ဆေးနဲ့ကြပ်စည်းထားတဲ့ ဘုန်းတော်ကြီး ရုပ်ကလာပ် ပြန်လွန်တော်မမူသေးဟု ယူဆနေကြ

Monday, February 9, 2015



photo - The Siberian Times

 မွန်ဂိုလီးယားနိုင်ငံရဲ့ မြောက်-အလယ်ပိုင်းဒေသမှာ တိရိစ္ဆာန်အရေခွံနဲ့ထုပ်ပိုးထားတဲ့ အနေအထားအတိုင်းတွေ့ရတဲ့ ဘုန်းတော်ကြီးတပါးရဲ့ ရုပ်ကလာပ်ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ တွေ့ရှိခဲ့ရပြီး တွေ့ရှိသူများမှာ အလွန်တရာ အံသြခဲ့ကြပါတယ်။

အဲ့ဒီ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို မပုပ်မသိုးစေဖို့ ဆေးနဲ့ ကျပ်စည်းထားတာပါ။

အဆိုပါ ဘုန်းတော်ကြီးဟာ တင်ပျဉ်ခွေ ကမ္မဌာန်းထိုင်လျက်ပုံ အနေအထား ရှိနေပြီး ဈာန်ဝင်စားစွာ တရားမှတ်နေခြင်းဖြစ်ကာ ပြန်လွန်တော်မူနေခြင်းမဟုတ်ဘူးလို့  ဗုဒ္ဓဘာသာဝင် တစ်ဦးက ဆိုထားပါတယ်။

ဘုန်းတော်ကြီးကို ဘယ်လို နည်းလမ်းတွေ အသုံးပြုလို့ မပုပ်မသိုး မပျက်ဆီးအောင် ကြပ်စည်းထိန်းသိမ်းထားတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက မသိသေးပေမယ့်လည်း မွန်ဂိုလီယားနိုင်ငံရဲ့ အေးတဲ့ ရာသီဥတုကြောင့် မပုပ်မပျက်ဘဲရှိနေခြင်း ဖြစ်နိုင်တယ်လို့ တချို့က ယူဆနေကြပါတယ်။

တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ကာဇင် ဆိုသူကတော့ ဘုန်းတော်ကြီးဟာ “Tukdam” လို့ခေါ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ တရားရှုမှတ်နေတဲ့ အခြေအနေကို ရောက်ရှိနေတာပါလို့ ဆိုင်ဘီးရီးယမ်း သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။

“အကယ်လို့သာ တရားမှတ်တဲ့သူဟာ ဒီတရားရှုမှတ်တဲ့ အခြေအနေအတိုင်း ဆက်လက် ရှိနေနိုင်ခဲ့မယ်ဆိုရင် သူဟာ ဗုဒ္ဓဘုရားရှင် ဖြစ်လာနိုင်ပါတယ်”လို့ ဒေါက်တာ ကာဇင်က ဆိုထားပါသေးတယ်။

ဒီ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မှောင်ခိုဈေးကွက်မှာရောင်းချဖို့ ခိုးယူခဲ့သူတစ်ဦးဆီကနေ ပြန်လည် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
မွန်ဂိုလီးယား ရဲအရာရှိများဟာ ခိုးယူသူအား ဖမ်းဆီးခဲ့ပြီး ယခုအချိန်မှာတော့ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို အမျိုးသားမှုခင်းဆေးပညာ ကျွမ်းကျင်ဌာနကနေ စောင့်ရှောက်ထားတာပါ။

ဘုန်းတော်ကြီးဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မပြောနိုင်သေးပေမယ့် တစ်ချိန်က တွေ့ရှိခဲ့တဲ့ မပုပ်မပျက်အောင် ဆေးကျပ်စည်းထားသော ဘုန်းတော်ကြီး လာမာဒက်ရှိဒေါဇိုတီဂီလော့ဖ် ရဲ့ ဆရာတစ်ဦးဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။





(၁၉၂၇)ခုနှစ်တုန်းက ရုရှားနိုင်ငံ ဘာရားရှားမှ ဘုန်းတော်ကြီး တီဂီလော့ဖ်မှ သူ့ရဲ့ တပည့်များအား သူပြန်လွန်တော်မူတဲ့အခါ ရုပ်ကလာပ်ကို မြေမြုပ်ခြင်းမပြုဘဲ မည်ကဲ့သို့ ပြန်လွန်တော်မူသွားကြောင်း ဆန်းစစ်နိုင်ရန် အနှစ်(၃၀) တိုင် သိမ်းဆည်းထားရှိရမည်လို့ မှာကြားခဲ့ဖူးပါတယ်။ ၄င်းဘုန်းတော်ကြီးလည်းပဲ ကမ္မဌာန်းထိုင်လျက် တရားရှုမှတ်နေသော ခန္ဓာကိုယ် အနေအထားပုံစံနဲ့ ပြန်လွန်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို ပြန်လည်တူးဖော်ကြတဲ့အခါ မပုပ်မသိုး မပျက်ဆီးဘဲ ရှိနေကြောင်းတွေ့ရှိခဲ့ရပါတယ်။

ဆိုဗီယက်အစိုးရအနေနဲ့ ၀င်ရောက်စွက်ဖက်မှာကို စိုးရိမ်တဲ့အတွက် ဘုန်းတော်ကြီးရဲ့ နောက်လိုက် တပည့်များဟာ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို မြေမြှုပ် သဂြိုဟ်ခဲ့ပြီး (၂၀၀၂)ခုနှစ်မှာပြုလုပ်တဲ့ အခမ်းအနား တစ်ခုအတွက် ပြန်လည်ဖော်ထုတ်ခဲ့ရာမှာ အဲ့ဒီအချိန်ထိတိုင် ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ဟာ မပုပ်မသိုးမပျက်ဆီးဘဲ ရှိနေတာကို တွေ့ခဲ့ရပါသေးတယ်။ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို အမြဲ ဖူးမြော်နိုင်ဖို့အတွက် ဘုရားကျောင်းဗိမာန်တော်တစ်ခုအတွင်းမှာ တည်ထားခဲ့ပါတယ်။


ခင်အေးမြလွင်


ကိုးကားသတင်း။ ။ http://www.bbc.com/news/world-asia-31125338

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved