သံဃာအချင်းချင်း အချင်းများရာက ဓားထိုးမှုဖြစ်

Friday, February 6, 2015


ဓါးထိုးခံရတဲ့ ကန်ဖျားကျောင်းတိုက်က ကိုရင်ခန္ဓီစာရ ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ( ဓာတ်ပုံများ - Ko Zaw Gyi Facebook )

 ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ည ၉ နာရီခန့်က ပြည်မြို့ ရွာဘဲရပ်ကွက် ကန်ဘောင်လမ်းရှိ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတဲ့ သံဃာအချင်းချင်း အချင်းများကြရာက ဓားထိုးမှုဖြစ်ပွားခဲ့ပါတယ်။

ဓါးထိုးခံရသူမှာ အသက် (၂၀) ခန့်ရှိတဲ့ ကိုရင်ခန္ဓီစာရဖြစ်ပြီး၊ သူနဲ့ အချင်းများတဲ့ သံဃာ ၂ ပါးကတော့ အသက် (၃၀) အရွယ် မကွေးတိုင်း၊ ကံမမြို့နယ်နဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှ လာရောက်တဲ့ ဧည့်သည် အာဂန္တု  ဥပဇ္ဈင်းတွေ ဖြစ်ကြောင်းသိရပါတယ်။

ဓါးနဲ့ထိုးခဲ့တဲ့ သံဃာတပါးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး၊ ၎င်းနှင့်အတူလိုက်ပါလာတဲ့ သံဃာတပါးကိုတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့နိုင်ပြီး သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နဲ့ တိုင်းဒေသကြီး သာသနာရေး ရုံးခွဲမှ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အဲ့ဒီဖြစ်စဉ်မှာ အစအဆုံး ပါဝင်ကူညီပေးခဲ့သူ ရပ်မိရပ်ဖ တဦးကဆိုပါတယ်။

သူက “ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်ရင်း စကားများကြတာ၊ ဓါးနဲ့ထိုးတဲ့ ကိုယ်တော်က အရင်ဒီ ကွမ်းယာဆိုင်နားက ကန်တွင်းကျောင်းနဲ့ ကန်ဖျားကျောင်းတွေမှာ သတင်းသုံးခဲ့ဖူးတယ်။ အဲ့ဒီ ဥပဇ္ဈင်းကို ကျောင်းတိုက် ၂ ခုလုံးက နှင်ထားတာ။ အခုမှ ဘယ်ကဘယ်လို ပြန်ပေါ်လာပြီး ရောက်လာတယ်မသိဘူး။ သူမှာပါလာတဲ့ ဓါးနဲ့ထိုးတာ အဲဒီကိုယ်တော်ကတော့ လွတ်သွားတယ်။ သူနဲ့ပါလာတဲ့ ဥပဇ္ဈင်းကတော့ မိတယ်။ အရက်ဆော်တွေလည်း နံဆော်နေတာပဲ” လို့ ပြောပါတယ်။

“ အဖမ်းခံရတဲ့ ဥပဇ္ဈင်းနဲ့ ကိုရင် လုံးထွေးသတ်ပုတ်နေတဲ့အချိန်၊ လွတ်သွားတဲ့ ဥပဇ္ဈင်းက နောက်ကနေ ဓါးနဲ့ထိုးတာ၊ မလုပ်ဖို့ ကွမ်းယာဆိုင်က မိန်းမက တားတာ ဘယ်လိုမှတားမရတာ။ အဲဒီအတိုင်း ရဲစခန်းမှာ ကျနော်တို့ရှေ့မှာ ထွက်ချက်ပေးထားတယ်။” ဟု သူက ဆက်ပြောပါတယ်။




ဓါးနဲ့ထိုးပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ သံဃာမှာ မြန်အောင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ၊ ထန်းသုံးပင် ကျောင်းတိုက်တွင် သတင်းသုံးနေထိုင်သည့် ဥပဇ္ဈင်း ဦးကေလာသဖြစ်ကာ ၎င်းအား သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) အပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၄ (နာကျင်စေမှု/ ဓါးထိုးမှု)ဖြင့် ပြည်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ သံဃာကတော့ မကွေးတိုင်း၊ ကံမမြို့နယ်၊ ရှားစီးဘိုကျောင်းတိုက်တွင် သတင်းသုံးနေထိုင်သည့် ဦးကောသလ္လဖြစ်ပြီး၊ သာသနာတော် ထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့ရှေ့တွင် လူဝတ်လဲကာ သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ပဲခူးတိုင်းဒေသကြီးသာသနာရေးရုံးခွဲ မှတ်တမ်းများ အရ သိရပါတယ်။

ဓါးဒဏ်ရာဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရတဲ့ သံဃာမှာ (အဆိုပါကွမ်းယာဆိုင်အနီးက) ကန်ဖျားတိုက်တွင် သတင်းသုံးနေထိုင်နေတဲ့ ကိုရင်ခန္ဓီစာရဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးမှာ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved