သတိမဲ့ သုံးစွဲနေကျ တန်ဖိုးတရပ်ကို အနုပညာအတွက် ဖဲ့ပေးစေလိုတဲ့ အနုပညာပြပွဲ

Wednesday, January 28, 2015





 ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ART + PLUG အုပ်စုရဲ့ တတိယအကြိမ် အနုပညာပြပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ မှ ဖေဖော်ဝါရီ ၂ ရက်နေ့ အထိ၊ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်မယ်လို့ သိရပါတယ်။

အဲ့ဒီ ပြပွဲမှာ သတိမဲ့ သုံးစွဲနေကျ တန်ဖိုးတရပ်ကို အနုပညာအတွက် ဖဲ့ပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြခန်းဝင်ကြေး ၅၀၀ ကျပ်ကောက်ခံမှာ ဖြစ်တယ်လို့ အဲ့ဒီ အဖွဲ့မှာ ပါဝင်တဲ့ Artist ၀ဏ္ဏအောင်က ပြောပါတယ်။

“ဟုတ်ကဲ့.. ကျနော်တို့ အဖွဲ့ရဲ့ ပထမအကြိမ် ပြပွဲကို ၂၀၁၃ ခုနှစ်က တကောင်းပြခန်းမှာ ပြုလုပ်ခဲ့တယ်၊ ဒုတိယအကြိမ်ကို ၂၀၁၄ ခုနှစ်က Pansodan Scene ပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ၀င်ကြေးကို ကျပ် ၂၀၀ ကောက်ခဲ့တယ်။ အခု ၂၀၁၅ မှာတော့ ပြခန်းဝင်ကြေးကို ကျပ် ၅၀၀ သတ်မှတ်ထားပါတယ်။ လာရောက်ကြည့်ရှုတဲ့ သူတွေကိုကျနော်တို့ ပြပွဲ ကက်တလောက် ပေးမယ်၊ ကျနော်တို့ ၅ ယောက်ရဲ့ လက်ရာ ပို့စကတ်တခုလည်း အမှတ်တရလက်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်”လို့ သူကဆိုပါတယ်။

ART + PLUG အနုပညာအုပ်စုမှာ ၀ဏ္ဏအောင်၊ ဟန်ဆန်း၊ မြင့်စိုးဦး၊ မြင့်သူရ၊ သိုးထိန်းတို့ ပါဝင်ပြီး New Media သုံး Digital Art ၊ Urban Art စတဲ့ ပုံဖော်တင်ဆက်မှုတွေနဲ့ အတူ အောင်မြတ်ဌေးမှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ နယူးယောက် အနုပညာလောကရဲ့ ဒီကနေ့ခေတ်အခြေအနေ၊ လတ်တလောအနုပညာပြပွဲများ၊ ခေတ်ပြိုင်အနုပညာ ပြတိုက်များရဲ့ တင်ဆက်မှုသစ် မှတ်တမ်းဗီဒီယိုနှင့် ရှင်းလင်းတင်ပြချက်များလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အနုပညာပြပွဲအများစုဟာ ပြပွဲဝင်ကြေး ကောက်ယူလေ့ မရှိပေမယ့် လောကနတ် အနုပညာပြခန်းနဲ့ ယုဒဿန်   ခန်းမတို့မှာ ၁၉၇၉ ခုနှစ် နောက်ပိုင်းပြုလုပ်ခဲ့တဲ့ ခင်ဝမ်း၊ ပိုပို၊ စိုးနိုင် (၀မ်းတွင်း) တို့ရဲ့ ပြပွဲတချို့သာ ၀င်ကြေး ကောက်ယူ ပြသခဲ့ဖူးပါတယ်။


နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved