Hang Out လုပ်လို့ အဆင်ပြေတဲ့ Thai 47 Restaurant, Bar & Cafe

Tuesday, January 27, 2015





အာရှအစားအစာတွေထဲမှာ အရသာချဉ်ချဉ်စပ်စပ်နဲ့ အာရှတိုက်သားတွေသာမက အနောက်တိုင်းသား တွေ ခံတွင်းတွေ့လူကြိုက်များတဲ့ထိုင်းအစားအစာလည်းအပါအဝင်ပါ။ ထိုင်းရိုးရာအစားအစာတွေက ချဉ်ချဉ်စပ်စပ်၊ ရှူးရှူးရှဲရှဲစားရတာကြောင့် ခံတွင်းမြိန်ပြီး လူကြိုက်များတာပဲ ဖြစ်ပါတယ်။

ထိုင်းအစားအစာတွေမှာ အသုံးပြုလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက တခြားရိုးရာအစားအစာ၊ ဟင်းလျာ တွေနဲ့မတူဘဲ တမူထူးခြားပြီး အနံ့အရသာကိုက ဆွဲဆောင်မှုရှိတာကြောင့် အနောက်တိုင်းသားတွေက ထိုင်းစာကို မြည်းစမ်းလာကြတာပဲ ဖြစ်ပါတယ်။



 ဒီတပတ် The Irrawaddy ရဲ့စားသောက်ဆိုင်သုံးသပ်ချက် ကဏ္ဍကနေ ထိုင်းရိုးရာအစားအစာတွေကို ထိုင်းအရသာစစ်စစ်နဲ့ စားသုံးနိုင်ပြီး သောက်စရာ Bar ပါရှိတဲ့ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်း၊ ၄၇လမ်းထောင့်မှာရှိတဲ့ “Thai 47 Restaurant, Bar & Cafe” ဆိုတဲ့ ထိုင်းစားသောက်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်ကDown Town ဧရိယာမှာရှိတာကြောင့် မြို့ထဲရုံးအလုပ်လုပ်တဲ့သူတွေနေ့လယ်စာစား၊ ညစာစား၊ ဒါမှမဟုတ်ညဘက်သောက်တတ်တဲ့သူတွေ Bar မှာ တခုခုမှာသောက်၊ စသဖြင့် ရုံးလုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းတွေ့ဆုံ Hang Out လုပ်လို့ကောင်းတဲ့ဆိုင်တဆိုင်ပါ။


 ဆိုင်ကို နံနက်၁၀နာရီခွဲမှာ စဖွင့်တယ်ဆိုပေမယ့် ညဘက်ဧည့်သည်အခြေအနေပေါ်မူတည်ပြီး ည ၁၂နာရီ၊ ၁နာရီလောက်အထိ ဖွင့်လှစ်တယ်လို့ သိရပါတယ်။ ဆိုင်ရဲ့Menu မှာတော့ ထိုင်းအစားအစာတွေကို Thai 47 စားဖိုမှူးတွေရဲ့အထူးလက်ရာ Chef’s Recommendation, Appetizer, Salad, Dish, Noodle, Vegetables, Daily Snack အစရှိတဲ့ဟင်းလျာပေါင်း ၁၀ဝကျော်ကို ရရှိနိုင်ပါတယ်။

သောက်စရာ Menu အဖြစ်လည်း Coffee, Fresh Juice, Milk Shake, Smoothie, Soda, Ice-cream, Waffle အစရှိတာတွေကိုပါ ရရှိနိုင်တာကြောင့် နေ့ခင်းဘက်ကော်ဖီ၊ အအေးသောက်လိုသူတွေအတွက် အဆင်ပြေပါတယ်။ ညဘက်ရောက်ရင်တော့ Night Out လုပ်သူတွေအတွက် Cocktail, Mocktail အစုံအလင်ရတဲ့ Bar မှာသောက်စရာတခုခုမှာယူပြီး အေးအေးဆေးဆေး သောက်သုံးနိုင်ပါတယ်။


 ဆိုင်က အပေါ်ထပ်၊ အောက်ထပ်နှစ်ထပ်ရှိပြီး အပေါ်ထပ်မှာတော့ အစားအသောက်တွေကို သီးသန့် မှာယူစားသုံးနိုင်တဲ့ ၈ယောက်ခန်း၊ ၄ယောက်ခန်း၂ခန်းစီ စုစုပေါင်း Private ခန်း ၄ ခန်းရှိပါတယ်။ ဆိုင်ရဲ့Decorationက ထိုင်းစားသောက်ဆိုင်မို့ ထိုင်းရိုးရာယဉ်ကျေးမှု ဓာတ်ပုံကားချပ်တွေနဲ့ နံရံတွေမှာ ချိတ်ဆွဲအလှဆင်ထားတာကိုတွေ့ရပါတယ်။ အစားအစာတွေမှာယူတဲ့အခါ အမြန်ဆုံးလာရောက်ချပေးတာကို တွေ့ရပြီးဝန်ဆောင်မှု ကောင်းမွန်တာကို သတိထားမိပါတယ်။

အစားအစာတွေ မြည်းစမ်းကြည့်တဲ့အခါ “Thai 47” ဆိုင်ရဲ့စားဖိုမှူးတွေ အထူးချက်ထားတဲ့ Chef’s Recommendation ထဲက ငါးခူမွကြော်သုပ် (၄၅၀ဝကျပ်) ၊ ကြက်တောင်ပံအစာသွပ် (၃၃၀ဝကျပ်)၊ ထိုင်းပုစွန်တုန့်ယမ်းSoup (၃၀ဝ၀ကျပ်)၊ပင်လယ်စာ၊ပဲကြာဆံသုပ် (၄၀ဝ၀ကျပ်) တို့ကိုမှာယူလိုက်ပါတယ်။
သောက်စရာအနေနဲ့တော့ဆိုင်ရဲ့Cocktailအရသာကို မြည်းစမ်းချင်တာကြောင့်နာမည်ကြီး Margarita (Blue)တခွက် (၄၀ဝ၀ကျပ်) နဲ့ ထိုင်းစာစပ်စပ်တွေစားပြီးရင်စားဖို့အစပ်ပြေ Mickey Lover Ice-cream (၁၅၀ဝကျပ်) တို့ကိုမှာလိုက်ပါတယ်။


၂၀၁၄ခုနှစ် ဒီဇင်ဘာလထဲမှာစတင်ဖွင့်လှစ်ခဲ့တဲ့“Thai 47”စားသောက်ဆိုင်ကို ညဘက် Bar လည်းရှိတာကြောင့် အဓိကအားဖြင့် နိုင်ငံခြားသားအဖြူတွေ အလာများပြီး ပြည်တွင်းက ထိုင်းစာနှစ်သက်တဲ့သူတွေလည်း လာရောက်စားသောက်ကြတယ်လို့ သိရပါတယ်။

ဆိုင်က ထိုင်းအစားအစာဆိုင်ဖြစ်ပြီး မြို့ထဲ ၄၇ လမ်းထောင့်မှာ ရှိတာကြောင့် မှတ်ရလွယ်အောင်နဲ့ ဆိုင်နာမည်ကို မြင်တာနဲ့ ၄၇လမ်း မှာရှိတဲ့ ထိုင်းအစားအစာဆိုင်မှန်းသိအောင်“Thai 47” ဆိုပြီး နာမည်ပေးထားရခြင်းဖြစ်တယ်လို့ ဆိုင်ပိုင်ရှင် ကိုဝဏ္ဏထွန်းက ပြောပါတယ်။
အစားအသောက်တွေရဲ့အရသာကို မြည်းစမ်းကြည့်တဲ့အခါ ငါးခူမွကြော်သုပ်ကငါးခူကိုမွှ၊ အကြော်မှုန့်နဲ့ကြော်ထားပြီးထိုင်းအချဉ်ရည်နဲ့တွဲစားတဲ့အခါအရသာကမွမွလေးနဲ့စားလို့ကောင်းပါတယ်။

ကြက်တောင်ပံအစာသွတ်ကတော့အထဲမှာအစာသွတ်ထားတာကစားဖူးနေကျတခြားအစာသွတ်တွေလိုကောက်ညှင်းဆန်ကိုအစာသွတ်တာမျိုးမဟုတ်ဘဲ၊အသားကိုအရသာကောင်းမွန်အောင် ပြုလုပ်ထားပြီးအစာသွတ်ထားတာမျိုးပါ။


ထိုင်းပုစွန်တုံယမ်းနဲ့ ပင်လယ်စာပဲကြာဆံသုပ်တို့ကတော့ ထိုင်းစာချဉ်ချဉ်စပ်စပ်အနံ့၊ အရသာမျိုး ဖြစ်ပြီး ထမင်းဖြူနဲ့တွဲစားတဲ့အခါအစပ်အဟပ်တည့်ပြီးချဉ်စပ်အရသာကြိုက်သူတွေအတွက်ခံတွင်းမြိန်စေပါတယ်။
Margarita (Blue) Cocktail အရသာက ရှတတနဲ့သောက်လို့ကောင်းပါတယ်။ Mickey Lover Ice-cream ကတော့ ချစ်စရာကောင်းအောင် ပြုလုပ်ထားပြီး Cream နှစ်ထပ်အလယ်မှာ Ice-cream ညှပ်ထားလို့ အရသာက ချိုအီပြီးအေးပါတယ်။ အစားအသောက်တွေ မြည်းစမ်းပြီးတဲ့အခါ အချိုတည်းဖို့လာချပေးတဲ့ ထိုင်းသာကူ Dessert လေးကတော့ဗိုက်ထဲမှာ ပြည့်နင့်အီနေတာတွေကိုအအီပြေသွားစေပါတယ်။

“Thai 47”ထိုင်းစားသောက်ဆိုင်ကို ဖွင့်လှစ်ထားတာ တလနီးပါးပဲရှိသေးတာဖြစ်ပြီး လောလောဆယ်ဆိုင်ခွဲ မရှိသေးပါဘူး။

Thai 47 Restaurant, Bar & Café အမှတ် (၁၅၃)၊အနော်ရထာလမ်း၊ ၄၇လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
သီဟတိုး


"အပတ်စဉ်ထုတ် ဧရ၀တီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၄ တွင် ဖော်ပြထားပါသည်"







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved