒဂုံရယ်၊ ကျောက်တန်းဘက် တွေမှာစာသင်ပေးခဲ့ဖူးပါတယ်။ တော်တော်ကြာကြာ သင်ခဲ့ဖူးတာပါ။ အဲဒီတုန်းက နန်းသူဇာကို မချစ်စနိုးဦးနဲ့ ဆင်လို့ဆိုပြီးသူတို့ကတီချယ် ချစ်စနိုးဦးဆိုပြီးနာမည်တောင်ပေးထားတယ်။ အနုပညာအလုပ်တွေမလုပ်ခင်က ဆိုတော့ အဲဒီတုန်းက ဆရာမ လုပ်တော့မယ်တောင် စဉ်းစားခဲ့ဖူးတယ်။ သင်ဖြစ်ခဲ့တာကလည်း နန်းသူဇာတို့က AC (American Center) သွားလိုက်၊ BC (British Council) တက်လိုက်နဲ့ အဲဒီက CSI အဖွဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး အဲဒါကိုလည်း ဝါသနာပါလို့ လုပ်ဖြစ်တာလေ။ အဲဒီအဖွဲ့ကလည်း လူငယ်တွေပဲ စုထားတာဆိုတော့လေ။

မေး။   ။ နန်းသူဇာတို့လုပ်ခဲ့တာလူသိပ်မသိကြဘူးနော်။

ဖြေ။   ။ ဟုတ်ပါတယ်။  အဲဒီတုန်းကလည်းဒီလိုပရဟိတလုပ်တာ သိပ်ခေတ်မစားသေးတာလည်းပါတယ်ပေါ့။ နန်းသူဇာကမော်ဒယ်လ်ဖြစ်မှ ဒီဟာကိုစိတ်ဝင်စားလာတာမဟုတ်ပါဘူး။ အဲဒီတုန်းကတည်းက တကယ်စိတ်ဝင်စားပြီးလုပ်ဖြစ်ခဲ့တာ။

မေး။   ။ အဲဒီအဖွဲ့မှာရောအခုထိလုပ်အားပေး ဖြစ်သေးလား။

ဖြေ။  ။ ဟုတ်ကဲ့။ စာတော့ မသင်တော့ပေမယ့် CSI က ဟိုတလောက လုပ်တဲ့ပွဲမှာတော့ နန်းသူဇာ သီချင်းသွားဆို ပေးဖြစ်ပါတယ်။ နောက်ပြီးအဖွဲ့ကလုပ်တဲ့ပွဲတိုင်းမှာလည်းအလှူငွေ အမြဲထည့်ဖြစ်ပါတယ်။

မေး။  ။ ဒါနဲ့ နန်းသူဇာတို့အခွေကိုကူညီပေးတဲ့ ကျော်ထွဋ်ဆွေကိုရော ဘာပြောချင်သေးလဲ။

ဖြေ။   ။ စောစောက စာနယ်ဇင်းပွဲမှာ နန်းသူဇာတို့ကို ကူညီပေးဖို့ စာနယ်ဇင်းကိုပြောပေးတဲ့ ဆရာကြီး ကျော်ထွဋ်ဆွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်။ သူကအခွေမှာ နန်းသူဇာကျီ(ဂျီ)ကျသမျှကိုအကုန် လိုက်လုပ်ပေးတယ်။ အစစအရာရာ၊ အဆိုပိုင်းကအစ ကူညီပေးပါတယ်။ နန်းသူဇာ စိတ်ညစ်ရင်လည်း သူကလိုက်ပြီးစိတ်ညစ်ပေးတယ်။ အားပေးတယ်။ သူရဲ့ ကူညီမှုတွေကလည်းဒီအခွေမှာအများကြီးပါပါတယ်။

မေး။   ။ ဒီအခွေကိုဘယ်နေ့ဖြန့်မှာလဲ။ ဘာအစီအစဉ် တွေရှိလဲ။ အခွေနဲ့ ပတ်သက်ပြီး ပရိသတ်ကိုရော တခြားဘာပြောပြချင်သေးလဲ။

ဖြေ။   ။ ပရိသတ်ကိုလည်းလာပြီးအားပေးစေချင်ပါတယ်။ နန်းသူဇာတို့ နှစ်ယောက်စလုံးက မော်ဒယ်လ် လောကမှာလည်းအောင်မြင်ပြီးသားလူတွေဖြစ်တဲ့အတွက် ပရိသတ်တွေလာပြီးအားပေးမယ်လို့ထင်ပါတယ်။ နန်းသူဇာတို့ကို သီချင်းတွေလည်း အားပေးစေချင်ပါတယ်။ ပရိသတ်တွေ အများကြီးလာရင် ပိုပျော်မှာပါ။ လာရောက်အားပေးတဲ့ ပရိသတ်တွေလည်းပျော်အောင် နန်းသူဇာတို့ ကံစမ်းမဲတွေလည်း စီစဉ်ထားပါတယ်။ အခွေက အခုလ ဇန်နဝါရီ ၂၅ ရက်နေ့မှာ Dagon Center 2 မှာလက်မှတ်ရေးထိုး ပြီးရောင်းချပေးမှာပါ။


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၄ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved