စိတ်ဓာတ်ခိုင်မာသူတဦးအတွက် ရလဒ်ကောင်း

Friday, February 6, 2015


photo - abcnews.go.com

 ဒီထရိုက် ကောလိပ်မှ အသက် (၁၉)နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ အီဗင်လက်ဒီ တစ်ယောက်ဟာ မစ်ချီဂန်နယ် ရော့ချက်စ်တာဟေးစ်မှာနေထိုင်တဲ့ အသက် (၅၆)နှစ်အရွယ် စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ ဂျိမ်းစ် ရော်ဘတ်စန်ရဲ့တစ်နေ့ကို (၂၁)မိုင် လမ်းလျှောက်ပြီး အလုပ်ကို အသွားအပြန်လုပ်နေတဲ့ အကြောင်းကို ဖေ့စ်ဘွတ် လူမှုစာမျက်နှာကတဆင့် ဖက်ရှုလိုက်ရပါတော့တယ်။

“ကျွန်တော်တို့ ကျောင်းကိုလမ်းလျှောက်သွားသလိုမျိုး သူကလည်းအလုပ်ကိုလမ်းလျှောက်သွားတယ် ဆိုပေမယ့် ကျွန်တော့်အတွက်တော့ လုံးဝမယုံနိုင်စရာပါပဲ။ တကယ်လို့ ကျွန်တော့ကား လမ်းမှာ ပျက်သွားရင်ဘယ်လိုဖြစ်မလဲ၊ ပြီးတော့ ကျွန်တော့်မှာ မိဘတွေရှိသေးတယ်၊ ပိုက်ဆံရှိလို့ အူဗာဆိုတဲ့ အွန်လိုင်းကနေ၀န်ဆောင်မှုပေးနေတဲ့ ကားကုမ္ပဏီက မိမိနှစ်သက်ရာကားကို ငှားစီးနိုင်ပေမယ့် ဒီလူကြီးကတော့ဗျာ သူ့မှာဒါတွေ ဘာမှမရှိတာတောင် ဘ၀ကိုအရှုံးမပေးဘူး”လို့ လက်ဒီက အေဘီစီ သတင်းဌာနကို ပြောပြထားပါတယ်။

လက်ဒီဟာ ဒီထရိုက်မြို့ သတင်းဌာနတစ်ခုကနေ ရော်ဘတ်စန်ရဲ့အကြောင်းကိုဖတ်မိပြီး တခြား လူတွေကလည်းကူညီဖို့ အသင့်ရှိနေကြောင်းကော်မန့်တွေထဲမှာဖတ်ရှုလိုက်ရတာနဲ့ သူနဲ့ တစ်ခါမှမသိခဲ့ဖူးတဲ့ လူစိမ်းတစ်ဦးဖြစ်တဲ့ ရော်ဘတ်စန်အတွက် GoFundMe ဆိုတဲ့ လူမှုရေး အင်တာနက်စာမျက်နှာကိုသွားပြီး ရောဘတ်စန်ကို ကူညီဖို့အကြောင်း မိနစ်အနည်းငယ်အတွင်းမှာပဲ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးသားတင်ပြခဲ့ပါတယ်။

“အစကတော့ ရော်ဘတ်စန်အတွက် ဘတ်စ်ကားခ၊ အငှားကားအဖြစ် ဒေါ်လာ (၅၀၀၀) လောက် ရရှိဖို့ ရည်ရွယ်ခဲ့ပေမယ့် ကျွန်တော် ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်ပြီး ပြန်ကြည့်လိုက်ချိန် မှာတော့ (၂)နာရီအတွင်းလောက်မှာပဲဒေါ်လာ (၂၀၀၀) အလှူကို ရရှိခဲ့တာကိုတွေ့လိုက်ရတယ်”လို့ လက်ဒီက ဆိုထားပါတယ်။

“(၄)နာရီအတွင်းမှာ ဒေါ်လာ (၁)သောင်းကျော် ရရှိနေခဲ့ပြီး တနေ့တာလုံးဆိုရင်တော့ ဒေါ်လာ (၃)သောင်းကျော် အလှူရရှိနေခဲ့ပါပြီ၊ အခုဆိုရင်တော့ အလှူငွေ ဒေါ်လာ (၅)သောင်းကျော် ရရှိနေပါပြီ”လို့လည်း ဆိုထားပါသေးတယ်။

ဒါ့အပြင် ရော်ဘတ်စန်ကို ကားတစ်စီး လှူတန်းလိုတဲ့အတွက် ဟွန်ဒါကုမ္ပဏီရဲ့ ကော်ပိုရိတ် ရုံးခန်း ကလည်း လက်ဒီကို ဆက်သွယ်လာပြီး ဒေသခံ ရော်ဂျာချက်ဗလေး ကားအရောင်း ကိုယ်စားလှယ် ကုမ္ပဏီကလည်း ရောဘတ်စန်အတွက် ကားတစ်စီး လှူဖို့ ကမ်းလှမ်းထားပြီဖြစ်ကြောင်း အသိ ပေးခဲ့တယ်လို့ လက်ဒီက ပြောကြားထားပါတယ်။

“ကျွန်မတို့အနေနဲ့ ရော်ဘတ်စန်ကို ကူညီဖို့အသင့်ရှိနေပြီး သူ့ဆီကိုအခုပဲပေးပို့လိုက်ချင်ပါတယ်၊ သူ့ရဲ့ အကြောင်းလေးက ကျွန်မတို့ မိသားစုတွေရဲ့ စိတ်နှလုံးတွေကို တကယ်ပဲ ထိတွေ့ခဲ့တယ်” လို့ ရော်ဂျာကုမ္ပဏီရဲ့ ကျွမ်းကျင်ဝန်ထမ်းဖြစ်တဲ့ အင်ဂျလာ အော့စ်ဘောန် က အေဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ရော်ဘတ်စန်နဲ့ ရင်းနှီးသူတစ်ဦးဖြစ်သူ၊ ယူဘီအက်စ် ကုမ္ပဏီရဲ့ ဥစ္စာပစ္စည်းစီမံခန့်ခွဲရေး ဒု ဥက္ကဌ တဘလိတ်ခ် ပူးလော့ ကတော့ အရေးပေးခံရမှုနဲ့အတူရရှိလာခဲ့တဲ့ အလှူငွေတွေကြောင့် ရော်ဘတ်စန်တစ်ယောက် အလွန်အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပူးလော့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပင် ရော်ဘတ်စန်တစ်ယောက် အဝေးကြီးကနေ အလုပ်ကို လမ်းလျှောက်လာနေရတာကို စတင်သတိထားမိပြီးလွန်ခဲ့တဲ့ (၂)နှစ်ကတော့ ပူးလော့ရဲ့ ရုံးခန်းရှေ့ကားရပ်နားရာနေရာကို ဖြတ်လျှောက်သွားတဲ့ ရော်ဘတ်စန်ကို ပူးလော့က စတင် မိတ်ဆွေ ဖွဲ့ခဲ့ပါတယ်။

ရော်ဘတ်စန်ဟာ တစ်နာရီ (၁၀)ဒေါ်လာ (၅၅) ဆင့်နှုန်းနဲ့ နေ့လည် (၂)နာရီကနေ ည (၁၀)နာရီ အတွင်းလုပ်ရတဲ့ စက်ရုံအလုပ်ကိုလုပ်ဖို့အတွက်  နေ့စဉ် မနက်တိုင်း အိမ်ကနေ မနက်စောစော ထွက်လာရပြီး အလုပ်ကို ရောက်ရှိဖို့အတွက် နေ့စဉ် မိုင် (၂၀)နီးပါးလမ်းလျှောက်လာရတာပါ။  
အလုပ်ကနေ အိမ်ကိုပြန်ချိန် ညဖက်မှာတော့ သူ့အိမ်ဖက်ကိုပြန်တဲ့ ဘတ်စ်ကားလိုင်းတွေ မရှိတော့တာကြောင့် အလာထက် အပြန်ကိုပိုပြီး လမ်းလျှောက်ရပါသေးတယ်လို့ ပူးလော့က ရော်ဘတ်စန်အကြောင်းကို အေဘီစီသတင်းဌာနအား ပြောပြခဲ့ပါတယ်။

ပူးလော့က ရော်ဘတ်စန်ကို “ နောက်တစ်ခါ ငါမင်းကိုတွေ့ရင် ကားကြုံလိုက်စီးဖို့ ခေါ်မယ်လို့ ပြောခဲ့တယ်။ နောက်လပိုင်းအနည်းငယ်မှာပဲ ဘဏ်ရှေ့နားမှာ ရပ်နေတဲ့ သူ့ကိုတွေ့တာနဲ့ ကျွန်တော် သူ့ကိုကားကြုံတင်ခေါ်ခဲ့တယ်”လို့ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောခဲ့တာပါ။

ပူးလော့က ရော်ဘတ်စန်ကို ဒီနှစ်တွေအတွင်းမှာပဲ အကြိမ်(၁၀၀)ထက် မနည်းကားကြုံခေါ်ခဲ့ပြီး ညဖက်မှာရော်ဘတ်စန်တစ်ယောက် ဘေးကင်းစွာ ပြန်ရောက်ရဲ့လားလို့ ညဖက်ထွက်ကြည့်မိပါတယ်၊ “ကျွန်တော်ကတော့ ကျွန်တော့ အိမ်ထဲမှာနွေးနွေးထွေးထွေးထိုင်နေရချိန်မှာရော်ဘတ်စန်တစ်ယောက် အိမ်ပြန်ရောက်ဖို့ နောက်ထပ် (၅)မိုင်လောက် လမ်းလျှောက်နေရပါသေးတယ်”လို့ အမှတ်တရ ပြောဆိုပါသေးတယ်။

ပူးလော့ဟာ သူ့ရဲ့ အခြားသူငယ်ချင်းတွေ သူနဲ့ကားကြုံလိုက်တိုင်း ရော်ဘတ်စန် လျှောက်တဲ့ လမ်းတွေကိုလိုက်ပြကာ နိစ္စဒူဝ အဝေးကြီးကနေ လမ်းလျှောက်ပြီး အလုပ်လာရတဲ့ ရောဘတ်စန် အကြောင်း ပြောပြတော့ သူတို့တတွေ မယုံနိုင်အောင်ဖြစ်မိကြတယ်။ ပူးလော့အတွက် ပိုပြီး အံ့သြရတဲ့အကြောင်းကတော့ ခုထိအေဘီစီသတင်းဌာနက ရော်ဘတ်စန်ရှိတဲ့နေရာကို အရောက် မသွားနိုင်သေးတာပါပဲ။

“ကျနော်တော့ အလုပ်မလုပ်တဲ့ သူတွေ၊ အလုပ်လုပ်ဖို့ မစဉ်းစားတဲ့သူတွေကိုအံ့သြလို့မဆုံးဘူး” လို့ ရော်ဘတ်စန်က ပြောဖူးတယ်။  မိုးပဲရွာရွာ၊ ရာသီဥတုဘယ်လိုပဲ အေးအေး သူကတော့ စိတ်ဓါတ်ကို မကျဘူး၊ ဘယ်အချိန် ကျွန်တော့ကို တွေ့တွေ့ ‘ဟိုင်း..မစ္စတာဘလိတ်’ လို့ အမြဲ နှုတ်ဆက်သွားလေ့ ရှိတယ်”လို့  ပူးလော့က ရော်ဘတ်ဆန်အကြောင်းကို သတိတရနဲ့ ပြောဆိုပါတယ်။

“ရောဘတ်စန်အနေနဲ့ ဒီထက်ပိုကောင်းတဲ့ အခြေအနေကိုခံစားသင့်ပါတယ်၊ ပြီးတော့ မိုင်(၂၀)ကျော်လောက်လည်းလမ်းမလျှောက်သင့်ပါဘူး။ ကျွန်တော်တို့က သူ့ဘ၀ကို ပြောင်းလဲအောင်လုပ်မှာမဟုတ်ပါဘူး၊ သူ့ဘ၀ကို ပိုမြင့်မားအောင်ပဲလုပ်ပေးချင်တာပါ” လို့ ပူးလော့က ထပ်လောင်းပြောဆိုပါတယ်။

ရံပုံငွေရှာပေးတဲ့ အစီအစဉ်ကိုစတင်ခဲ့တဲ့ လက်ဒီကလည်း ပူးလော့နဲ့ အတူ ဒီထရိုက်မြို့မှာ ရော်ဘတ်စန်နဲ့ သွားရောက်တွေ့ဆုံဖို့ ရည်ရွယ်ထားပါသေးတယ်။

“ကျွန်တော့်ရည်ရွယ်ချက်ကတော့ ရော်ဘတ်စန်ကိုဘယ်လိုပဲ ဖြစ်ဖြစ် ကူညီပေးဖို့ပါ” လို့ လက်ဒီကဆိုထားပြီး GoFundMe မှတာဝန်ရှိသူတွေကလည်း ရော်ဘတ်စန်ရဲ့ လက်ထဲကို အလှူငွေတွေ အားလုံးရာနှုန်းပြည့်နဲ့ တိုက်ရိုက်ရောက်ရှိသွားဖို့ ရော်ဘတ်စန်ကို ဆက်သွယ်ပြီး ဖြစ်ကြောင်း၊ ဒီလိုအကူအညီပေးခြင်းဟာ သူ့ရဲ့ဘ၀ကို တကယ်ပြောင်းလဲသွားစေမှာ ဖြစ်ကြောင်း လည်းဖော်ပြထားပါတယ်။

“ကျွန်တော်ကတော့ သူတကယ် ဘာတွေလိုအပ်နေတာလဲသိဖို့ ရော်ဘတ်စန်နဲ့ အရင်တွေ့ပြီး စကားပြောချင်ပါသေးတယ်၊ ဒီအလှူငွေတွေက ကျွန်တော့် ပိုက်ဆံတွေမဟုတ်သလို၊ ရွေးချယ်မှု ကလည်းသူနဲ့ပဲဆိုင်ပါတယ်။ ကျွန်တော်ကအကူအညီဖြစ်မြောက်ဖို့အတွက် ကြားဝင် ပံ့ပိုးပေးသူသက်သက်ပါ”လို့ လက်ဒီကဆိုထားပါတယ်။

ဒီသတင်းလေးကိုဖတ်ရှုပြီး ဧရာဝတီဘလော့ဂ်ပရိတ်သတ်တွေအနေနဲ့ လူသားချင်း တဦးကိုတဦး စာနာနားလည်မှု၊ ကိုယ်ချင်းစာမှု၊ ဖေးမမှု၊ သူတပါးရဲ့ ဇွဲ လုံ့လ ၀ီရိယကို အသိအမှတ်ပြုအားပေးမှု စတဲ့ သဘောတရားတွေကို နားလည်သဘောပေါက်ခံစားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ မနက်မိုးလင်းကစလို့ ညမိုးချုပ်တဲ့အထိ မပြည့်စုံမှုတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရလို့ လောဘ၊ ဒေါသ၊ မောဟ အပူမီးတွေ တောက်လောက်နေတဲ့ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့လည်း မပြည့်စုံခြင်းထဲက စိတ်ဓာတ်ခွန်အား ပြည့်စုံခြင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး တဦးကိုတဦး စာနာနားလည် ကိုယ်ချင်းစာမှုတွေနဲ့ ရှေ့ဆက်လှမ်းပြီး သွားနိုင်ကြမယ်လို့ မျှော်လင့်မိပါတော့တယ်။ 


လုဒိ


ကိုးကားသတင်း။ ။ http://abcnews.go.com/US/flood-donations-michigan-man-james-robertson-21-mile/story?id=28670981

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved