Apple Devices တွေ အတွက် Cover အလန်းစားတွေ

Friday, February 20, 2015



ဓာတ်ပုံများ - တင်ထက်ပိုင် /The Irrawaddy

 Smart Phone ကို လူကြီး၊ လူငယ် မရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာ စမတ်ဖုန်းနဲ့အတူ ကိုယ့် ဖုန်းဒီဇိုင်းကို ပိုပြီးစမတ်ကျလှပစေဖို့ ကာဗာ ဒီဇိုင်း အဆန်းလေးတွေ အလှတပ်ဆင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။

Cover ဆိုတာက ဖုန်းရဲ့ မူလကိုယ်ထည်ကို အကာအကွယ်ပေးတဲ့ ပစ္စည်းလို့ ပြောလို့ရသလို မူလ ဖုန်းရဲ့ ဒီဇိုင်းကိုပိုပြီး လှပ၊ စမတ်ကျသွားအောင် ပံ့ပို့ပေးတဲ့ အလှဆင်ပစ္စည်းတခု၊ ဖုန်းအတွက် Fashion Accessories တခုလို့လည်း ဆိုနိုင်ပါတယ်။ စမတ်ဖုန်းတလုံးကို ဝယ်ယူလိုက်ပြီ ဆိုကတည်းက ဖုန်းနဲ့အတူ တပါတည်းတွဲပြီး ဝယ်ဖို့ မမေ့သင့်တဲ့အရာ၊ ဖုန်းနဲ့သက်ဆိုင်တဲ့ Accessories ပစ္စည်းတွေထဲမှာ ဖုန်းကာဗာဆိုတာ မပါမဖြစ်ပါ။




ကိုယ့်ရဲ့ နေ့စဉ် လူနေမှုဘဝတွေထဲမှာ နိစ္စဓူဝ နည်းမျိုးစုံနဲ့ အသုံးပြုနေ၊ အသုံးဝင်နေတဲ့ ဖုန်းတွေကို အလှဆင်ပြီး အသုံးပြုခြင်းဟာ စမတ်ကျစွာ နေထိုင်ခြင်းတမျိုးပဲလို့ ဆိုချင်ပါတယ်။ နေ့စဉ်အသုံးပြုနေရတဲ့ စမတ်ဖုန်းတွေအတွက် ကာဗာက ဖုန်းအတွက် ဖက်ရှင်အသုံးအဆောင် ပစ္စည်းတခုလိုပါပဲ။ ဖုန်းကာဗာကို အရမ်းခရေဇီဖြစ်တဲ့သူ တချို့ဆိုရင် ကာဗာချည်းပဲ လေး၊ ငါးခု ဝယ်ထားပြီး အဝတ်အစားအရောင်နဲ့ လိုက်ဖက်မယ့် ကာဗာကို အမျိုးစုံ ပြောင်းကိုင်လေ့ ရှိပါတယ်။

ဖုန်းကာဗာကို မိန်းကလေးအများစုက ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ပါတဲ့ ဒီဇိုင်းလေးတွေ၊ ရိုးရှင်းပြီး ကျက်သရေရှိ လှပတဲ့ ပန်းပွင့်ပုံ၊ လိပ်ပြာပုံ၊ ဒါမှမဟုတ် စိန်၊ ကျောက်၊ Crystal အစရှိတာတွေနဲ့ အလှဆင်ထားတဲ့ ဖုန်းကာဗာမျိုးတွေကို အသုံးများပါတယ်။ တချို့ မိန်းကလေးတွေကတော့ စာအုပ်ပုံစံ ခေါက်လို့ရတဲ့ ကာဗာမျိုး၊ တချို့ကတော့ ဖုန်းဘောင်ချည်းပဲ သီးသန့်တပ်ဆင် အသုံးပြုတာမျိုး စသဖြင့်  အသုံးပြုသူ အရွယ်မျိုးစုံအဖို့ အကြိုက်ကလည်း မျိုးစုံပါပဲ။




ယောကျာ်းလေးတွေကတော့ များသောအားဖြင့် ရိုးရှင်းပြီး စမတ်ကျတဲ့ ဖုန်းကာဗာဒီဇိုင်း၊ တချို့က ဖန်စီကျပြီး ခပ်မိုက်မိုက်ဖြစ်မယ့် ကာဗာမျိုးနဲ့ တချို့လူငယ်တွေကတော့ လူငယ်တွေကြားမှာ ထင်းခနဲ လင်းခနဲ ဖြစ်သွားမယ့် ဒီဇိုင်းလန်းလန်း၊ အထာကျကျ ဖုန်းကာဗာမျိုးတွေကို အသုံးများကြပါတယ်။
ဖုန်းကာဗာတွေထဲမှာ ကိုယ့်အလှဓာတ်ပုံနဲ့ ကိုယ်ပိုင်ဖုန်းကာဗာအဖြစ် အသုံးပြုတာမျိုးလည်းရှိပါသေးတယ်။ ဒီလို ကာဗာမျိုးတွေကိုတော့ ကိုယ်ပိုင်ဝယ်ယူ သုံးတာမျိုးနဲ့ ကိုယ်ချစ်တဲ့သူကို လက်ဆောင်ပေးတာမျိုးတွေ ပြုလုပ်ကြပါတယ်။ ကိုယ်ပိုင်ဓာတ်ပုံနဲ့ ဖုန်းကာဗာတွေကိုတော့ Limited Edition အနေနဲ့ ကိုယ်လက်ရှိ အသုံးပြုနေတဲ့ ဖုန်းအမျိုးအစား၊ မော်ဒယ်နံပါတ်ကို ပြောပြီး Online Shopping တွေမှာ အော်ဒါမှာယူနိုင်ပါတယ်။

Apple ကုမ္ပဏီက ထုတ်တဲ့ iPhone, iPad အသုံးပြုသူတွေကလည်း ဈေးကြီးကြီး ပေးဝယ်ရတဲ့ တန်ဖိုးကြီး Apple Product တွေကို ဒီအတိုင်း ကာဗာမပါဘဲ ကိုင်တာထက်စာရင် ကာဗာတပ်ဆင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။ ကာဗာ တပ်ဆင်အသုံးပြုတာဟာ အရှေ့မှာပြောခဲ့သလိုပဲ ဖုန်းရဲ့ ကိုယ်ထည်ကို ထိခိုက်မှု မရှိအောင် ကာကွယ်ပြီးသားဖြစ်သလို ကိုယ်ရွေးချယ်ဝယ်ယူလိုက်တဲ့ ကာဗာဒီဇိုင်းပေါ်မူတည်ပြီး ဖုန်းဒီဇိုင်းက ပိုပြီး ဖက်ရှင်ကျ လှပပြီး စမတ်ကျစေနိုင်သလို ချစ်စရာလည်းကောင်းစေနိုင်ပါတယ်။



ဒါကြောင့်မို့လို့ ဒီတပတ် The Irrawaddy ရဲ့ ခေတ်ရေစီးကဏ္ဍကနေ Apple ချစ်သူ၊ iPhone, iPad အသုံးပြု သူတွေအတွက် iPhone 5, iPhone 6, iPhone 6 Plus နဲ့ iPad 1, 2, iPad Air ကာဗာတွေကို ရိုက်ကူးဖော်ပြလိုက်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့က iPhone 5, 6, 6 Plus ကာဗာတွေဆိုရင် ဈေးနှုန်း တသောင်းကနေ၊ တသောင်းခွဲ၊ နှစ်သောင်းကျပ် ဝန်းကျင် ရှိပြီး iPad ကာဗာတွေကတော့ ၂ သောင်းခွဲကျပ် ကနေ ၃ သောင်း ကျပ် ဝန်းကျင် ရှိပါတယ်။

ပုံမှာပြထားတဲ့ iPhone, iPad ကာဗာတွေကို အမှတ် (၇၄၁)၊ မဟာဗန္ဓုလလမ်းနဲ့ လမ်းမတော်လမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ “iLAB” Premium Apple Care, Sale & Service Center မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ်ရဲ့ အတွဲ ၂ အမှတ်စဉ် ၈ မှ ကူးယူဖော်ပြထားပါသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved