“Thailand Week 2015” ဆိုတဲ့ ထိုင်းကုန်စည်ပြပွဲ ပြုလုပ်မည်

Wednesday, January 14, 2015









ထိုင်းနိုင်ငံက ထိပ်တန်းကုမ္ပဏီပေါင်း ၈၀ ကျော် စုစည်းပြီး ပြခန်းပေါင်း ၂၄၀ ကျော် ပါဝင်တဲ့ “Thailand Week 2015” အမည်ရှိတဲ့ ထိုင်းကုန်စည်ပြပွဲ တရပ်ကို အခုလာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းပေါ်က Myanmar Event Park (M.E.P) ဝင်းမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီပွဲကို ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက တာဝန်ယူဦးစီး စီစဉ်ကျင်းပတာပဲ ဖြစ်ပါတယ်။ ပွဲမှာ ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံက အစားအစာနဲ့ အဖျော်ယမကာတွေ၊ ကျန်းမာရေးနဲ့ အလှအပထုတ်ကုန်တွေ၊ အပိုပစ္စည်းတွေနဲ့ ဟိုတယ်၊ ဆောက်လုပ်ရေး၊ ပညာရေး၊ SPA ၊ ကိုယ်စားလှယ်စက်မှုလုပ်ငန်း အစရှိတဲ့ ဝန်ဆောင်မှုကဏ္ဍတွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Product of Thailand ပြခန်းမှာလည်း PM Award ရရှိထားတဲ့ ပုံစံဆန်းသစ်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကိုလည်း အဓိကထားပြသသွားမှာလို့ သိရပါတယ်။ အဲ့ဒီ ပွဲအတွင်းမှာ ထိုင်းအစားအစာ ချက်ပြုတ်နည်းနဲ့ ထိုင်းရိုးရာ အနှိပ်ပညာ (ထိုင်း massage) တို့ကိုလည်း သရုပ်ပြ သွားမှာဖြစ်ကာ ထိုင်းရိုးရာဖျော်ဖြေမှုတွေကိုလည်း တင်ဆက်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှု ကုန်သွယ်ရေး မူဝါဒ စတင်ကတည်းက ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်သူ အများစုဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ဖို့ ပိုမိုစိတ်ဝင်စားလာကြပါတယ်။ ဒီပွဲကနေတဆင့် ထိုင်း-မြန်မာ စီးပွားရေး အခွင့်အလမ်း ရေရှည်တည်တံ့ လာစေဖို့လည်း ရည်ရွယ်ထားပါတယ်” လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးရှိ ကုန်သွယ်ရေးရုံးခွဲမှ ထိုင်းစီးပွားရေး သံမှုးကြီး Mr.Boon Intiratana က ပြောပါတယ်။

ဒီပွဲမှာ ထိုင်း-မြန်မာ နှစ်ဦးနှစ်ဖက် ကိုက်ညီတဲ့ စီးပွားရေး ကွန်ယက်ချိတ်ဆက်မှုကဏ္ဍ (သို့မဟုတ်) ရောင်းသူ၊ ဝယ်သူ စီးပွားရေးနှီးနှောဖလှယ်တဲ့ ထိုင်းနဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ ထိပ်တိုက်ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထိုင်း၊ မြန်မာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးပညာပေး Seminar တွေကိုလည်း ပွဲအတွင်းမှာ အခါအားလျော်စွာ တင်ဆက်ပေးဖို့ စီစဉ်ထားတယ်လို့လည်း Mr.Boon ကဆိုပါတယ်။

အဆိုပါ လေးရက်တာ ကျင်းပပြုလုပ်သွားမယ့် Thailand Week 2015 ထိုင်းကုန်စည်ပြပွဲ (Trade & Business Matching) က ဝင်ကြေးအခမဲ့ ဖြစ်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေ၊ ထိုင်းကုမ္ပဏီတွေနဲ့ တိုက်ရိုက် စီးပွားရေး ဆွေးနွေးလိုသူတွေကတော့ ကြိုတင်စာရင်းပေးသွင်းထားရမယ်လို့ သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved