စာပေချစ်သူတွေ နွှဲပျော်ခဲ့တဲ့နိုဘယ်- မြန်မာစာပေပွဲတော်

Tuesday, January 27, 2015


နိုဘယ်-မြန်မာစာပေပွဲတော်(ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

 “စာအုပ် စာပေလူ့မိတ်ဆွေ”ဆိုတဲ့ ဆိုရိုးစကားလိုပဲလူရယ်လို့ဖြစ်လာရင် အသိုက်အဝန်းကောင်း၊ အဖော်မွန်ကောင်း၊ မိတ်ဆွေကောင်းရှိဖို့ လိုအပ်သလိုစာအုပ်စာပေဆိုတဲ့ မိတ်ဆွေအစစ်အမှန်၊ ဘဝအတွက် အဖော်မွန်ကောင်းကိုလည်းလိုအပ်ပါတယ်။

စာအုပ်စာပေတွေကနေတဆင့် ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေ၊ ကိုယ်မတတ်သေးတဲ့ ပညာရပ်တွေကို လေ့လာလို့ရသလိုပဲ စာအုပ်စာပေတွေဖတ်ပြီး ကမ္ဘာအနှံ့က ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတွေအကြောင်း ဖတ်ရှုပြီး ကိုယ်တကယ် ရောက်သွားသလိုမျိုး ခံစားနိုင်ပါတယ်။
ကမ္ဘာအရပ်ရပ်က မတူညီတဲ့ ရိုးရာယဉ်ကျေးမှု၊ လူနေမှုစရိုက်တွေအကြောင်း၊ သမိုင်းအကြောင်းအရာတွေ အကြောင်း၊ အစားအစာတွေအကြောင်း စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကဏ္ဍ အသီးသီးကို စာပေတွေကနေတဆင့် လေ့လာနိုင်ပါတယ်။ စာအုပ်စာပေတွေကို ဖတ်ရှုခြင်းအားဖြင့် အတွေးအမြင် ဗဟုသုတတွေ ကြွယ်ဝလာသလို၊ ဆင်ခြင်တုံတရားနဲ့ အသိပညာလည်း မြင့်မားကြွယ်ဝလာနိုင်ပါတယ်။

စာပေအမျိုးမျိုးကို လေ့လာဖတ်ရှုပြီး ကိုယ့်ရဲ့အမြင်၊ သဘောထားတွေ ပြောင်းလဲလာပြီး စာပေကနေတဆင့် အကျိုးကျေးဇူးတွေကိုယူရင် ယူတတ်သလို အများကြီးရရှိစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ခေတ်မီ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးအရ လူငယ်တွေ စာဖတ်နည်းလာကြပါတယ်။
စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် ခေတ်စားလာပြီး i Phone, i Pad, Tablet တွေနဲ့ စာအုပ်တွေကို e-Book တွေအဖြစ် ပြောင်းလဲပြီး မြန်ဆန်ပေါ့ပါးစွာ (စာအုပ်အထူကြီးတွေ သယ်စရာမလိုဘဲ) အချိန်မရွေး၊ နေရာမရွေး လွယ်လွယ်ကူကူ ဖတ်ရှုလာနိုင်ပြီ ဆိုပေမယ့် Facebook, Instagram အစရှိတဲ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ တွေထဲမှာ အချိန်ကုန်နေကြသူတွေ ပိုများနေတာကိုတွေ့မြင်နေရပါတယ်။

စာအုပ်အငှားဆိုင်တွေနဲ့ ရပ်ကွက်၊ ကျောင်းတွေမှာရှိတဲ့ စာကြည့်တိုက်တွေကနေ စာအုပ်ငှားဖတ်တဲ့ အလေ့အထ၊ ယဉ်ကျေးမှုကလည်း တဖြည်းဖြည်းနည်းသထက် နည်းလာပါတယ်။ ခေတ်ရဲ့တိုးတက်မှုနဲ့  အတူ တခြားသောဆုတ်ယုတ်မှုတွေကလည်း ခေတ်နဲ့အတူထပ်ကြပ်မကွာ အမီလိုက်နေတာကို မမေ့သင့်ပါဘူး။

စာများများဖတ်မှ ဗဟုသုတအကြောင်းအရာတော်တော်များများကိုသိရှိနိုင်မှာဖြစ်လို့ နေ့စဉ် မိမိပိုင်ဆိုင်တဲ့ အချိန်တွေထဲကနေ အချိန်နည်းနည်းစီပေးပြီး စာဖတ်သင့်ပါတယ်။ အနည်းဆုံးတော့ နိစ္စဓူဝ ရုံးတက်ရုံးဆင်း၊ ကျောင်းသွားကျောင်းပြန်ချိန်၊ လမ်းမှာကားကြပ် ကားပိတ်ချိန်တွေမှာ၊ ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ အသီးသီးကုန်ဆုံးတဲ့အချိန်တွေကို စာဖတ်ရင်းနဲ့ အချိန်ကိုအကျိုးရှိရှိအသုံးပြုလို့ရပါတယ်။
အခုဆိုရင် စာအုပ်စာပေကိစ္စရပ်တွေမှာစိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စာပေပညာရှင်တွေ စုပေါင်းပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းပေါ်က အမျိုးသားကဇာတ်ရုံမှာ နိုဘယ်- မြန်မာစာပေပွဲတော် (Nobel-Myanmar Literary Festival) ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲတော်မှာဆိုရင် မြန်မာနိုင်ငံကစာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ စာတမ်းဖတ်ပွဲ၊ ဝတ္ထုဖတ်ပွဲ၊ ကဗျာဖတ်ပွဲတွေ ပါဝင်ပြီးပန်းချီပြခန်း၊ ကာတွန်း ပြခန်း၊ ဓာတ်ပုံပြခန်းတွေနဲ့အတူစာအုပ်ဈေးရောင်းပွဲတော်ကြီးပါ ပါဝင်တာကြောင့် ဒီပွဲတော်ကြီးကနေတဆင့် ကိုယ်ဖတ်ရှုလိုတဲ့ စာအုပ်တွေ ဝယ်ယူဖတ်ရှု နိုင်ပြီးကိုယ်ဝါသနာပါတဲ့ အကြောင်းအရာတွေကိုလူငယ်တွေအနေနဲ့ ကိုယ်တိုင် သွားရောက်လေ့လာနားထောင်နိုင်တဲ့ အခွင့်အရေးရခဲ့တဲ့ ပွဲကြီးတပွဲ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာစာပေတွေ၊ နိုဘယ်ဆုရ ပုဂ္ဂိုလ်တွေရဲ့ စာပေလက်ရာမွန်တွေ၊ မြန်မာစာရေးဆရာတို့ရဲ့ စာအုပ်စာပေတွေအစရှိတဲ့ စာအုပ်အမျိုးမျိုးကို တနေရာတည်းမှာ သုံးရက်တိုင် ခင်းကျင်းရောင်းချခဲ့တာပါ။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved