သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၇)

Friday, January 16, 2015





ဒီတပတ်ရဲ့ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည် ဆိုတဲ့ စာစုလေးမှာ ဘာတွေ ဘယ်လို လမ်းညွှန် ပေးထားလဲဆိုတော့...

ပျင်းတတ်တဲ့ တို့လူငယ်တို့အတွက် တွေးတော စဉ်းစားခြင်းနဲ့ စိတ်ကူးခြင်းဆိုတာကို ပျင်းပျင်းနဲ့ ရှင်းပြပါ့မယ်။ ပျင်းတဲ့ လူဟာ လိုရှင်းတိုတိ ဆိုသလို အဓိပ္ပာယ်ဆိုလိုရင်းကို တိုတိုရှင်းရှင်းနဲ့ တိတိကျကျ ပြောတတ်တယ်။ စကားတွေ ဝေ့၀ိုက်ပြီး ပြောဖို့စိတ်မပါဘူး။ ပျင်းတယ် မဟုတ်လား။
ရုတ်တရက် ဒီစကားလုံး ၂ လုံးက တူသလိုလို ထင်ရပါတယ်။ တွေးတော စဉ်းစားရာမှာ အကြောင်းအကျိုး ညီညီနဲ့ စဉ်းစားခြင်းလည်း ရှိနိုင်သလို၊ ဆင့်ပွားနွယ်ဆက် စဉ်းစားခြင်းလည်း ရှိနိုင်ပါတယ်။

ဘာဖြစ်တဲ့အတွက်ကြောင့် ဘာဖြစ်လာတယ်..၊ ဘာ မဖြစ်တာကြောင့် ဘာ ဖြစ်တယ် စသည်ဖြင့်.. အကြောင်းဆက် အကျိုးဆက်တွေကို စဉ်းစားတာပါ။ ဆင့်ပွားနွယ်ဆက် စဉ်းစားတယ် ဆိုတာကလည်း တခုပြီးတခု ဆက်စပ် စဉ်းစားတာပါ။ အဲဒါကတော့ ရန်ကုန်က မန္တလေးကို သွားမယ် ဆိုပါစို့။ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် သာစည် ဘူတာတွေကို တဆင့်ပြီး တဆင့် ဖြတ်သွားရတယ် ဆိုတာမျိုးပါ။ တွေးတောစဉ်းစားခြင်းကို  Thinking လို့ ဆိုနိုင်ပါတယ်။ Thinking မှာတော့ အသိဗဟုသုတရဲ့ ကန့်သတ်ချက် ရှိပါတယ်။ ဆိုလိုတာက အသိပညာ ဗဟုသုတ တွေ့ကြုံမှတ်သားမှုများမှ တွေးတောစဉ်းစားခြင်း ရှင်းလင်းတာပါ။

ဒါပေမယ့် စိတ်ကူးခြင်း ဆိုတာကတော့ အကန့်အသတ် မရှိ။ အကန့်အသတ် မရှိတဲ့ စိတ်ကူးက ဘ၀ရဲ့ အောင်မြင်မှုကို ရရှိစေနိုင်ပါတယ်။ စိတ်ကူးခြင်းနဲ့ စိတ်ကူးယဉ်ခြင်း ဆိုတာလည်း ကွဲကွဲပြားပြား သိထားဖို့ လိုပါတယ်။ စိတ်ကူးတယ် ဆိုတာ ခိုင်မာတဲ့ သဘောရှိတယ်။ လက်တွေ့နဲ့ နီးစပ်တယ်။ စိတ်ကူးယဉ်တာက ခိုင်မာမှု မရှိဘူး။ လက်တွေ့နဲ့ ကင်းကွာတယ်။ ဒါကြောင့် “ဟေ့ . စိတ်ကူးယဉ်ပြီး လေထဲ တိုက်အိမ် မဆောက်နဲ့” ဆိုပြီး ပြောတတ်ကြတာပါ။

စိတ်ကူးတာကို Imagine (စိတ်ကူးစိတ်သန်းထုတ်ရာ) ကနေ Imagination (စိတ်ကူးနိုင်စွမ်း) တွေ ဖြစ်လာပါတယ်။ အဲဒီ စိတ်ကူးစိတ်သန်း နဲ့ စိတ်ကူးနိုင်စွမ်းထဲမှာ ထိုးထွင်းသိမြင်တဲ့ဉာဏ် (Perception) လည်း ပါဝင်ပါတယ်။ လက်တွေ့နဲ့လည်း မကင်းကွာဘဲ လိုလားတာကိုလည်း ပြည့်စုံစေနိုင်ပါတယ်။

စောစောက ဥပမာလိုပဲ ရန်ကုန်ကနေ မန္တလေးကို သွားမယ် ဆိုပါစို့။ စဉ်းစားခြင်းက ပထမ ငွေကြေး လုံလောက်လား၊ လမ်းမှာဘာတွေ တွေ့နိုင်သလဲ၊ ဘယ်လို ဖြစ်နိုင်လဲ၊ ဘယ်ရောက်ရင် ဘာလုပ်မယ်.. စသဖြင့် စဉ်းစားပါတယ်။ အကျိုးအကြောင်းနဲ့ ဆက်စပ်ဆင့်ပွားပေါ့။ အဲဒီထဲမှာ Negative Thinking လို့ ခေါ်တဲ့ အဖျက်အတွေးလည်း ပါနိုင်ပါတယ်။ ဒါပေမယ့် စိတ်ကူးခြင်းက အဖျက်အတွေး လုံးဝ မပါတာတွေ့ရတယ်။ မန္တလေးကို မရောက်ခင် ကတည်းက မန္တလေး ကျုံးဘေးမှာ လမ်းလျှောက်ရင်းနဲ့ မန္တလေးတောင်ကြီးကို ကြည့်နေပြီ။ အဲဒီအချိန်မှာ စက်ဘီး ဆိုင်ကယ်တွေနဲ့ ရွှင်ပြုံးချိုတဲ့ ရွှေမန်းသူတွေကို တွေ့ပြီ။ ခန့်ငြားတဲ့ နန်းမြို့ရိုးနဲ့ ကျုံးကြီးကို မြင်နေပြီ.. စသဖြင့် ကိုယ် လိုလားတဲ့ အတိုင်း တွေးယူ ပုံဖော်ကြည့်ပါ။ အဲဒီ အတိုင်း ဖြစ်ပြီလို့လည်း စိတ်ကူးမှာ ခိုင်ခိုင်မာမာ ရှိရင် စိတ်ကူးတဲ့အတိုင်း ဖြစ်လာမှာ သေချာတယ် စိတ်ချလိုက် တို့လူငယ်.. လို့ ပြော.. ပြော..။

ပျင်းတဲ့
နိုင်စွမ်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved