သရုပ်ဆောင်အပေါ် သြဇာညောင်းတဲ့ ဒါရိုက်တာဆိုတာ တယောက်နှစ်ယောက်ပဲရှိတော့တယ်

Tuesday, February 10, 2015



အကယ်ဒမီ ဒါရိုက်တာ အောင်ကိုလတ်(ဓာတ်ပုံများ -  ဂျေပိုင်/ The Irrawaddy)

ဆန်းသစ်ပြီး သူများနဲ့ မတူတတ်တဲ့ကြော်ငြာများကို ရိုက်ကူးတတ်သောသူ သူ့ကြော်ငြာတွေမှာလည်း လူသစ်၊ မျက်နှာသစ်များသာ ပါတတ်ပြီး ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ကြော်ငြာတွေကို ရိုက်ကူးတတ်သူကတော့ ဒါရိုက်တာ အောင်ကိုလတ်ပါ။ စစချင်းမှာတော့ သူရဲ့ အတွေး၊ အိုင်ဒီယာတွေက မြန်မာပြည်က Playback ကြော်ငြာတွေကိုသာ ကြိုက်တဲ့ ပရိသတ်တွေအတွက် ကြည့်ရတာ တစ်မျိုးဖြစ်ပေမယ့် နောက်ပိုင်းမှာ ပေးချင်တဲ့ Message ကို ပရိသတ်ထဲ အရောက်ပေးသူဆိုရင်လည်း မမှားနိုင်ပါဘူး။ ကြော်ငြာသီချင်းတပုဒ်ကို သရုပ်ဆောင်မင်းသားနဲ့ မင်းသမီး တွေက ကြော်ငြာပစ္စည်းလေးကိုင်ပြ ဟိုပြေး ဒီလွှားနဲ့ ဘယ်လိုကုန်ပစ္စည်းမျိုးကို ကြော်ငြာချင်လို့ ကြော်ငြာမှန်းမသိရ၊ ပစ္စည်းရဲ့ အရည်အသွေးဘာမှန်းမသိရ သရုပ်ဆောင်တွေရဲ့ လှပ လန်ထွက်နေအောင် ၀တ်စားထားတာတွေပဲ ထိုင်ကြည့်ခဲ့ရတဲ့  မြန်မာပြည်ရဲ့ ကြော်ငြာလောကထဲမှာ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ ကြော်ငြာတွေကတော့ အဲ့ဒါမျိုးတွေနဲ့ မတူ ကွဲပြားလို့နေတာပါ။ ဒါ့အပြင် မြန်မာပြည်က ကယန်းလူမျိုးတွေအကြောင်း ရိုက်ကူးထားတဲ့ “ကယန်းအလှ” ရုပ်ရှင်ဇာတ်ကားဟာလည်း နိုင်ငံတကာမှာ သွားရောက်ပြသနိုင်ခဲ့ပြီး ဒါရိုက်တာ အောင်ကိုလတ်ဟာ“ကယန်းအလှ” ဇာတ်ကားနဲ့ ၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပါသေးတယ်။ အခုအခါမှာလည်း “ကယန်းအလှ”လို နိုင်ငံတကာကို ထိုးဖောက်ဖို့ ကြိုးစားမယ့် ကလေးသရုပ်ဆောင်ကို အဓိက ထားရိုက်ကူးထားတဲ့ “ကျွန်တော့်နာမည် မောင်ကြည်လင်” ရုပ်ရှင်ဇာတ်ကားကိုလည်း ထပ်မံရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးထားတဲ့ တရားဥပဒေအထောက်အကူပြု ဇာတ်လမ်းတွဲဖြစ်တဲ့ “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲကတော့ ဖေဖော်ဝါရီ၁၃ရက်ကစတင်ပြီး မြန်မာ့ရုပ်မြင်သံကြားမှာ စတင်ကြည့်ရှူနိုင်တော့မှာပါ။ အကယ်ဒမီ ဒါရိုက်တာ အောင်ကိုလတ်နဲ့ ပြောဖြစ်ခဲ့သမျှလေးတွေကို ဧရာဝတီဘလော့ဂ်ပရိတ်သတ်တွေအတွက် ဖော်ပြေပေးလိုက်ပါတယ်။

 မေး။   ။ အရင်ဆုံး ဦးလတ်ရိုက်ကူးတော့မယ်ဆိုတဲ့ “ကျွန်တော့်နာမည်မောင်ကြည်လင်” ဇာတ်ကားနဲ့ ပတ်သက်လို့ စ ပြောပေးပါဦး။

ဖြေ။  ။ အဲဒီကားက ကျနော်တို့ ၂၀၁၅ ခုနှစ်လည်ပိုင်းမှာ စပြီး ရိုက်ကူးနိုင်မှာပါ။ အဲဒီကားရိုက်ဖို့ ရည်ရည်တာကတော့ မြန်မာနိုင်ငံသားမောင်ကြည်လင်ရဲ့ ဖြူစင်တဲ့ နှလုံးသားကို နိုင်ငံတကာကို တင်ပြနိုင်ဖို့ ရည်ရွယ်တာပါ။ ကျနော်တို့ ရိုက်ဖြစ်မယ့်နေရာကတော့ ပုဂံနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ သွားရိုက်မှာပါ။ အဲဒီအတွက် သရုပ်ဆောင် ကလေးကို ကျနော်တို့ လျှောက်လွှာနဲ့ ခေါ်ထားပါတယ်။ မတ်လအတွင်းမှာ ကျွန်တော်တို့ အသက်ကိုးနှစ်အရွယ် သရုပ်ဆောင်ကလေးကို ရွေးချယ်သွားမှာပါ။ ဘယ်လိုဇာတ်လမ်းမျိုးလည်း ဆိုတာ အစအဆုံးပြောပြဖို့ ဒီအချိန်မှာခက်ပေမယ့် ဇာတ်လမ်းကတော့ ကျနော့်ဇာတ်လမ်းပါ။

မေး။  ။ ဒီကားကိုလည်း နိုင်ငံတကာမှာ ပြသသွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာကို ပြသတဲ့အခါ ထိုးဖောက်တဲ့အခါ မြန်မာပြည်ရဲ့ ဒါရိုက်တာတစ်ယောက်အတွက် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ နိုင်ငံတကာမှာ ပြသသွားမှာပါ။ စိန်ခေါ်မှာက ဘာတွေဖြစ်မလဲဆိုရင် အနုပညာ၊ အတတ်ပညာ၊ Quality၊  ဖြန့်ဖြူးမှု၊ Network တွေက ကျနော်တို့အတွက်  စိန်ခေါ်မှုတွေပါပဲ။

မေး။  ။ “ကယန်းအလှ” ဇာတ်ကားနဲ့ ဒီကားနဲ့က ဘယ်လိုကွာခြားမှုတွေရှိမလဲ။

ဖြေ။  ။ ကွာခြားမှုဆိုရင် ကယန်းအလှကတော့ တိုင်းရင်းသားယဉ်ကျေးမှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး၊ အခု မောင်ကြည်လင်ကတော့ မြန်မာ့နှလုံးသားကို ပြသမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ Quality ကွာခြားမှုကတော့ ၂၀၁၅ Quality ဖြစ်တဲ့အတွက် ရုပ်သံ Quality ကတော့ ကမ္ဘာ့စံချိန်မီ ဖြစ်ပါလိမ့်မယ်။

မေး။   ။ ရှေ့က ကယန်းအလှကို ပြသတုန်းကရော ဘယ်လို အတွေ့အကြုံ့၊ သင်ခန်းစာတွေ ရရှိခဲ့ပါလဲ။ အဲ့ဒီအတွက် ဒီဇာတ်ကားမှာရော ဘယ်လို ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ။  ။ ပြောရရင် ကယန်းအလှကို ရိုက်တုန်းက ဦးလတ်တို့ အခက်အခဲ အများကြီးရှိခဲ့ပါတယ်။ အဲဒီမှာ များပြားလှတဲ့ အခက်အခဲတွေကို ကြုံ့တွေ့ခဲ့ရတဲ့အတွက် အခုရိုက်ကူးမယ့် မောင်ကြည်လင်မှာတော့ ဒါတွေကို သင်ခန်းစာယူပြီးကျနော်တို့ အောင်မြင်စွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။




 မေး။  ။ ဇာတ်ကားတွေသာမက၊ ကြော်ငြာတွေမှာလည်း ဦးလတ်က သရုပ်ဆောင် အသစ်တွေကိုသာ အသုံးများ တယ်နော်။ အဲ့ဒါ ဘာကြောင့်ပါလဲ။

ဖြေ။  ။ ဘာကြောင့်လည်းဆိုရင် ဒါရိုက်တာ လိုချင်တဲ့ ပုံစံကို အစက အဆုံးအထိ ပုံသွင်းနိုင်တဲ့အတွက် လူသစ်၊ မျက်နှာသစ်တွေက အဆင်ပြေတယ်လေ။ ဒါကြောင့် ကျွန်တော် လူသစ်မျက်နှာသစ်တွေ သုံးတယ်ဆိုတာလေ။ လူဟောင်းတွေကို မသုံးဘူးမဟုတ်ဘူး။ သူတို့ဆိုရင် ကိုယ့်ကို အချိန်ပေးတာ နည်းတယ်။ ကိုယ်လိုချင်တဲ့ ပုံစံ ရအောင်ရိုက်ယူဖို့ သူတို့အချိန်မပေးနိုင်ဘူး။ လူသစ်တွေကျတော့ ကိုယ်လိုချင်တဲ့ ပုံစံရဖို့ တစ်နေ့ကုန်ရိုက်လည်း ရတယ်။ နောက်ဆုံး ကြိမ်လုံးနဲ့ ရိုက်ပြီးပြောရင်တောင် ရတယ်။

မေး။  ။ ဇာတ်ကားတွေ  အရိုက်နည်းပြီး တစ်ကားဆို တစ်ကား မြန်မာဆိုတာ ကမ္ဘာက သိစေနိုင်မယ့် ဇာတ်ကားတွေ၊  အနုပညာကိုပဲ ဦးစားပေးရိုက်ကူးချင်တဲ့ ဒါရိုက်တာတယောက်အနေနဲ့ ဒီလောကမှာ ရပ်တည်ချင်တာလား။ ဒီ့အပေါ် ဦးလတ်ရဲ့ ခံယူချက်က ဘယ်လိုရှိမလဲ။

ဖြေ။  ။ အဲဒီအပေါ်ကို ပြောရမယ်ဆိုရင် ကျနော်ခံယူချက်က ငွေက နည်းအမျိုးမျိုးနဲ့ ရှာလို့ ရပါတယ်။ ဒါပေမယ့် မြန်မာ့အနုပညာ နဲ့ ဂုဏ်သိက္ခာက လွယ်လွယ်နဲ့  မရနိုင်ပါဘူး ။ ဒါကြောင့်ပါ။

မေး။  ။ ဦးလတ်ရဲ့ ကြော်ငြာတွေမှာ နောက်ခံစကားပြော ၊ သီချင်းက အစ ဦးလတ်ရဲ့ အသံအဖြစ်ပါဝင်တာကို တွေ့ရပါတယ်။ အဲ့ဒါကရော။

ဖြေ။  ။ ဒါကတော့ ကျနော်ကို အလုပ်လာအပ်သူရဲ့ ဆန္ဒကြောင့်ပါ။

မေး။  ။ ဒါရိုက်တာအောင်ကိုလတ်အဖြစ် ရပ်တည်လာတာဟာ အနုပညာသက်တမ်းဘယ်လောက်ရှိပါပြီလဲ။ ရှေ့က ဦးလတ်ရဲ့ ဂီတလှုပ်ရှားမှုတွေ မပါဝင်ဘဲနဲ့ပေါ့။ ရိုက်ကူးရေးတစ်ခုမှာ ဒါရိုက်တာတစ်ယောက်ရဲ့နေရာ အရေးပါပုံ ကိုလည်း သိချင်ပါတယ်။

ဖြေ။  ။ ဒါရိုက်တာအဖြစ်နဲ့ပဲ ရပ်တည်လာတာဆိုရင် အခုဆိုရင်အနှစ်နှစ်ဆယ် နီးပါးရှိပါပြီ၊ ၂၀၀၅ခုနှစ် ကျနော်ဂျပန်နိုင်ငံက ပြန်လာပြီးကတည်းပေါ့။ ရိုက်ကူးရေးတစ်ခုမှာ ဒါရိုက်တာဟာ ရိုက်ကွင်းရဲ့ ဘုရင်ပါပဲ။ ဒါကြောင့်ကျနော် လူသစ်မျက်နှာသစ်တွေ သုံးတယ်ဆိုတာလေ။ နောက်ပိုင်း ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကြားမှာ ဒါရိုက်တာတွေ သြဇာမညောင်းတော့ဘူးလေ။ သရုပ်ဆောင်ပေါ် သြဇာညောင်းတဲ့ ဒါရိုက်တာဆိုတာ တကယ့်နာမည်ကြီးတဲ့ တယောက် နှစ်ယောက်လောက်ပဲ ရှိတော့တယ်။

မေး။  ။ ဦးလတ်ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ အခုနောက်ပိုင်းမှာ One Man Show လို တော်တော်များများ ပြုလုပ်လာကြတယ်။ ဦးလတ် ပါဝင်ကူညီတာတွေ့ရပေမယ့် ဦးလတ် တကိုယ်တော်ပွဲမျိုးရော ပြုလုပ်သွားဖို့ ဘယ်လို အစီအစဉ်ရှိမလဲရှင့်။

ဖြေ။  ။ ဟုတ်ပါတယ်။ ပွဲစီစဉ်တဲ့သူတွေကတော့ ကျွန်တော်ကို One Man Show လုပ်ခိုင်းနေပါတယ်။ အဲဒီအတွက် ကျနော်ကတော့ အချိန်ယူရပါလိမ့်ဦးမယ်။ အဲဒါကတော့ ဖြစ်နိုင်တာကတော့ ၂၀၁၆ ခုနှစ်အတွင်းမှာလုပ်ဖြစ်ဖို့ များပါ တယ်။ လုပ်ဖြစ်ရင်လည်း ကျနော် ရန်ကုန်နဲ့ မန္တလေးမှာ နှစ်နေရာခွဲပြီးလုပ်ဖြစ်မယ်။ ပွဲကိုလည်း သေချာစီစဉ်ဖြစ်ပြီး ကျနော်ဘက်ကလည်း လေ့ကျင့်မှုများနဲ့ အဆင်ပြေပြေပြီးအောင် ကြိုတင်ပြင်ဆင်ထားချင်ပါတယ်။

မေး။  ။ ဦးလတ်က စန္ဒီမြင့်လွင်လို လူငယ်ရက်ပ် အဆိုရှင်တွေနဲ့လည်း တွဲဖက်ပြီး အပေးယူမျှမျှ သီဆိုနိုင်တာလည်း တွေ့ရတယ်။ လူငယ်တွေအပေါ် ဦးလတ်ရဲ့ သဘောထား၊ အမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ။  ။ လူငယ်တွေဟာ အနာဂတ်ရဲ့ မျိုးဆက်တွေပါ။ ဒါကြောင့် သူတို့ကို အတတ်နိုင်ဆုံး ပံ့ပိုးပေးနိုင်ဖို့ ကျနော်ဘက်က ရည်ရွယ်ထားပါတယ်။ နောက်ပြီး ကလေးတွေအတွက် သရုပ်ဆောင်ပိုင်း၊ အနုပညာပိုင်းနဲ့ ဆိုင်တဲ့သင်တန်းတွေကိုလည်း ကျနော်ဖွင့်လှစ်ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မေး။  ။ ဦးလတ်ရဲ့ အလုပ်ချိန်တွေ ပြင်ပက Life style ကိုလည်း သိချင်ပါတယ်။

ဖြေ။  ။ အလုပ်မရှိတဲ့နေ့တွေမှာ ကျွန်တော် Life style က ခရီးထွက်တာ၊ ကလေးတွေနဲ့ ဆော့ကစားတာ၊ ဂီတာတီး၊ ပန်းချီဆွဲ၊ အဲဒါတွေကိုပဲ လုပ်ဖြစ်ပါတယ်။ ခရီးထွက်တာလည်း ပြည်တွင်းမှာမဟုတ်ဘူး။ ပြည်ပခရီးတွေလည်း ဆိုလိုတာပေါ့။ ပြည်ပခရီးဆိုရင် ကျနော်တို့ အနုပညာသမားတွေအတွက် အတတ်ပညာပိုင်းဆိုင်ရာတွေကိုလည်း လေ့လာနိုင်တယ်။

မေး။  ။ အလုပ်နဲ့ ပတ်သက်လာရင် ဦးလတ်က ဘယ်လိုလူမျိုးတစ်ယောက်ဖြစ်မလဲ။ ဦးလတ်ရဲ့ ပုံစံက ဘယ်လိုရှိမလဲ။

ဖြေ။   ။ အလုပ်ခွင်မှာဆိုရင် ကျနော်က တိကျမှန်ကန်တဲ့ပုံစံ၊ နောက် ပွင့်လင်းပြီး မိတ်ဆွေဆန်တဲ့ ဖခင်တစ်ယောက် ပုံစံပါပဲ။ အလုပ်လုပ်တဲ့အခါ တစ်ဦးကောင်းတစ်ယောက်ကောင်းလည်း ရှိမယ်။ အဓိက Team Work  ကလည်း အရေးကြီးတယ်။ နောက်ပြီး ကျနော်ဟာ Team Leader တစ်ယောက်ဖြစ်ချင်တယ်။ ကျနော်ဟာ စီးပွားရေး လုပ်ငန်းရှင် ငွေရေးကြေးရေးကိုကြည့်တဲ့ Boss ဆိုတာထက် အလုပ်မှာ Team Leader တစ်ယောက်အဖြစ်လုပ်တယ်။

မေး။  ။ ဦးလတ်ရဲ့ ဖေဖေဟာလည်း ဦးလတ်ရဲ့ Hero တစ်ယောက်ဖြစ်ပြီး ပန်းချီဆရာကြီးတစ်ယောက်လို့ သိရပါတယ်။ အဖေဆိုတာနဲ့ ပတ်သတ်တဲ့ အမှတ်တရ ၊ အဖေရဲ့ လမ်းပြမှုတွေကို ဦးလတ်ရဲ့ဘ၀တစ်လျှောက်လုံးမှာ ဘယ်လို အလေးထားတယ် ဆိုတဲ့ အပိုင်းကိုလည်း သိချင်ပါတယ်။

ဖြေ။  ။ အဖေဟာ ကျနော်ဘ၀တစ်လျှောက်လုံးရဲ့ ဆရာဖြစ်ခဲ့ပါတယ် ။အဖေက ကျနော်ကို အနုပညာကို ချစ်တတ်အောင် သင်ပေးခဲ့ပါတယ်။ အရာရာတိုင်းကို ပန်းချီကားတစ်ချပ်လို မွမ်းမံတတ်အောင် သင်ကြား ပေးခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကျနော့်အတွက် Hero ပါပဲ။ ဒီလိုပဲ ကျနော်သားသမီးအလှည့်မှာလည်း ဘာကြီးဖြစ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာထက် သူတို့လုပ်တဲ့အလုပ်မှာ ထူးချွန်အောင်၊ လမ်းကြောင်းမှန်အောင်ပဲ ကျနော် ချပေးမယ်။ အတင်းအကျပ်ဘာမှ မလုပ်ခိုင်းဘူး။

မေး။   ။ အနုပညာနဲ့ ပတ်သက်ပြီး ဦးလတ်လုပ်ချင်ပေမယ့် အကောင်အထည်မဖော်ရသေးတာ၊ မလုပ်ဖြစ်သေးတာရော ရှိပါလား။ ရှိရင် ပြောပြပေးပါရှင့်။

ဖြေ။  ။ ဒါဆိုရင်တော့ အနုပညာနတ်သမီးနဲ့တွေ့ဖို့ မျှော်လင့်နေပါတယ်။ အနုပညာနတ်သမီးဆိုတာက ကျွန်တော်တို့ အနုပညာသမားတွေကို စောင့်ရှောက်တဲ့ နတ်သမီးရှိတယ်ဆိုရင် အဲဒီနတ်သမီးကို ဆိုလိုတာပါ။

မေး။  ။ ၂၀၁၅ခုနှစ်အတွင်း ဦးလတ်ရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေကို သိချင်ပါတယ်။ လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်လို့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ။  ။ ၂၀၁၅ခုနှစ်အတွင်းမှာ ကျွန်တော် TV ကြော်ငြာတွေ၊ ရုပ်ရှင်ကားတွေနဲ့ Documentary တွေ ရိုက်ကူးသွားမှာပါ။ Documentary ဆိုတာက ရိုက်ကူးတဲ့အခါ အချိန်၊ အိုင်ဒီယာလည်း လိုတယ်လေ။ အဲဒီအတွက် ကျွန်တော်စဉ်းစားပြီး ရိုက်ကူးဖြစ်တဲ့အခါမှသာ မီဒီယာကို ချပြပြီး ပရိသတ်ကို အသိပေးတာ အကောင်းဆုံးလို့ ထင်ပါတယ်။ လောလောဆယ် ကျနော် အဲဒီ ရုပ်ရှင်အတွက် Schedule တွေဆွဲနေတယ်။

 မေး။  ။ “နေရယ် လရယ် အမှန်တရားရယ်” ရုပ်သံစီးရီး အကြောင်းလည်း ပြောပြပေးပါဦး။ ရုပ်သံကြော်ငြာတွေမှာ ပရိသတ်ရှိပြီးသူမို့ ရုပ်သံစီးရီးကို ရိုက်ကူးဖြစ်တာလား။ ဦးအောင်ကိုလတ်ရဲ့ Taste က ဘာပါလဲ။

ဖြေ။  ။ ဒါက ပထမဆုံးရုပ်သံဇာတ်လမ်းတွဲပါ။ နိုင်ငံတော်အတွက် ဥပဒေအထောက်အကူဖြစ်နိုင်မယ့် ရုပ်သံ ဇာတ်လမ်းတွဲတွေမို့လို့ ကျနော်တို့ အားလုံးအတွက် အိုင်ဒီယာများ ရနိုင်ပါတယ်။

 မေး။  ။ လက်ရှိ ပြသပြီး ပြသဆဲ မြန်မာ ရုပ်သံဇာတ်လမ်းတွေအပေါ် အမြင်ကိုလည်း ပြောပြပေးပါဦး။

ဖြေ။  ။ ဇာတ်လမ်းတွေက ကောင်းပါတယ်။ ဒါပေမယ့် အချစ်ဇာတ်လမ်းတွေများနေပါတယ်။

 မေး။  ။ ဒါရိုက်တာ အတော်များများက မြန်မာ့ရုပ်ရှင်ရဲ့ အားနည်းရခြင်းအကြောင်းကို ပြောရင် ငွေကြေးအရင်းအနှီးနဲ့ နည်းပညာအကြောင်းကိုပဲ လက်ညှိုးထိုးကြတာများကြတယ်။ တခြားအချက်တွေကြောင့်ရော မဖြစ်နိုင်ဘူးလား။ ဦးရဲ့ အမြင်ကရော ဘယ်လိုရှိမလဲ။

ဖြေ။  ။ အဲဒီအပေါ်ကို ပြောရရင် နည်းပညာက သင်ရင်ရပါတယ်။ ငွေရေးကြေးရေးကျတော့ အိမ်မက်တူတဲ့ လူနဲ့ပူးပေါင်းရပါတယ်။ အဓိက ကတော့ အဲဒီအိမ်မက်ကို အကောင်အထည်ဖော်ဖို့ပါပဲ။


ယုမွန်ကျော်



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved